သတင်း

Mytel နှင့်ဆက်နွယ်သော အကောင့် ၂၀ ကျော် Facebook က ဖြုတ်ချ

Want create site? Find Free WordPress Themes and plugins.

ပြည်သူများကို လှည့်ဖြားရန်နှင့် “ညှိနှိုင်းလုပ်ဆောင်သော မမှန်ကန်သည့် အပြုအမူများ” တွင် ပါဝင်သည်ဟုဆိုကာ ဆက်သွယ်ရေးအော်ပရေတာ Mytel အား အရောင်းမြှင့်တင်သည့် account ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခုကို Facebook က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖယ်ရှားခဲ့သည်။

ယင်းသို့ လုပ်ရန် ၎င်း၏ ဝန်ဆောင်မှုများအား အသုံးပြုခြင်း ၎င်းတို့၏ မူဝါဒနှင့် ဆန့်ကျင်ချိုးဖောက်ရာ ရောက်ကြောင်း Facebook က ဆိုသည်။

လွတ်လပ်သော တယ်လီဖုန်း ဆက်သွယ်ရေး အသုံးပြုသူများ၏ သတင်းအချက်အချာနေရာများ အဖြစ် ဖော်ပြထားသော စာမျက်နှာများကို စီမံခန့်ခွဲရန် လူပုဂ္ဂိုလ်များက account အတုများကို အသုံးပြုခဲ့သည်ဟု Facebook က ပြောသည်။ မြန်မာပရိသတ်ကို ပစ်မှတ်ထားသည့် အွန်လိုင်းလှုပ်ရှားမှုများက မြန်မာနှင့် ဗီယက်နမ်နိုင်ငံတွင် စတင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်ကြေငြာချက်တွင် Facebook က “ဤလှုပ်ရှားမှုနောက်ကွယ်ရှိသူများသည် ၎င်းတို့၏ အထောက်အထားနှင့် ဆက်စပ်မှုများကို ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုက တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုဖြစ်သည့် မြန်မာနိုင်ငံမှ Mytel နှင့် ဗီယက်နမ်ရှိ Viettel တို့နှင့် ဗီယက်နမ်ရှိ PR ကုမ္ပဏီ တခု ဖြစ်သော Gapit Communications တို့ကြားမှ ဆက်သွယ်မှုများကို တွေ့ရှိခဲ့သည်” ဟု ပြောသည်။

ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် ဗီယက်နမ် ဆက်သွယ်ရေးအော်ပရေတာ Viettel နှင့် ဖက်စပ် ဖွဲ့စည်းထားသည့် Mytel သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် ၎င်း၏ ကွန်ရက်ကို စတင်ခဲ့သည်။ Viettel က Mytel ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာ့တပ်မတော်မှ စီးပွားရေး ဦးပိုင်လီမိတက်၏ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ပြည်တွင်းကုမ္ပဏီ ၁၁ ခု ပူးပေါင်းထားသည့် Myanmar National Telecom Holding Public Ltd. က ကျန်သည့် ၂၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

Facebook ၏အဆိုအရ ပိတ်ပင်ထားသော စာမျက်နှာများအနက်မှ တခု သို့မဟုတ် တခုထက်ပိုသော စာမျက်နှာများကို Facebook အကောင့်ပေါင်း ၂၆၅ ၆၀၀ ခန့် က follow လုပ်ထားပြီး Facebook ပေါ်မှ ကြော်ငြာများအတွက် အမေရိကန် ဒေါ်လာ ၁.၁ သန်း (ကျပ်ငွေ ၁.၆ ဘီလီယံ) ဝန်းကျင် သုံးစွဲခဲ့ကြောင်း သိရသည်။

“Facebook ရှိကြော်ငြာများအတွက် ဒေါ်လာ ၁ ၁၅၅ ၀၀၀ ဝန်းကျင်ကို အမေရိကန်ဒေါ်လာနှင့် ဗီယက်နမ် ဒေါင်ငွေ တို့ဖြင့် ပေးသွင်းခဲ့သည်။ အဆိုပါလုပ်ရပ် ကို ဒေသတွင်းမှ ညှိနှိုင်းလုပ်ဆောင်သော မမှန်ကန်သည့် အပြုအမူများအပေါ် ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် တွေ့ရှိခဲ့သည်” ဟု Facebook က ပြောသည်။

အဆိုပါ admins များနှင့် account ပိုင်ရှင်များက ပုံမှန်အားဖြင့် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖော်ပြ ဝေငှတတ်သည့် အကြောင်းအရာများမှာ စီးပွားရေးလုပ်ငန်း မအောင်မြင်ရခြင်းများ၊ မြန်မာပြည်ရှိ ဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်မှ မည်သို့ထွက်ခွာမည် စီစဉ်နိုင်ခြင်းနှင့် ဖောက်သည်များအား လိမ်လည်လှည့်ဖျားမှု စသည်တို့ဖြစ်သည်။

သူတို့က မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူများအဖြစ်လည်း ဟန်ဆောင်၍ ပြိုင်ဘက်ကုမ္ပဏီများ ဖြစ်သော အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး (MPT)၊ နော်ဝေနိုင်ငံမှ Telenor ၊ ကာတာနိုင်ငံ၏ Oreedoo တို့၏ ဝန်ဆောင်မှုများ အပေါ် ဝေဖန် ပုတ်ခတ်ပြီး နာမည်ဖျက်သည့် မှတ်ချက်များကို တင်ခဲ့သည်။

Facebook က မြန်မာ့တပ်မတော်နှင့် ဆက်စပ်နေသည့် accounts များနှင့် စာမျက်နှာများကို ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်၍ ဖယ်ရှားနေပြီး မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebook စာမျက်နှာကို ပိတ်ပင်ခြင်းဖြင့် စတင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တပ်မတော်နှင့် ဆက်စပ်သော accounts များနှင့် စာမျက်နှာများကို နောက်ထပ် အစုလိုက်အပြုံလိုက် ဖယ်ရှားခဲ့ပြီး သူတို့က “ညှိနှိုင်းလုပ်ဆောင်သော မမှန်မကန် အပြုအမူများတွင် ပါဝင်ပတ်သက်နေခဲ့သည်” ဟု ပြောကြားခဲ့သည်။

အရှေ့တောင်အာရှမှ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအပြင် Facebook က နိုင်ငံခြား သို့မဟုတ် အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုကို တားဆီးသည့် မူဝါဒကို ချိုးဖောက်သော ရုရှား အခြေပြု account ၇၈ ခု၊ စာမျက်နှာ ၁၁ ခု၊ Groups ၂၉ ခု နှင့် Instagram account ၄ ခုကိုလည်း ဖယ်ရှားခဲ့သည်။ အဆိုပါ accounts များနှင့် စာမျက်နှာများ၏ ကွန်ရက်များက ယူကရိန်းနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်ထားခဲ့သည်။

၎င်းက အီရန် အခြေပြု Facebook account ၆ ခုနှင့် အမေရိကန်ကို ပစ်မှတ်ထားသော နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွင် ပါ ဝင်သည့် Instagram account ၅ ခုကိုလည်း ဖယ်ရှားခဲ့သည်။

ဒီဇင်ဘာလအတွင်းတွင် Facebook က နိုင်ငံခြားနှင့် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများတွင် ပါဝင်သည့် ဂျော်ဂျီယာ၊ ဗီယက်နမ်နှင့် အမေရိကန်တို့မှ ဆက်သွယ်မှုမရှိသော account များ၊ စာမျက်နှာများနှင့် group များပါဝင်သော ကွန်ရက် ၂ ခုကို ညှိနှိုင်းလုပ်ဆောင်သော မမှန်ကန်သည့် အပြုအမူများ အတွက် ဖယ်ရှားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင်လည်း Facebook က မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ခုဖြစ်သည့် ရခိုင်စစ်တပ်(AA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့်ဆက်စပ်သော စာမျက်နှာများနှင့် account များကို ပိတ်ပင်ခဲ့ပြီး သူတို့ကို “အန္တရာယ်ရှိသော အဖွဲ့ အစည်းများ” ဟု ခေါ်ဝေါ်ခဲ့သည်။

You may also like these stories:

ဝူဟန်တုတ်ကွေး၊ ဖေ့ဘွတ်နှင့် မြန်မာ့သတင်းတုများ

ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်

Did you find apk for android? You can find new Free Android Games and apps.
Loading