တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွတ်လပ်ရေး ရပြီးစက မြန်မာ့ တပ်မတော် တွင် စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်သွားပြီ ဖြစ်သည့် ဗိုလ်ချုပ်စမစ်ဒွန်း၏ မိသားစုဝင်များရှိရာ ကလောမြို့ရှိ နေအိမ်သို့ သွားရောက် တွေ့ဆုံပြီး ဗိုလ်ချုပ် စမစ်ဒွန်း၏ အုတ်ဂူသို့ တပ်ချုပ် သွားရောက်ဂါရဝပြုကြောင်း သိရသည်။
မြန်မာ့တပ်မတော်တွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့သော ပထမ ဦးဆုံး (ယခင်အခေါ်) စစ်ဦးစီးချုပ် (ယခုအခေါ်) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမေစ်ဒွန်း၏ မိသားစု ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ထို့နောက် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ အုတ်ဂူ သို့ သွားရောက်၍ ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့သူ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ခဲ့သူတဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး စမစ်ဒွန်း၏ မိသားစုဝင်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ် အတွင်း ကြုံကြိုက်၍ သွားရောက် တွေ့ ဆုံခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ကျနော်ပြောနိုင်တာ တခုကတော့ တပ်ကို တည်ထောင်ခဲ့တဲ့ ဒီတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွတ်လပ်ရေး ရပြီး ကာစ ကာလမှာ တပ်မတော်ကို ဦးဆောင်ခဲ့သူတဦး ဖြစ်တဲ့အတွက် အခုလို သွားရောက်တွေ့ဆုံရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုလို စစ်သားဟောင်းကြီးတဦး၏ မိသားစုထံသို့ သွားရောက်တွေ့ ဆုံခြင်း သည် ကြိုဆိုရမည့် ကိစ္စတခု ဖြစ်ကြောင်း ပါလီမန် ဒီမိုကရေစီခေတ်တွင် တပ်မတော်အရာရှိ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဟောင်း စည်သူ ဦးကျော်သိန်းလွင်က ပြောသည်။
“ကရင်တွေကို ဒီလို အသိအမှတ်ပြုပြီး သွားတွေ့တာလည်း ကောင်းတယ်။ အရင်ကတည်းက ဒီလိုမျိုးတွေ လုပ်သင့် တာ”ဟု ဦးကျော်သိန်းလွင်က မှတ်ချက်ပြုသည်။
အရပ်အမောင်း ပုသေးသေးနှင့် အရပ် ၄ ပေသာသာ ရှိ၍ “ဗိုလ်မှူးကြီး လေးပေ” ဟုလည်း လူသိများသည့် ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။
ကရင် အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းသည် အိန္ဒိယနိုင်ငံ ဒယ်ရဒွန်း စစ်တက္ကသိုလ်၏ ပထမဆုံး အပတ်စဉ် ကျောင်းသား တဦးဖြစ်ခဲ့ပြီး သင်တန်းတွင် အတော်ဆုံးကျောင်းသား အနေဖြင့် အသိအမှတ်ပြု ခံရသူ ဖြစ်သည်။
ဗိုလ်ချုပ် စမစ်ဒွန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလ၌ အဓိကအခန်းက ပါဝင်ခဲ့၍ အသစ် ပြန်လည် ဖွဲ့စည်းသည့် မြန်မာ့ တပ်မတော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ်ခဲ့ ပြီး ဗိုလ်ချုပ် အဆင့် ရာထူးတိုးမြှင့် ခန့်ထား ခံခဲ့ရသူလည်း ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်း၏ ယုံကြည်ရဆုံးပုဂ္ဂိုလ် ကာကွယ်ရေး ဝန်ကြီး ဗိုလ်လကျာ် ကိုယ်တိုင် ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး စသော တိုင်းရင်းသား ကရင်အမျိုးသား တပ်မတော် ခေါင်းဆောင်များ၏ သစ္စာရှိမှုကို အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။
၁၉၄၉ ခုနှစ် ကရင်လူမျိုးများ ကိုယ်ပိုင်လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြသည့်အချိန်၌ ထိုယုံကြည်မှု ယိမ်းယိုင် ခဲ့ရပြီး ဗိုလ်ချုပ် စမစ်ဒွန်းကို သူ၏ ကရင်တပ်ဖွဲ့များနှင့် အတူ တပ်မတော် ရာထူးများမှ ရပ်ဆိုင်းပစ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ် စမစ်ဒွန်းသည် ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်သော်လည်း ဗမာ့တပ်မတော်အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်းပီသသည့် ခေါင်းဆောင်တယောက် ဖြစ်ပြီး တပ်မတော် ဦးစီးချုပ် တယောက် အနေဖြင့် ကရင် တပ်ဖွဲ့များကို ထက်မြက်၍ စစ်စည်းကမ်းပြည့်ဝရန် စွမ်းဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ် သံသယထားခဲ့ကြောင်း၊ ၁၉၇၉ ခုနှစ် ကွယ်လွန်ချိန်အထိ စောင့်ကြည့် ခံခဲ့ရကြောင်း သိရသည်။
ဗိုလ်ချုပ် စမစ်ဒွန်းသည် ဘဝ၏ နောက်ဆုံးနှစ်များကို ရှမ်းပြည်နယ် ကလောမြို့တွင် နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်သော အလုပ်ဖြင့် ဖြတ်သန်းခဲ့သည်ဟု ဆိုသည်။
သူ မကွယ်လွန်ခင် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်သော “Memoirs of the Four-foot Colonel” ကို ရေးသား ပြီးစီးခဲ့ပြီး ကွယ်လွန်ပြီး၍ တနှစ်အကြာတွင် Cornell University ၏ အရှေ့တောင် အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိ ခဲ့ကြောင်း သိရသည်။
You may also like these stories:
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် စမစ်ဒွန်း ကွယ်လွန်မှု ၃၄ နှစ်ပြည့်
မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ