ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖကို တရားစွဲထားသည့် မြန်မာနိုင်ငံ ထောက်လှမ်ရေး ရဲတပ်ဖွဲ့၏ တိုင်ချက်ပါ အချက်အလက်များမှာ မှားယွင်းနေသည် ဟု သတင်း ရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို AA စစ်ဦးစီးချုပ် ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့၏ ရှေ့ နေ ဦးအောင်ကျော်စိန်က ပြောဆိုခြင်း ဖြစ်သည်။
ဦးအောင်ကျော်စိန် က “ကျနော်က တရားရုံးမှာ တင်ထားတဲ့ အချက်အလက်နဲ့ ပြောတာ။ တခြား အလွတ်ပြောတာ မဟုတ်ဘူး။ တရားရုံးမှာ စွဲတာက ၈ ရက်နေ့ စွဲတယ်။ ၈ ရက်နေ့ နောက်ပိုင်းမှာ စွဲတယ် ဆိုရင်တော့ ဟုတ်တယ်။ တရားခံပြေးနဲ့ ဆက်သွယ်တယ်လို့ သဘာဝ ကျတယ်။ အခုက ပြီးခဲ့တဲ့ ၂၈ ရက် ၈ လဆို တရားခံလည်း မပြေးသေး ဘူးလေ။ ရက်စွဲတွေနဲ့ ထောက်ပြတာပါ” ဟု ပြောသည်။
ကိုကျော်နိုင်နှင့် မမိုးနှင်းဖြူ တို့မှာ လက်နက်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသည့် AA တပ်ဖွဲ့ဝင် မောင်မောင်စိုးကို ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် တွေ့ဆုံခြင်း၊ အတူသွားလာခြင်းနှင့် ထိုင်းဘတ်ငွေ ၂၀၀၀ ပေးခဲ့ခြင်း တို့ကြောင့် အကြမ်းဖက်သမားကို ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် မြန်မာနိုင်ငံ၊ သတင်း ရဲတပ်ဖွဲ့၏ တရားစွဲဆိုခြင်း ခံထားရသည်။
မြန်မာနိုင်ငံ၊ ထောက်လှမ်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်က တရားလို ပြုလုပ်ကာ တိုင်ကြားထားသည့် တိုင်ချက်တွင် ကိုကျော်နိုင်သည် ဝရမ်းပြေး မောင်မောင်စိုးကို အကြမ်းဖက်သမား၊ ဝရမ်းပြေးမှန်း သိလျက်နှင့် ထိုင်း၊ လာအိုနိုင်ငံ တို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်၂၈ ရက်က အတူသွားလာကာ ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ပါရှိသည်။
မောင်မောင်စိုးမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်း AA မှ သိမ်း ဆည်းထားသည့် စစ်သုံးပစ္စည်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိသည့် အမှုတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ် သည်။
မောင်မောင်စိုးကို ဝရမ်းပြေး အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်မှသာ မန္တလေးတိုင်းဒေသကြီး၊ ခရိုင်တရား ရုံးက ကြေညာထားခြင်း ဖြစ်သည်။
အဆိုပါ ရက်စွဲများကို ကြည့်ပါက ရဲတပ်ဖွဲ့ဘက်မှ တိုင်ချက်မှာ ယုတ္တိမရှိပါဟုလည်း ဦးအောင်ကျော်စိန်က ပြောသည်။
ဦးအောင်ကျော်စိန် က “အဓိကအားဖြင့်က သူ့ကို တရားစွဲတယ် ဆိုတာက အကြမ်းဖက်သမားကို သိလျက်နဲ့ ဆက် သွယ်တယ်ဆိုပြီး ပြောတာ။ မောင်မောင်စိုးက အကြမ်းဖက်သမားဆိုရင် သူ့ကို အကြမ်းဖက်သမားလို့ ကြေညာထား တာရော ရှိလား။ ကြေညာထားတယ်ဆိုရင်တော့ သိလျက်နဲ့လို့ ပြောလို့ ရတယ်လေ။ ကြေညာထားတာလည်း မရှိ ဘူးဆိုတော့ သူနဲ့ သွားလိုက်ရုံနဲ့ သူ့ကို အကြမ်းဖက်သမားလို့ သိလျက်နဲ့ဆိုတာ ပြောလို့ မဖြစ်ဘူးလေ”ဟု ဆိုသည်။
ဖေဖော်ဝါရီ ၆ ရက် ရုံးချိန်းတွင်လည်း ဦးအောင်ကျော်စိန်က မောင်မောင်စိုးကို AA တပ်ဖွဲ့ဝင်ဟု ပြောဆိုလျှင် မောင် မောင်စိုး၏ ရာထူး၊ တာဝန်များကို ပြောပြရန် မေးမြန်းသော်လည်း ဒုရဲမှူး မင်းခိုင်ဘက်မှ ဖြေဆိုနိုင်ခြင်း မရှိပါ။
ယနေ့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရားလို ဒုရဲမှူး မင်းခိုင်ကို စစ်ဆေးရာ ရှေ့နေ ဦးအောင်ကျော် စိန်က မေးခွန်းများ မေးမြန်းပြီး တရားရုံးတော်သို့ သက်သေ ၃ ခု တင်သွင်းခဲ့သည်။
တရားလို ဒုရဲမှူး မင်းခိုင်ကို မေးခွန်းများ မေးမြန်းရာတွင်လည်း AA သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကော်မရှင်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreenment) တစောင် ချုပ်ဆိုရန် ဆွေးနွေးနေသည်များကို သိမသိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး AA နှင့် AA ၏ နိုင်ငံရေး အဖွဲ့ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) ကို အကြမ်းဖက် အဖွဲ့အဖြစ် တရားဝင် ကြေညာထားခြင်း မရှိသည်မှာ မှန်ပါသလား ဟုလည်း ရှေ့နေ ဦးအောင်ကျော်စိန် က မေးမြန်းသည်။
ဒုရဲမှူး မင်းခိုင်က ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ကို သိရှိကြောင်း၊ အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားခြင်း မရှိ သည်မှာ မှန်ကန်ပါကြောင်း တရားရုံးတွင် ထွက်ဆိုပြီး ယခုအမှုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တရားစွဲ ဆိုခွင့် တောင်းခံကာ တရားစွဲ တင်ပို့ထားသည့် အမှုဖြစ်ပါသည် ဟုလည်း ထွက်ဆိုသည်။
ယနေ့ ဦးအောင်ကျော်စိန် တင်သွင်းသည့် သက်သေများမှာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ ကျင်းပ သည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်၊ တတိယ ပုံမှန်အစည်းအဝေးတွင် AA အပါအဝင် ကချင်လွတ်လပ်ရေး တပ် မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) တို့ အကြမ်းဖက် အဖွဲ့များ အဖြစ် သတ်မှတ်ရန် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၁ မဲ ၊ ကန့်ကွက်မဲ ၂၄၄ မဲဖြင့် ရှုံးနိမ့်ခဲ့သည့် မှတ်တမ်း ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂမှ အယ်ကိုင်ဒါ၊ တာလီဘန်တို့ အကြမ်းဖက်အဖြစ် ကြေညာခဲ့သည့် မှတ်တမ်း၂ ခုတို့ကိုလည်း သက် သေခံအဖြစ် တင်သွင်းသည်။
မောင်မောင်စိုးနှင့် ကိုကျော်ခိုင် တွေ့ဆုံသည်မှာလည်း မောင်မောင်စိုးကို ဧည့်လမ်းညွှန် အဖြစ် အခကြေးငွေ ပေးကာ ငှားရမ်းခြင်း ဖြစ်ကြောင်းနှင့် ထိုင်းမှ လာအိုသို့ သွားသည်မှာလည်း ဗီဇာသက်တမ်းတိုးရန် သွားလာခြင်း ဖြစ်ပါသည် ဟုလည်း ဦးအောင်ကျော်စိန်က ဆိုသည်။
လာမည့် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ချိန်းဆိုပြီး တရားလို ဒုရဲမှူးမင်းခိုင်ကို မေးခွန်းများ ဆက်လက် မေးမြန်း မည် ဖြစ်သည်။
ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်း က “လာမယ့် ၂၇ ရက်၊ ၂၀၂၀ ရက်ကို ချိန်းဆိုထားပါတယ်။ အဲဒီနေ့မှာ တရားလိုကို စစ်ဆေးပြီးတဲ့အခါမှာ လိုပြသက်သေဖြစ်တဲ့ ရဲအုပ် မျိုးညွှန့်ကိုပါ ဆက်လက် စစ်ဆေးသွားမယ်လို့ ချိန်းဆိုထားပါတယ်” ဟု ပြောသည်။
ကိုကျော်နိုင်နှင့် မမိုးနှင်းဖြူ တို့ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားစွဲဆိုမှုတွင်၂ ဦးလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲ ဆိုထားသော် လည်း မမိုးနှင်းဖြူသည် ထိုင်းနှင့် လာအိုသို့ သွားခဲ့ခြင်း မရှိဘဲ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင် ပြန်လာသည်ကို လေဆိပ် တွင် သွားကြိုရာ တပါတည်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) သည် နိုင်ငံတော် အစိုးရမှ အကြမ်းဖက်အဖြစ် သတ်မှတ်ထား သည့်အဖွဲ့၏ တာဝန်ပေးမှုကို လှုပ်ရှားခြင်း၊ အကြမ်းဖက် အဖွဲ့ဝင် တဦးဦးကို အရေးယူခြင်း မပြုနိုင်ရေးအတွက် လွတ် မြောက်စေရန် ဝှက်ထားခြင်း၊ အကြမ်းဖက်သမားများကို နေရာထိုင်ခင်း အသုံးပြုခွင့်ပေးခြင်းတို့ လုပ်ဆောင်ပါက စွဲဆို နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပြစ်မှု ထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ပြစ်ဒဏ် ချမှတ်ခံရမည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ယခုအခါ အမှုမှာ တရားလိုပြသက်သေကို စတင် စစ်ဆေးနေဆဲ ဖြစ်ပြီး စွဲချက် မတင်ရသေးပါ။
အကြမ်းဖက် အုပ်စု၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ဖ) တွင် အကြမ်းဖက် အုပ်စု ဆိုသည်မှာ အကြမ်းဖက်မှုတခုကို ကျူးလွန်ရန် အချိန်ကာလ တခုယူ၍ ဖွဲ့စည်းထား သည့် လူနှစ်ဦးနှင့် အထက် ပါသော အသင်းအဖွဲ့ကို ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အရ လည်းကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုများလည်း ပါဝင် သည်ဟု ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ဖ) တွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
AA စစ်ဦးစီးချုပ် ညီမနှင့်ယောက်ဖအမှု၌ ထိုင်း၊ လာအိုထောက်လှမ်းရေးတို့ အကူအညီ ယူခဲ့ဟုဆို