တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် “မဲဆွယ်အပြုံး” အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဂျာနယ်ဘက်မှ ပြင်ဆင်မှု လျှောက်ထားသည့်အပေါ် ပလပ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ ယနေ့ အမိန့်ချလိုက်သည်။
ထားဝယ်မြို့နယ် တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုသည် မျှတခြင်း မရှိဟုဆိုကာ တနင်္သာရီ ဂျာနယ်ဘက်မှ ထားဝယ်ခရိုင် တရားရုံးသို့ အယူခံ တက်ခဲ့သော်လည်း ပလပ်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန် ၃ ရက်တွင် တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်မှု ထပ်မံ လျှောက်ထားခဲ့သည်။
လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က လက်ခံရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ တွင် အပြီးသတ် လျှောက်လဲချက် ပေးခဲ့ပြီးနောက် ၄ လခန့်အကြာတွင် ထိုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“တိုင်းတရားလွှတ်တော်က ပလပ်လိုက်တယ်။ ကျနော်တို့ကတော့ ဆက်သွားရမှာပေါ့။ အရင်ကတည်းကလည်း ကျနော်တို့ မျှော်လင့်တဲ့ တစုံတရာ မရရင် ဥပဒေကြောင်းအရ ပေးထားတဲ့ အခွင့်အရေး ရှိတဲ့အထိ သွားမယ်လို့ ဆုံးဖြတ်ထားတော့ ကျနော်တို့ ရှေ့ဆက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု တနင်္သာရီဂျာနယ် တာဝန်ခံ အယ် ဒီတာ ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက တခါတရံတွင် သာမန်ပြည်သူ တယောက်အနေဖြင့် အမှုနှင့် ပတ်သက်၍ စဉ်းစားလိုက်သည့်အခါ ရိုးရှင်းနေသည့် ကိစ္စကို အဘယ်ကြောင့် ယခုကဲ့သို့ အဖြေမျိုး ထွက်နေသနည်းဟု ထင်မြင်မိကြောင်း၊ ပြီးခဲ့သည့် အမိန့် ချမှတ်မှုများ၏ သုံးသပ်မှုအပေါ်လည်း ထိုကဲ့သို့ ခံစားရကြောင်း ၎င်းက ပြောဆိုသည်။
ယနေ့ အမိန့်ချမှတ်ရာတွင် ပလပ်သည်ဟုသာ တကြောင်းတည်း ဖတ်ပြသွားသည့်အတွက် စီရင်ချက် အသေးစိတ်ကို သိရှိနိုင်ရန် မိတ္တူ ကူးယူရမည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က “ဒီကိစ္စမှာ အဆုံးတိုင်ထိ ဆက်ပြီး လုပ်မှာကို အားပေးတယ်။ ထောက်ခံတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ တရားဥပဒေအရ ပြောရင် စီရင်ထုံး တွေ နမူနာကိစ္စတွေ ဖြစ်နေလို့ အဆင့်ဆင့် အဖြေမရှာခဲ့ရင် အဖြေရတဲ့အထိ မကြိုးစားခဲ့ရင် သတင်းသမား အများ စုမှာ ဒီလိုကိစ္စမျိုးရေးရင် ဒီလို ပြစ်ဒဏ်ခံရတယ်ဆိုတာမျိုး မှတ်ယူလိုက်ကြရင် ဒါ သတင်းလွတ်လပ်ခွင့် အတွက် မကောင်းဘူး” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက မဲဆွယ်အပြုံး သရော်စာပါ အချက်အလက်များသည် အများနှင့်ဆိုင်သည့် ကိစ္စများဖြစ်ကြောင်း၊ ထိုအချက်အလက်များကြောင့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လည်း အဂတိအမှုဖြင့် တရားရင် ဆိုင်နေရကြောင်း၊ သရော်စာကြောင့် အသရေပျက်စေသည်၊ ဂုဏ်သိက္ခာထိခိုက်စေသည် ဟူသော စွပ်စွဲချက်ကို ထို အဖြစ်အပျက်က သက်သေခံခဲ့ပြီဖြစ်ရာ တရားစီရင်ရေးက ထည့်သွင်း စဉ်းစားမည်ဆိုပါက အမှုအား ချမှတ်ထားသည့် ပြစ်ဒဏ်ကို ပြင်ဆင်ရန်လိုအပ်သည်ဟု ထင်မြင်ကြောင်း ရှင်းပြသည်။
“ဒီလို ပလပ်လိုက်တယ်ဆိုတော့ တရားစီရင်ရေးက မလွတ်လပ်လို့လား။ နောက်တခုက အစိုးရအဖွဲ့ဝင် တာဝန်ရှိတဲ့ သူ ဝန်ကြီးချုပ်တို့လိုမျိုးကို ဒီလိုမျိုးရေးသားတာမျိုးကို အစဉ်အလာအားဖြင့် လက်မခံဘူးဆိုတဲ့ဟာမျိုး သတင်းမီဒီယာ ကို သတင်းမက်ဆေ့ချ် ပေးချင်လို့လားဆိုပြီး ကောက်ချက်ချရမလို ဖြစ်နေတယ်” ဟုလည်း ၎င်းက ဆိုသည်။
သတင်းမီဒီယာက ရေးသည့် အကြောင်းအရာများသည် တသီးပုဂ္ဂလအတွက် မဟုတ်ဘဲ အများအကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စများဖြစ်ရာ အစိုးရအနေဖြင့် အရေထူရန် လိုပြီး ထိုသို့မဟုတ်ဘဲ မရေးအောင် ပိတ်ပင်ခြင်း၊ အပြစ်ပေးခြင်းမျိုးသည် အစဉ်အလာ မကောင်းသည့်အတွက် မလုပ်သင့်ကြောင်း ဦးမြင့်ကျော်က ဖြည့်စွက် ပြောဆိုသည်။
၂၀၁၇ နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အရေးယူပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦး တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာအတွင်း၌ သတင်း မီဒီယာ ဥပဒေပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုခဲ့ ခြင်း ဖြစ်သည်။
သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)သည် သတင်းမီဒီယာ ဥပဒေ ပုဒ်မ(၉)ကို ရည်ညွှန်းသည်။
သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ် ၁ ဦး၊ အဖွဲ့အစည်း တခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့ အခွင့် အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ၂၅(ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။
ထိုကဲ့သို့ တရားစွဲပြီးနောက် ၁ နှစ်ကျော်အကြာ ၂၀၁၉ ဖေဖော်ဝါရီ ၁၈ တွင် ထားဝယ်မြို့နယ် တရားရုံးက တနင်္သာရီ ဂျာနယ်ကို အပြစ်ရှိသည်ဟုဆိုကာ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) အရ ဒဏ်ငွေ ကျပ် ၅ သိန်း ပေးဆောင်ရန် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်လင့်
တနင်္သာရီ ဂျာနယ် အယူခံဝင်မှု ခရိုင်တရားရုံး လက်ခံ
တနင်္သာရီ ဂျာနယ် ပြစ်ဒဏ် ချခံရမှု အယူခံဝင်