တရုတ်နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံလျက်ရှိသည့် အခြေအနေတွင် နေရပ်ပြန်လိုကြောင်း ဆက်သွယ်လာသူ မြန်မာနိုင်ငံသားဦးရေ တထောင်ကျော်အထိ ရှိနေပြီ ဖြစ်ကြောင်း ဘေဂျင်းမြို့ အခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး က တာဝန်ရှိသူတဦးက ပြောသည်။
ပြန်လိုကြောင်း ဆက်သွယ်လာသူများတွင် နယ်စပ်မှ ယာယီကတ်ဖြင့် လာရောက်သူ အလုပ်သမား အများဆုံး ပါဝင်နေပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထားနှင့် လျှင်မြန်စွာ ခေါ်ယူပို့ဆောင်နိုင်ရေးအတွက် ရောက်ရှိနေသည့် နေ ရပ်လိပ်စာ အတိအကျပေးပို့ရန်လည်း မြန်မာသံရုံးဘက်က မေတ္တာ ရပ်ခံထားသည်။
မြန်မာသံရုံး တာဝန်ရှိသူတဦးက “သူတို့ကို C of I လို့ခေါ်တဲ့ အထောက်အထား ထုတ်ပေးရတယ်။ မြန်မာနိုင်ငံသား ဟုတ် မဟုတ် ဆိုတာလည်း စိစစ်ရပါတယ်။ ထပ်ပြီး ဆက်သွယ်လာသူတွေလည်း ရှိသေးတယ်။ မေတ္တာရပ်ခံလိုတာက ကျနော် တို့ကို စိတ်ရှည်သည်းခံပြီး ရအောင် ဆက်သွယ်ပေးပါ။ အဆက်အသွယ်ရရင် အမြန်ဆုံး ဆောင်ရွက်ပေးနေပါပြီ။ နေရပ် လိပ်စာ တိတိကျကျလေးလည်း ပေးရင်ပိုပြီး မြန်မြန်ဆောင်ရွက်လို့ ရပါတယ်”ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်(ခေါ်) COVID 19 ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံအတွင်း ပြည်နယ် တခုနှင့်တခု ရွှေ့ပြောင်း သွားလာမှုများ၊ အငှားကား ငှားရမ်းမှုများအား ထိန်းချုပ် ကြပ်မတ်လျက် ရှိသည့်အတွက် ဖြတ်ကျော်သွားလာရေး အခက် အခဲများ ကြုံတွေ့ရလျက် ရှိနေသည်။
သံရုံး အနေဖြင့် ဆောင်ရွက်ရာတွင် အလုပ်သမားများ၊ လူကုန်ကူးခံရသူများ၊ သင်္ဘောသားများဟူ၍ သုံးပိုင်းခွဲကာ ဆောင် ရွက်လျက် ရှိရာတွင် လတ်တလော အခြေအနေအရ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ ဆက်သွယ်မှုများ မရှိသေးဘဲ မြန်မာ ဘက်က ဆက်သွယ် အကူအညီတောင်းလာသည့် ချင်းလူမျိုး အလုပ်သမားများလည်း အဆက်အသွယ်ရထားပြီး ဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ သွားရောက်လုပ်ကိုင်သူ ၁၅ ဦးနှင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ၈ ဦး တို့မှာ ဆက်သွယ် အကူအညီ တောင်းခံစဉ်က တနေရာတွင် ရှိသော်လည်း နောက်တကြိမ် ဆက်သွယ်ရာတွင် တခြား တနေရာသို့ ပို့ဆောင်ခံရသဖြင့် လူကုန်ကူးခံရသည့် အခြေအနေကဲ့သို့ ဖြစ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူ ဆ လိုင်းအိုက်ဇက်ခင်က ပြောသည်။
ဆလိုင်းအိုင်ဇက်ခင်က “ပလက်ဝဘက်က လူတွေက တနှစ်ကို ယွမ် ၅ သိန်းနဲ့ စရိတ်ငြိမ်း အလုပ်ရမယ်ဆိုပြီး ခေါ်တော့ သွားလုပ်ကြတာ။ အခု တနှစ်လောက်ရှိတော့ ပြန်မယ်ဆိုတော့ ပိုက်ဆံလည်း မရဘူး၊ ပြန်ဖို့လည်း အခက်အခဲက ဖြစ်နေ တယ်။ အဲဒီတော့ ရောင်းစားခံရသလို ဖြစ်နေပြီ။ သံရုံးနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေတာတော့ ရှိတယ်။ တိုက်ရိုက် အဆက်အသွယ် ရပြီလို့လည်း ကြားတယ်” ဟု ရှင်းပြသည်။
မြန်မာသံရုံး အနေဖြင့် အကူအညီ တောင်းခံလာသည့် ချင်းအလုပ်သမားများနှင့် ပတ်သက်၍ တည်နေရာ လိပ်စာရထားပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ပြည်နယ် နိုင်ငံခြားရေးရုံးနှင့် ရဲဌာနတို့ထံ အကြောင်းကြားထားကြောင်းလည်း သိရသည်။
ကူမင်းမြို့နှင့် နန်နင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး တို့တွင် နေရပ်ပြန်လိုကြောင်း ဆက်သွယ်လာသည့် မြန်မာနိုင်ငံသားများ ရှိ နေပြီး အများစုမှာ အလုပ်သမား ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမားများနှင့် ကျောင်းသား/သူများ၊ ပညာတော်သင်များ အနေဖြင့် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးနှင့် ကူမင်းမြို့၊ နန်နင်းမြို့၊ ဟောင်ကောင်မြို့များရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့ထံ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား စသည့် အထောက်အထားများနှင့် ရောက်ရှိနေသည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တို့ကို အတိအကျပေးပို့ ဆက်သွယ်ကြရန် သံရုံးဘက်က တိုက်တွန်းထားသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ မပြန်ဖြစ်သည့် ပညာတော်သင် ကျောင်းသား/သူများ အနေဖြင့်လည်း အခက်အခဲများ ကြုံတွေ့ရပါက သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများထံ ဆက်သွယ်အကြောင်းကြားနိုင်ပြီး တ ရုတ်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ထား သည်။
ဆက်စပ်ဖတ်ရှုရန်
ယူနန်ပြည်နယ်က မြန်မာလုပ်သား ၁၀၀၀ ကျော် နေရပ်ပြန်ရေး အစိုးရ ကူညီ