သတင်း

အသက် ၅၅နှစ်ပြည့် ရွှေ့ပြောင်းလုပ်သားများ ဆက်အလုပ်လုပ်ခွင့်ပြုဟု ထိုင်းအစိုးရ ထုတ်ပြန်

အသက် ၅၅ နှစ်အထက် ရွှေ့ပြောင်းလုပ်သားများကို လုပ်နိုင်စွမ်းနှင့် အလုပ် အမျိုးအစားပေါ် မူတည်ပြီး သက်တမ်း လုပ်ကိုင်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်လုပ်ရန် လာရောက်ခြင်း မဟုတ်သည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီး ယား နိုင်ငံသားများ အား အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် သက်တမ်း တိုးပေးရာတွင် အထက်ပါကဲ့သို့ လုပ် ကိုင်ခွင့်ပေးရန် ဇန်နဝါရီလ၂၀ ရက်က ထိုင်း အစိုးရ အဖွဲ့မှ ထုတ်ပြန် ကြေညာ၍ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “မူအားဖြင့်တော့ ထုတ်ပြန်ချက် ထုတ်လိုက်တယ်။ ဒီနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ အသက် ၅၅ နှစ် ပြည့်သွားလို့ နေရပ်ပြန်ဖို့ စီစဉ်နေတဲ့သူတွေ အများကြီးရှိတဲ့ အတွက်ကြောင့် အဲဒါကို လက်တွေ့ကျကျ အကောင်အထည် ဖော်မှု ရှိမရှိကို ကျနော်တို့ လိုက်စစ်ဆေးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း အလုပ်သမား သံအရာရှိ ဘန်ကောက် တာဝန်ခံ ဦးရဲရန်အောင်က တရားဝင် ထုတ်ပြန်ချက် မရသေးကြောင်း ဆိုသည်။

“တရားဝင် ကျနော်တို့ ရုံးတွေကို စာမပို့သေးဘူး။ တရားဝင်စာ ရောက်ပြီးတော့မှပဲ ပြောလို့ရမှာပါ” ဟု ၎င်းက ပြောသည်။

ထိုင်းနှင့် မြန်မာ အစိုးရ နှစ်ရပ်လုံးသည် ထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များ ထုတ်သော်လည် လက်တွေ့ ဆောင်ရွက်ရာ တွင် အားနည်းမှုများ ရှိနေကြောင်း ဦးအောင်ကျော်က ဆက်လက် ပြောဆိုသည်။

“တကယ် လက်တွေ့ ကျင့်သုံးမှုအပိုင်းမှာတော့ တော်တော် အားနည်းနေတယ်။ ထုတ်လိုက်တာက ဒီလို အခွင့်အရေးတွေ ဖြစ်ရမယ်လို့ ပြောသော်လည်း လက်တွေ့မှာ ကျင့်သုံးမှု မရှိတာ ကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာသော်လည်း ဖန်ငခရိုင်ရုံးတွင်မူ သက်တမ်းတိုးချိန်တွင် အသက် ၅၅ နှစ်ကျော်လျှင် လက်မခံသည့် အခြေအနေ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးအတွက် ဆောင်ရွက်လျက် ရှိသည့် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အလုပ်သမားရေး တာဝန်ခံ ဦးမင်းဦး ကလည်း ပြောသည်။

“အဲဒီလို လုပ်တော့ လုပ်ပေးပြီ။ ဒါပေမယ့် အခု သက်တမ်းသွားတိုးတဲ့ အချိန်မှာ ၅၅ နှစ်ကျော်လို့ မရဘူးလို့ ပြောတယ်။ သက်တမ်းကတော့ နောက်ထက် ၂ နှစ်ထပ်ပေးမယ်ပေါ့။ ဒါပေမယ့် အခု လက်ရှိသက်တမ်း တိုးမယ်ဆိုရင် ၅၅ နှစ် မကျော် ဘဲနဲ့ ၁ လ လောက်တော့ ကျန်နေရမယ် အဲဒါဆိုရင်တော့ တိုးပေးမယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမား အဖြစ် သွားရောက် လုပ်ကိုင်နေသည့် တရားဝင် မြန်မာလုပ်သား အရေအတွက်မှာ ၁ ဒသမ ၇ သန်းရှိသည်ဟု အစိုးရ၏ စာရင်းများက ဖော်ပြပြီး၊ ထိုကိန်းဂဏန်းများသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အလုပ်သမား ဝန်ကြီးဌာနက လစဉ်ထုတ်ပြန်သော အလုပ်အကိုင် ရရှိမှု အခြေအနေပြ ကိန်းဂဏန်းများနှင့် ၂၀၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်း အစီရင်ခံစာ တို့အပေါ် မူတည်တွက် ချက်ထားခြင်းလည်း ဖြစ်သည်။

သို့သာ်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ တဝန်း အလုပ်လုပ်ကိုင်နေသည့် မဲပေးခွင့်ရှိသည့် မြန်မာအလုပ်သမား စုစုပေါင်း ၄ သန်း ဝန်းကျင် ရှိသည်ဟု ဆိုကြသည်။

အသက် ၅၂ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား ဒေါ်အေးသိန်းက ထိုင်းအစိုးရမှ တရားဝင် အလုပ် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် အသက် ၅၅ နှစ်ပြည့်မီရန် နီးကပ်လာသော်လည်း ၎င်းအနေဖြင့် နေရပ်ကို ပြန်ရန် အဆင်သင့် မဖြစ်သေးကြောင်း ပြောဆိုသည်။

“အလုပ်ကလည်း လုပ် မဝသေးဘူး။ အသက်ကလည်း ပြည့်တော့မယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် လက်မှတ်များကို မတ်လ ၃၁ ရက် နောက်ဆုံးထား သက်တမ်း တိုးရမည်လည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ ဂုတ်သွေးစုပ်မှုတွေ ပေါ်ပေါက်နေတယ်

ထိုင်းရွှေပြောင်းလုပ်သားများ သက်တမ်းတိုးရေး စာရွက်စာတမ်းကိစ္စရပ်တချို့ လျော့ချပေး

Loading