ရခိုင်စစ်တပ် (AA)အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရခိုင်အသင်း (စင်ကာပူ) အမှုတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်တို့ အကြား ပြောထားသည့် အသံဖိုင်ကို တရားလိုပြ သက်သေဘက်မှ တင်သွင်းထားရာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှ ယနေ့ပယ်ချလိုက်သည်။
ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များနှင့် ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးကို အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ဘက်မှ ပြီးခဲ့သည့် ဇူလိုင်လက ဖမ်းဆီး တရားစွဲထားရာ ရန်ကုန်အနောက် ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြသက်သေများကို စစ်ဆေးနေဆဲ ဖြစ်သည်။
ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၏ သတင်းပြန်ကြားရေး အရာရှိ ဦးဇော်မင်းထွဋ်က “တရားလိုပြ သက်သေ ရဲအုပ် ဝင်းမင်းလတ်ကို ဆက်လက် စစ်ဆေးပါတယ်။ Wechat Application အသံဖိုင်ကို ဒုတိယတချက် သက်သေခံချက် အဖြစ် တင်သွင်းရာ လက်ခံ သင့်မသင့် ကြားနာ ဆုံးဖြတ်ပါ တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၇ ရက်က တရားလိုပြသက်သေ ရဲအုပ်ဝင်းမင်းလတ်က ကိုအောင်မြတ်ကျော်နှင့် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့ Wechat Application တွင် အသံဖိုင်ဖြင့် စကားပြောဆို ထားသည်များကို CD ခွေဖြင့် ကူးကာ ဖြစ် တရားရုံးသို့ တင်သွင်းထားခြင်း ဖြစ်သည်။
ရဲအုပ်ဝင်းမင်းလတ်ဘက်မှ အသံဖိုင်မှာ မူရင်းတင်ပြခြင်း မဟုတ်ပဲ CD ခွေဖြင့် ကူးယူတင်ပြ လာခြင်း ဖြစ်သဖြင့် လက် မခံရန် ကိုအောင်မြတ်ကျော်၏ ရှေ့နေ ဦးအောင်ကျော်စိန်က တရားရုံးသို့ လျှောက်ထား ခဲ့သည်။
အသံဖိုင်ပါသည့် CDခွေနှင့် မူရင်းအသံဖိုင်ကို တိုက်ဆိုင်စစ်ဆေးရန် ဆောင်ရွက်သော်လည်း မူရင်းဖုန်းပါ Wechat Account မှာ ဖွင့်မရတော့ဘဲ အသံဖိုင်ကူးယူခဲ့သည့် ကွန်ပျူတာမှာလည်း Window ကျသွားသဖြင့် ဖွင့်မရခဲ့ပါ။
ထို့ကြောင့် ဖေဖော်ဝါရီ ၇ ရက်တွင် တင်သွင်းခဲ့သည့် CD ခွေဖြင့် အသံဖိုင် သက်သေကို တရားရုံးမှ သက်သေခံ ဥပဒေအရ ယနေ့ပယ်ချလိုက်ခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ရခိုင်အသင်း (စင်ကာပူ)မှ ဦးဆောင်ကာ စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ပွဲတခုတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အွန်လိုင်းမှ မိန့်ခွန်းပြောခဲ့သည်ကိုလည်း စာသားဖြင့် ရေးထားသည့် မှတ်တမ်းများကို သက်သေ အဖြစ် ရဲအုပ်ဝင်းမင်းလတ်က တင်သွင်းသည်။
ထိုစာရွက် မှတ်တမ်းမှာ ၂၀၁၉ ခုနှစ်၊ ဧပြီ ၇ ရက်က စင်ကာပူနိုင်ငံရောက် ရခိုင်လူမျိုးများ စုပေါင်းလုပ်ကြသည့် AA တည်ထောင်ခြင်း ၁၀နှစ်ပြည့်အခမ်းအနား၊ မျှော်လင့်ချက်မိုင်တိုင်အမှတ် ၁၀ အမည်ရှိ ပွဲတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အွန်လိုင်းမှ Video Call ဖြင့် မိန့်ခွန်းပြောခဲ့သည့်ထဲမှ ကောက်နုတ် ချက်များဖြစ်သဖြင့် ယနေ့ရုံးချိန်းတွင် ဗီဒီယိုဖိုင် တခုကိုလည်း Youtube မှ ဖွင့်ပြကာ တိုက်ဆိုင်စစ်ဆေးစေပြီး သက်သေအဖြစ် ရဲအုပ်ဝင်းမင်းလတ်က တင်သွင်း သည်။
ကိုအောင်မြတ်ကျော်၏ ရှေ့နေ ဦးအောင်ကျော်စိန်က တရားစွဲအဖွဲ့အစည်းဘက်မှ Youtube ပေါ်တွင် တင်ထားသည့် ဗီဒီယိုဖိုင်မှ စာသားအဖြစ် ကူးယူထားသော မှတ်တမ်းမှာ မူရင်းအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားသည့် အစိတ်အပိုင်း များ ပါရှိနေသဖြင့် ပြည်စုံစွာ တင်ပြပေးရန် အမိန့်ချပေးဖို့ ရုံးတော်သို့ လျှောက်ထားခဲ့သည်။
ယနေ့တရားရုံးတော်တွင် ဖွင့်ပြခဲ့သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းရုပ်သံဖိုင်မှာ အပြည့်အစုံ မဟုတ်သဖြင့် လာ မည့် ရုံးချိန်းတွင် ထပ်မံတင်ပြရန် တရားသူကြီးများ ဘက်မှ ဆုံးဖြတ်ခဲ့သည်။
လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ထပ်မံချိန်းဆိုပြီး စစ်ဆေးမည် ဖြစ်သည်။
ရခိုင်အသင်း (စင်ကာ)မှ ခေါင်းဆောင်များအပါအဝင် ၈ ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ရက်နှင့် ၇ရက်တွင် စင်ကာပူ ရဲ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံမှ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည့် AAကို ငွေကြေးထောက်ပံ့ သည်ဟူသည့် စွပ်စွဲချက်ဖြင့် ပြည်နှင်ဒဏ် ပေးခဲ့သည်။
စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာန၏ စွပ်စွဲချက်တွင် ရခိုင်အသင်း (စင်ကာပူ) သည် ၂၀၁၉ ခုနှစ်၊ ဧပြီ ၇ ရက်က စင်ကာပူနိုင်ငံတွင်း AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားလုပ်ခြင်း၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းကို အွန်လိုင်းမှ နားထောင်ခြင်းဟူသည့် အချက်များလည်း ပါဝင်သည်။
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ပြည်နှင်ဒဏ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆို ထားသည်။
အဆိုပါ အမှုတွင် ရခိုင်အသင်း (စင်ကာပူ) မှ ကိုတင်လှိုင်ဦးနှင့် မမေမြတ်မွန်တို့ကို ကားအငှားလိုက်ခဲ့သည့် ကိုမြတ်မင်းဦးဆိုသူကိုလည်း ပူးတွဲ ဖမ်းဆီးကာ အမှုတတွဲတည်း စွဲဆို ထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပြဌာန်းချက်အရ ပုဒ်မ ၅၀ (ည) သည် အစိုးရမှ သတ်မှတ်ထားသည့် အကြမ်း ဖက်အဖွဲ့ကို ငွေကြေး ထောက်ပံ့လျှင် တရားစွဲဆိုနိုင်ပြီး ပြစ်မှု ထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက ထောင်ဒဏ် တသက်နှင့် ငွေဒဏ် ကျခံရ နိုင်သည်။
ပုဒ်မ ၅၂ (က) သည် အကြမ်းဖက်အဖွဲ့၏ တာဝန်များ ဆောင်ရွက်ပေးသည်ဟု စွပ်စွဲချက်ရှိပါက တရားစွဲဆိုခံနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားသည်ဟု တရားရုံးမှ ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်ထိ ချမှတ်ခံရမည်ဟု ပြဌာန်းထားသည်။
You may also like these stories:
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ
ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု
AA ကို ထောက်ပံ့မှုနှင့် စွပ်စွဲဖမ်းဆီးထားသူ ၉ ဦးအမှု ချုပ်ရမန် ထပ်ယူ
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်