တပ်တွင်း မဲရုံများကို ပြင်ပသို့ ထုတ်ရန် ပြုလုပ်ရခြင်းက ပွင့်လင်းမြင်သာမှုရှိရန် အတွက်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မနက်က ရန်ကုန်တိုင်း အစိုးရရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လမ်းညွန်မှုခံယူခြင်း အခမ်းအနားတွင် ပြောကြားသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က “တပ်မဲရုံတွေ အပြင် ထုတ်တာက တပ်ထဲမှာ ကိုယ့်ဘာသာလုပ်နေရင် ရွေးကောက်ပွဲကို လာရောက်လေ့လာတဲ့ ပြည်တွင်း အဖွဲ့အစည်းတွေရှိတယ်။ ပြည်ပက အဖွဲ့အစည်းတွေရှိတယ်။ တပ်မဲရုံကျတော့ တချို့ နေရာတွေ မဝင်ရဘူး။ ဘာလို့လည်းဆိုတော့ လုံခြုံရေးရှိလို့။ မကြည့်ရဘူး။ မမြင်ရဘူး ဆိုရင်တော့ မှန်တာလုပ်လုပ် မှားတာလုပ်လုပ် မသင်္ကာတော့ဘူး။ အဲဒီလို ပြောလွန်းလို့ တပ်မဲရုံတွေ အပြင်ထုတ်တာ။ ကျနော်က မြင်သာအောင် လုပ်တာ။ လုံခြုံရေးကို အကြောင်းပြပြီးတော့ မမြင်သာအောင် မလုပ်နဲ့” ဟု ပြောကြားသည်။
UEC သည် တပ်တွင်းတွင် ထားရှိမည့် မဲရုံများကို တပ်ပြင်ပ သင့်လျော်သည့် နေရာများတွင် ထားရှိရန် အချက် အပါအဝင် အခြား ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များသို့ ပေးပို့ခဲ့ရာ အမြင်ကွဲလွဲမှုများ၊ ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ထွန်းထွန်းညီက တပ်မတော်သားများ၏ တပ်တွင်း တာဝန်ထမ်းဆောင်မှုသည် ၂၄ နာရီ ဖြစ်သဖြင့် အပြင်သို့ မဲထွက်ပေးရန် အခက်အခဲ ရှိကြောင်း ပြောဆိုထားသည်။
၎င်းက “တပ်တွင်းမဲရုံမှာလည်း ကျနော်တို့က မဲရုံမှူးတို့ ဘာတို့ဆိုတဲ့ လူတွေကလည်း တပ်မတော်သားတွေ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲကော်မရှင်ကနေ ခန့်အပ်ပေးတဲ့ မဲရုံမှူးတို့ ဘာတို့နဲ့ လုပ်ကြတာ။ ပြီးရင်လည်း ဒီအပေါ်မှာ ဆန္ဒမဲပေးတာတွေ၊ တဦးချင်းရဲ့ မဲဆန္ဒ လွတ်လွတ်လပ်လပ် ပေးတာ”ဟု ပြောဆိုခဲ့သည်။
UEC ၏ တပ်တွင်းမဲရုံများ ပြင်ပသို့ ထုတ်ရန် ကြိုးစားမှုကို အတိုက်အခံ ကြံ့ခိုင်ရေး ပါတီက သဘောမတူကြောင်း ပြောထားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဦးသောင်းအေးက အချို့ တပ်ဌာနချုပ်များသည် ရပ်ရွာများနှင့် အလွန်ဝေးကြောင်း၊ တပ်မတော်၏ လုပ်ငန်းတာဝန်များကို ပြစ်ထားပြီး ဝေးလံ သည့် နေရာများသို့ မဲသွားပေးရမည် ဆိုပါက အခက်အခဲများ ရှိနိုင်သလို တပ်မတော်၏ လုံခြုံရေးကိုလည်း ထိခိုက်နိုင်ကြောင်း သူ၏ ထင်မြင်ချက်ကို နိုဝင်ဘာ ၅ ရက်နေ့က ဧရာဝတီသို့ ပြောခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကမူ “တပ်မဲရုံအပြင်ထုတ်တာက ဘာရည်ရွယ်ချက်မှ မဟုတ်ဘူး။ အပြင်ထုတ် ဆိုတာ အဝေး ကြီး မဟုတ်ဘူး။ ဂိတ်ပေါက်နဲ့နီးတာလုပ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူကြည့်ကြည့်၊ လေ့လာတဲ့ သူ ကြည့်ကြည့်။ ကိုယ်စားလှယ် ကြည့်ကြည့် ပါတီ ကြည့်ကြည့် ကျနော်တို့ လုပ်ငန်း မှန်ကန်တယ်။ မည်သည့် ရည်ရွယ်ချက် မှ မရှိပါ”ဟု ပြောသည်။
ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန် ဧရိယာအတွင်းရှိ ကော်မရှင် အဖွဲ့ခွဲများ တွေ့ဆုံမှုတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ ၅ ချက်ဖြစ်သည့် လွတ်လပ်၊ တရားမှတ၊ ပွင့်လင်းမြင်သာစသည့် အချက်တို့အရ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့သည်။
ထို့အပြင် ကော်မရှင်အဖွဲ့ခွဲများကို မဲစာရင်းအမှားအယွင်းများ မဖြစ်စေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံံးစေရေး၊ မဲစာရင်း ပြည့်စုံ မှန်ကန်စေရေး နှင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် အခြေအနေ စသည့်ကိစ္စများကို ရှင်းလင်းသွားသည်။
You may also like these stories:
တပ်တွင်းမဲရုံများ တရားဝင်မှု မရေရာ
တပ်တွင်း မဲရုံများ ပြင်ပတွင် ထားရှိမည့် အစီအစဉ် အမြင်ကွဲလွဲမှုများ ရှိနေ