ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက် လည်ပတ်ကြသည့် ပုဂံဒေသသို့ နိုင်ငံခြားသား ခရီး သွားဝင်ရောက်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်သူများက ပြောဆိုကြ သည်။
ယခင်လပိုင်းများတွင် ပုဂံဒေသသို့ ၁ ရက်လျှင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်းစုံမှ ခရီးသွားပေါင်း၂ ထောင်ခန့် ဝင် ရောက်ခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း၊ ယခု ရက်ပိုင်းများတွင် တရက်လျှင် ခရီးသွား ၁၀၀ ကျော်မှ၂၀၀ ဝန်းကျင်သာ ဝင်ရောက်လျက်ရှိတော့ကြောင်း ပုဂံဒေသရှိ ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန် အသင်းတို့ထံက သိရသည်။
ပုဂံဒေသ ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက “တရုတ်ကတော့ မဝင်သလောက် နီးပါးကို ဖြစ်သွားတယ်။ အခု လည်း Tour ကုမ္ပဏီတွေနဲ့ လာတာထက် တဦးတယောက်ချင်းလာတဲ့ ခရီးသွား (FIT) တွေပဲ အလာများတော့တယ်” ဟု ဆိုသည်။
ယင်းသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု လျော့နည်းချိန်တွင် မြန်မာနိုင်ငံ၌လည်း ကျောင်းစာမေးပွဲများ ဖြေဆိုရန် ပြင်ဆင် နေကြသည့် ကာလဖြစ်ခြင်းကြောင့် ပြည်တွင်း ခရီးသွားများ ဝင်ရောက်မှုလည်း လျော့နည်းနေကြောင်း ပုဂံဒေသရှိ လမင်း သာ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးခင်မောင်ထွေးက ဧရာဝတီသို့ ပြောသည်။
“ဒီအချိန်က ဧည့်သည်ပါးတဲ့ အချိန်လည်း ဖြစ်တယ်။ ကျနော်တို့ကတော့ တရုတ်ကို မှီခိုနေတာ မဟုတ်တော့ အရမ်းကြီး ရိုက်ခတ်မှုက သိပ်မရှိဘူး။ ဒါပေမယ့် လုပ်ငန်းရှင် မဟုတ်တဲ့ စိုက်ပျိုးလုပ်တဲ့ တောင်သူတွေ ငါးဖမ်းတဲ့ သူတွေ ဘာတွေက စီးပွားရေး ထိခိုက်မှာပေါ့။ အနောက်နိုင်ငံက မလာတဲ့ အချိန်မှာ တရုတ်က လာနေတော့ ရောင်းကောင်းဝယ်ကောင်း ဖြစ် နေတာပေါ့” ဟု ဆိုသည်။
တရုတ်ခရီးသွား ကုမ္ပဏီများသည် တရုတ် ခရီးသွားများကို ဒေသခံ လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စားသောက်ဆိုင်များနှင့် ဟိုတယ်များသို့ ခေါ်ဆောင်လာခြင်း မရှိဘဲ ၎င်းတို့နှင့် ချိတ်ဆက်ထားသော ဆိုင်များနှင့် ဟိုတယ်များသို့သာ ပို့ဆောင် လျက် ရှိကြောင်း သိရသည်။
ယင်းပြင် ၎င်းတို့က ဒေသခံ ဆိုင်များနှင့် ဟိုတယ်များကို တရုတ်ခရီးသွားများအတွက် သီးသန့်ဖြစ်စေရန် လချုပ်သို့မဟုတ် နှစ်ချုပ်(တနှစ်) ငှားရမ်းပြီး ဝန်ဆောင်မှု လုပ်ဆောင်ခြင်းကြောင့် ယခုလို တရုတ်ခရီးသွားများ ဝင်ရောက်မှု ရပ်တန့်သွားခြင်း သည် ပြည်တွင်း လုပ်ငန်းရှင်များ အပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိကြောင်း လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
Gracious Bagan ဟိုတယ်လုပ်ငန်းရှင် ဦးမိုးဝေယံမြင့်က “အခု လောလောဆယ်က တရုတ်ကိုပဲ အားကိုးတဲ့ ဟိုတယ်တွေ စားသောက်ဆိုင်တွေကတော့ သိသာသွားတယ်။ ကျနော်တို့ ပုဂံမှာ ဆိုရင် နိုင်ငံခြားသား ဝင်ရင် ဇုန်ဝင်ကြေး ကောက် တယ်။ အဲဒီမှာတင်ကိုပဲ ၅၀ ရာခိုင်နှုန်းကျော်လောက် လျော့သွားတယ်” ဟု ဆိုသည်။
နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ် ကိစ္စကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကမ္ဘာ့လှည့်ခရီးသွားများ ဆက်လက်ကျ ဆင်းနေပါက လာ မည့် ဧပြီလခန့်တွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်များအပေါ် အကျိုးသက်မှုများ ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
ယခင်က ယခုလပိုင်းများတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြမည့် ကမ္ဘာလှည့် ခရီးသွားများသည် ခရီးစဉ် ရပ် ဆိုင်းမှုများ၊ ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA) က သိရသည်။
UMTA အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ထိခိုက်မှုက ကြီးမားပါတယ်။ ဘယ်လောက်ထိ ထိခိုက်မှု ရှိလဲဆိုတာ စစ် တမ်းတွေတော့ ကောက်နေတုန်းပဲ။ ကျနော် မြင်တာတော့ မြန်မာနိုင်ငံ ခရီးသည် ဝင်ရောက်မှုက အကြမ်းဖျင်းအားဖြင့် ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်သွားနိုင်တယ်လို့ မြင်တယ်”ဟု ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံ ခရီးသွား ဝင်ရောက်မှု မရှိသည့်အပြင် ယင်းနှင့်ဆက်စပ်နေသော အာရှတိုက်နှင့် အနောက်နိုင်ငံ များက ခရီးသည် ဝင်ရောက်မှုကလည်း လျော့ကျနေကြောင်း ၎င်းက ဆိုသည်။
“ဒီလျော့ကျနေတာကလည်း ရာခိုင်နှုန်းအားဖြင့်များတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားမှုက တော်တော်ကြီးကို ထိခိုက်သွားနိုင်ပါတယ်။ ဥရောပ ခရီးစဉ် ကိုင်တွယ်နေတဲ့ သူတွေဆီက သိတာတော့ Cancel ဖြစ်တာတွေ၊ ရက်ရွှေ့တာ တွေ၊ လူဦးရေ လျှော့ချတာတွေ ရှိတယ်။ အရင် လူ ၃၀ လောက် ဝင်တာကနေ ၁၀ ယောက် လောက်ပဲ ဝင်တာမျိုးတွေ ဖြစ်သွားတယ်” ဟု ဦးနောင်းနောင်းဟန်က ရှင်းပြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံက ကမ္ဘာလှည့် ခရီးသွားများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားမှုကို ယာယီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် တရုတ်နိုင်ငံမှ ခရီးသွားများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်မှု မရှိသလောက် ဖြစ်နေသည်။
ထို့ပြင် မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားသော ဥရောပနိုင်ငံများမှ ခရီးသွားများသည်လည်း ကိုရိုနာဗိုင်းရပ် ပြန့်ပွားနေသော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှတဆင့် လာရောက်ကြရမည် ဖြစ်သဖြင့် အနောက်နိုင်ငံများမှ ခရီးသွား ဝင်ရောက်မှုသည် တဖြည်းဖြည်း ကျဆင်းလာလျက် ရှိသည်။
ပုဂံဒေသသို့ တရုတ်ခရီးသွားများထက် အနောက်နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှု ကျဆင်းက ဒေသခံ လုပ်ငန်းများ အတွက် ရိုတ်ခတ်မှု ပိုများကြောင်း Sun Flower လက်မှုပစ္စည်းနှင့် အမှတ်တရ လက်ဆောင် အရောင်းဆိုင်မှ မခင်နှင်းရွှေ က ဧရာဝတီသို့ ပြောသည်။
“တရုတ်တွေက လာလည်း ဝယ်တာ သိပ်မရှိပါဘူး။ ဈေးလည်း အရမ်းဆစ်ကြသေးတယ်။ ပြည်တွင်းကရော နိုင်ငံခြားသား တွေရော နည်းသွားတဲ့အတွက် အရောင်းအဝယ်ကတော့ အေးနေတာပေါ့” ဟု ပြောသည်။
လက်ရှိအချိန်တွင် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနှင့် ပတ်သက်သည့် စာရင်းများကို စိစစ်နေဆဲ ဖြစ်ခြင်းကြောင့် လတ် တလော ခရီးသွားများ လျော့ကျမှု အခြေအနေကို အတိအကျ မပြောနိုင်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် ပြောဆိုသည်။
“တရုတ် မဝင်တော့လို့ တဝက်လောက်အထိ လျော့ကျတယ် ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံကို လာတဲ့ ကမ္ဘာ လှည့် ခရီးသွား စုစုပေါင်းရဲ့တရုတ်က ၅၀ ရာခိုင်နှုန်းမှ မရှိတာ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၀ ကျော်မှ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု သည် နယ်စပ် အပါအဝင် လေကြောင်း၊ အပျော်စီးသင်္ဘော၊ ဗီဇာတို့ဖြင့် လာရောက်သူဦးရေ ၄ သန်းကျော် (၄၃၆၄၁၀၁) ရှိ ပြီး တရုတ်နိုင်ငံသား ခရီးသွားဦးရေသည် (ဗီဇာ) ၇ သိန်းနီးပါး (၇၄၉၇၁၉) အထိ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်၂၀၁၈ ခုနှစ်က ထက် လူဦးရေ ၄ သိန်းကျော် တိုး၍ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိ ရသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဂံဘုရားတွင် ညစ်ညမ်းဗီဒီယို ရိုက်ကူးသူများအား အရေးယူနိုင်ရေး စုံစမ်း