ဇန်နဝါရီလ အလယ်ပိုင်း အထိ ဝူဟန်ရှိ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၅၀၀ က ကိုရိုနာဗိုင်းရပ်သစ် ကူးစက်ခံခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက အတည်ပြုခဲ့သည်။ ထို့ကြောင့် ဆေးရုံများတွင် ဝန်ထမ်းများ နည်းပါးသွားစေခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများကြားတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်စေခဲ့သည်။
အစိုးရက ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်ခံလာရသည့် ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခြင်း မပြုသေးပါ။ ဆရာဝန်များနှင့် သူနာပြုဆရာမများကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုရန် မှာကြားထားသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ထိုသို့ အမိန့်ထုတ်ရသည့် အကြောင်းရင်းကို ရှင်းပြခြင်း မရှိသော်လည်း၊ အာဏာပိုင်များက ရှေ့တန်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကြား စိတ်ဓာတ်မြှင့်တင်ပေးရန် ကြိုးစားနေခဲ့သည်။ အထူးသဖြင့် ဗိုင်းရပ်စ်အသစ်နှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များကို သတိပေးခဲ့ခြင်းကြောင့် ရဲ တပ်ဖွဲ့က သတိပေးတားမြစ်ခဲ့ပြီး နောက်ပိုင်း သီတင်းပတ်များအတွင်း ထိုရောဂါကြောင့် သေဆုံးခဲ့ရသူ ဒေါက်တာ လီဝမ်လျံ သေဆုံးမှု နောက်ပိုင်းတွင် ဖြစ်သည်။
သို့သော်လည်း အွန်လိုင်းတွင် ပျံ့နှံ့နေသော slide တခုက ဝူဟန်မှ ဆေးဘက်ဆိုင်ရာ လုပ်သားများကြား ကူးစက်မှု အတိုင်းအတာကို ဖော်ပြနေသည်။
ဇန်နဝါရီလ အလယ်ပိုင်းအထိ ဆေးရုံဝန်ထမ်းများကြား ရောဂါကူးစက်ခံရကြောင်း အတည်ပြုခဲ့သည့် ဖြစ်စဉ် ၅၀၀ ခန့် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ နောက်ထပ် ၆၀၀ ခန့်ရှိကြောင်း အဆိုပါ slide တွင် ဖော်ပြထားသည်။
အခြေအနေနှင့် ပတ်သက်၍ သိရှိထားသော ဝူဟန်ရှိ အဓိက ဆေးရုံတခုမှ သတင်းရင်းမြစ်တဦးက အဆိုပါ slide သည် စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ slide ပေါ်တွင် ဖော်ပြထားသော ကိန်းဂဏန်းများသည် ဝူဟန်ရှိ အဓိကဆေးရုံများမှ အခြားဆရာဝန် ၂ ဦး က ပေးသည့် အချက်အလက် များနှင့်လည်း ကိုက်ညီနေသည်။
ဝူဟန်ရှိ Xiehe ဆေးရုံနှင့် ဝူဟန်တက္ကသိုလ်မှ Renmin ဆေးရုံ ၂ ခုလုံးတွင် ရောဂါကူးစက်ခံရသည့် ဝန်ထမ်း အနည်းဆုံး ၁၀၀ ရှိပြီး ဝူဟန် နံပါတ် ၁ ဆေးရုံနှင့် Zhongnan ဆေးရုံတို့တွင် နောက်ထပ် ၅၀ စီ ရှိခဲ့သည်။
ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်ဆေးဘက်ဆိုင်ရာအသင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် Zhongnan ဆေးရုံမှ ဆရာဝန်များက ထုတ်ပြန်ခဲ့သော သုတေသနစာတမ်း တစောင်တွင် ဆေးဘက်ဆိုင်ရာ လုပ်သား အနည်းဆုံး ၄၀ ခန့် ကူးစက်ခံထားရသည်ဟု ဆိုသည်။
ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် လူနာများအားကုသရန် ဆေးရုံများ၏စွမ်းရည်ကို အဟန့်အတားဖြစ်စေသည့်အပြင် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကြားမှ ရောဂါကူးစက်မှုနှုန်းက လူ ၁၀၀၀ ကျော်ကို သေစေခဲ့သည့် ထိုရောဂါက မည်မျှအထိ အလွယ်တကူ ကူးစက်နိုင်ကြောင်းနှင့် ဆေးရုံတွင် ဗိုင်းရပ်စ်ပိုး ပြန့်ပွားနိုင်သည့် အန္တရာယ်များအတွက် အရေးကြီးသော ညွှန်ပြချက်ဖြစ်သည်ဟု ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ပြောကြားကြသည်။
သူ၏အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သည့် ဝူဟန်ရှိ အဓိကဆေးရုံ တခုမှ ဆရာဝန်တဦးက ဖြစ်ပေါ်နေသည့် အခြေအနေက စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်စေ ကြောင်းပြောသည်။ ဆေးဘက်ဆိုင်ရာလုပ်သား အများအပြားသည် ရောဂါကူးစက်ခံထားရသော လုပ်ဖော်ကိုင်ဖက်များ၏ CAT scans ကို မြင်တွေ့ရသည့် အခါ စိတ်ပျက်လက်ပျက်ဖြစ်ကြရသည်ဟု သူက ထပ်ပြောသည်။
“ဒါကြောင့် ကျနော်တို့က ဆေးဝါးအထောက်အပံ့တွေ၊ အထူးသဖြင့် ရောဂါပိုးကာကွယ်ပေးတဲ့ဝတ်စုံတွေအတွက် လှူဒါန်းမှုတွေ ထပ်ပြီး ပြုလုပ်ကြဖို့ တောင်းဆိုနေခဲ့ကြတာပါ” ဟု ဖျားနာနေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် ဖယ်ထားသည့် သီးသန့် ထိန်းချုပ်ဧရိယာတခုက မည်သို့ ပြည့်သွားကြောင်းကို ရှင်းပြ ရင်း ဆရာဝန်တဦးက ပြောသည်။ “လုံလောက်တဲ့ အကာအကွယ် မရှိတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေ အများကြီးဖျားနာနေတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။”
ကာကွယ်ရေးပစ္စည်းများ ရှားပါးခြင်း၊ အလုပ်ချိန် အလွန်များပြားခြင်းနှင့် ဗိုင်းရပ်စ်က မည်သို့ ကူးစက်သည်ဆိုသည်ကို နားလည်မှု မရှိခြင်းတို့က အရေအတွက် များပြားစွာ ကူးစက်သွားရခြင်း၏ အဓိက အကြောင်းအရင်းများ ဖြစ်သည်ဟု ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ပြောကြသည်။
ဝူဟန်တက္ကသိုလ် Renmin ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကု တဦးဖြစ်သည့် ယုချန်းပင်က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖျားခဲ့ပြီး နောက်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုပေးခဲ့သည်။
သူ့ အနေဖြင့် နေ့စဉ် လူနာများစွာကို ကုသခဲ့ရပြီး ရောဂါကူးစက်ရန် အခွင့်အလမ်း အလွန်မြင့်မားသောကြောင့် မည်သည့်အချိန်တွင် ရောဂါကူးစက်ခံရသည်ကို အသေအချာ မသိကြောင်း သူက ပြောသည်။
“ ဒီဗိုင်းရပ်စ်က ကူးစက်လွယ်လွန်းတယ်။ ဒီ ဗိုင်းရပ်စ်အကြောင်းကို ကျနော်တို့ လုံလုံလောက်လောက် နားမလည်ခဲ့ဘူး” ဟု ယုချန်းပင်က ပြောသည်။
ယုချန်းပင်က ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ဌာနတူ အခြား လုပ်ဖော်ကိုင်ဖက်တဦးနှင့်အတူ ဆေးရုံတက်ခဲ့ရပြီး ယခုအချိန်အထိ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။
လီဝမ်လျံ အပါအဝင် ဝူဟန်မှ ကျန်းမာရေး ဝန်ထမ်း အနည်းဆုံး ၃ ဦး သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လီဝမ်လျံ သေဆုံးသွားခြင်းကြောင့် ရောဂါဖြစ်ပွားမှုကို ဖုံးကွယ်ရန် ကနဦး ကြိုးစားမှုများနှင့် ပတ်သက်၍ တနိုင်ငံလုံးကို ဒေါသဖြစ်စေခဲ့သည်။
လီဝမ်လျံ ၏ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး မေကျုံမင်းလည်း ကူးစက်ခံရသည်ဟု သိရသည်။
ရောဂါဖြစ်နေသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများကြောင့် လူနာများ ကူးစက်ခံရခြင်း ရှိ မရှိကိုလည်း မသိရှိရသေးပါ။
လူမှုကွန်ရက် ဖြစ်သည့် Weibo တွင် လီဝမ်လျံ ကိုယ်တိုင် ရေးသားချက်များအရ သူသည် ဇန်နဝါရီ ၈ ရက်နေ့တွင် လူနာတဦးထံမှ ရောဂါကူးစက်ခံခဲ့ရသော်လည်း ၂ ရက်ကြာမှသာ ရောဂါလက္ခဏာ ပြခဲ့သည်။
Columbia တက္ကသိုလ် Mailman ပြည်သူ့ကျန်းမာရေးကျောင်းမှ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ရေး ပညာဆိုင်ရာ ပါမောက္ခ အီယန်လစ်ပ်ကင်က အကာအကွယ်ပေးသည့် ပစ္စည်း ကိရိယာများ ရှိသည့်တိုင် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များက မြင့်မားကြောင်း ပြောကြားခဲ့သည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ အကြောင်းပြချက်ကတော့ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေက သူတို့ရဲ့ လူနာတွေနဲ့ အလွန် နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်၊ ပုဂ္ဂိုလ်ရေးအရ အကာအကွယ်ပေးတဲ့ ပစ္စည်းတွေ ရှိရင်တောင်မှ တခါတလေကျရင် ကျနော်တို့က အဲဒါကို သုံးတာ နောက်ကျတယ်၊ တခါတလေ အဲဒါတွေကို ကျနော်တို့က မတော်တဆ ဖယ်မိတယ်။ သူတို့ကို အထောက်အကူပေးဖို့ ကျနော်တို့ လုပ်တဲ့ အားထုတ်မှုတွေ၊ အဲဒီလိုမျိုး နေရာတွေက ကျနော်တို့ကို အရမ်းအန္တရာယ်များစေပါတယ်” ဟု သူက အစိုးရ၏ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုတွင် ပြောကြားခဲ့သည်။
“အဲဒီ့ အပြင် ဆေးရုံမှာ အလုပ်လုပ်နေကြတဲ့သူတွေက ပင်ကိုယ်အားဖြင့် ပင်ပန်းနွမ်းနယ်နေကြတာကြောင့် ကိုယ်ခံအားရဲ့ တုန့်ပြန်မှု တစိတ်တပိုင်းပဲ ဖြစ်ဖြစ် လုံးဝဖြစ်ဖြစ် ကျဆင်းနေနိုင်ပါတယ်။ သူတို့ ရလိုက်တဲ့ ဗိုင်းရပ်စ်ပမာဏက ပိုပြီးတောင် ကြီးမားနိုင်ပါတယ်”
အဓိကဆေးရုံတခုမှ နောက်ထပ် ဆရာဝန်တဦးက နေမကောင်း ဖြစ်နေသူ အများအပြားရှိနေခြင်းကြောင့် လူအင်အား ကျဆင်းမှုကို ကျန်းမာရေးဆိုင်ရာ လုပ်သားများ အလွန်ဆိုးရွားစွာ ရင်ဆိုင်နေခဲ့ရသည်ဟု ပြောသည်။
“ခန့်မှန်းခြေအားဖြင့် သူနာပြု နဲ့ ဆရာဝန် ၁၀၀ က သာမန်ကုတင် ၁၀၀ နှင့် ICU ကုတင် ၁၆ ခုကို ကြည့်ရှု စောင့်ရှောက်ပေးနိုင်ပါတယ်။ တကယ်လို့ သူတို့ နေမကောင်း ဖြစ်ပြီဆိုရင် ကုတင် ၁၀၀ ကိုသာ မကပဲ ကုတင် ၁၀၀ ကို စောင့်ရှောက်ပေးတဲ့ ဝန်ထမ်း တွေလည်း မရှိတော့ပါဘူး။ ဒါကြောင့် ဆိုလိုတာက ဆေးရုံတရုံမှာ ကုတင် ၂၀၀ လက်လွှတ်လိုက်ရတဲ့ သဘောပါပဲ။”
“ဒါကြောင့် အာဏာပိုင်တွေက ဝူဟန်ကို ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ ဆက်ပြီး ပို့ပေး နေရတာ ဖြစ်ပါတယ်။ ကုတင် မလုံလောက်လို့ သာမက နေမကောင်းတဲ့ သူတွေကို စောင့်ရှောက်ပေးဖို့ ကျန်းမာရေးဆရာဝန်တွေနဲ့ သူနာပြုတွေ မရှိလို့ ဖြစ်ပါတယ်။ ”
တရုတ်အာဏာပိုင်များက ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်သော ဝူဟန်မှ လူနာများကို ကုသရန် နောက်ထပ် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၁၀၀၀၀ ခန့်ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ဝူဟန်မြို့၏ အဓိကဆေးရုံများသို့လည်း အကာအကွယ်ပေးသည့် ပစ္စည်းကိရိယာများ ပိုမို ပို့ဆောင်ပေးခဲ့သည်။
သို့သော်လည်း ရှေ့တန်းရောက် ဆရာဝန်များက အခြားမြို့များမှ ကျန်းမာရေးဝန်ထမ်းများ၊ အထူးသဖြင့် ဂရုစိုက်မှုနှင့် ထောက်ပံ့ရေးပစ္စည်းများ နည်းပါးသော ကျန်းမာရေးဝန်ထမ်းများလည်း ကူးစက်မှုနှုန်းမြင့်မားကြောင်း သတိပေးခဲ့ ကြသည်။
ဝူဟန်မှ ဆရာဝန်တဦး က “ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားတွေ ကြားမှာ ကူးစက် မှုက အခုဆိုရင် ဇန်နဝါရီလကထက် ဆိုးရွားမှု ပိုနည်းလာပါတယ်။ အရေး အကြီးဆုံး ကတော့ အကာအကွယ်ပေးတဲ့ ပစ္စည်း ကိရိယာ တွေ ဖြစ်ပါတယ်။ အဲဒါတွေ ရှိနေသရွေ့ ကျနော်တို့ ကူးစက်ခံရဖွယ်ရာ မရှိပါဘူး” ဟု ပြောသည်။
သို့သော်လည်း ဟူပေပြည်နယ်ရှိ အခြားမြို့များတွင် အခြေအနေ ပိုမို ဆိုးရွားသွားနိုင်ကြောင်း အဆိုပါ ဆရာဝန်က သတိပေးသည်။ အိမ်နီးချင်း အီကျိုးမြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား အများအပြား ရောဂါကူးစက်ခံထားရကြောင်း ကြားသိရသည်ဟု သူကပြောသည်။
အခြားဒေသများတွင်လည်း ဆေးရုံ အသိုင်းအဝိုင်းသို့ ကူးစက်ကြောင်း သိရသည်။ ကျွန်း ပြည်နယ်တခု ဖြစ်သည့် ဟိုင်နန်တွင် ဆရာဝန်တဦးနှင့် သူနာပြုတဦးသည် မျက်နှာဖုံးများ ဝတ်ဆင်ထားသည့်တိုင် လူနာနှင့် ၆ မိနစ်ကြာ ထိတွေ့ပြီးနောက် ရောဂါကူးစက်ခံခဲ့ရကြောင်း ဒေသခံ ကျန်းမာရေးကော်မရှင်မှ ပြောကြားခဲ့သည်။
ဘေဂျင်းရှိ Fuxing ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၆ ဦး၊ လူနာ ၅ ဦး နှင့် လူနာများကို စောင့်ရှောက်ပေးရသူ ၄ ဦး တို့သည် လူနာတဦးထံမှ ရောဂါကူးစက်ခံခဲ့ရသည်။ ရလဒ်အနေဖြင့် ဆေးရုံဥက္ကဌ လီတုန်ရှ ရာထူးမှ ထုတ်ပယ် ခံခဲ့ ရသည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။
ကူးစက်တတ်သောရောဂါများကို အထူးပြုသည့် ဘေဂျင်းရှိ Youan ဆေးရုံမှ ဆရာဝန် တဦးဖြစ်သည့် ကျန်ကဲက လူနာများနှင့် ဆရာဝန်များအကြား အပြန်အလှန် ရောဂါ ကူးစက်ခြင်းက စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ဆိုသည်။ အထူးသဖြင့် ဆေးရုံ လူနာဆောင် အများစုသည် ကူးစက်တတ်သော ရောဂါများကို ကိုင်တွယ်ရန် ပုံစံထုတ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။
“ဝူဟန်မှာ သတ်မှတ်ပေးထားတဲ့ ဆေးရုံတွေမှာတောင် လူနာတွေကို လက်ခံခြင်းနဲ့ ကုသပေးခြင်းက တော်တော် ကသောင်းကနင်း ဖြစ်နေပါတယ်။ နေမကောင်းတဲ့ လူနာ တွေက ဆေးရုံကို အရေးတကြီး ရောက်လာကြတယ်။ ဆေးရုံတွေက ဗိုင်းရပ်စ် ဥဖောက်စက်တခု ဖြစ်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဒီဇိုင်းက ကူးစက် တတ်သောရောဂါ ဆေးရုံတွေရဲ့ ဒီဇိုင်းထက် သိပ္ပံနည်းကျမှု နည်းပါးလို့ ဖြစ်ပါတယ်။”
“၂၀၀၃ ခုနှစ် မှာ Sars ရောဂါ ဖြစ်ပွားစဉ်က ပြည်မ ကျန်းမာရေးဝန်ထမ်း ၁၈ ရာခိုင်နှုန်း နဲ့ ဟောင်ကောင် ကျန်းမာရေး ဝန်ထမ်း ၂၂ ရာခိုင်နှုန်း ကူးစက်ခံခဲ့ရပါတယ်။ (အခု ကိစ္စမှာ) ခန့်မှန်းခြေအားဖြင့် ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်း ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိ ကျနော်တို့ မြင်ရပါလိမ့်မယ်” ဟု သူကပြောသည်။
(South China Morning Post ပါ At least 500 Wuhan medical staff infected with coronavirus ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုရိုနာဗိုင်းရပ် အတည်ပြုချက် စီတီစကင်ဖြင့်ပင် ရပြီ
ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော
ကိုရိုနာဗိုင်းရပ်က ကိုးရက်ကြာအထိ အသက်ရှင်နိုင်