ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ Outbound Tour ခရီးသွားလိုင်စင် ပြုလုပ်ပါက Deposit ကျပ်သိန်း ၁၀၀ ပေးဆောင် ရမည်ဟု တိုင်းအစိုးရအဖွဲ့က သတ်မှတ်မည့်အပေါ် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း (UMTA) မှ လုပ်ငန်းရှင် အများစုက ကန့်ကွက်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီး ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ရန်ကုန်တိုင်း အတွင်း၌ Outbound Tour လိုင်စင် ပြုလုပ်ရန် Deposit ကျပ်သိန်း ၁၀၀ ပေးဆောင်ရမည်ဟု မူဘောင် သတ်မှတ်လိုက်ကြောင်း ကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့မှုနှင့် လုပ်ငန်းရှင် အများစုက ကန့်ကွက် နေကြသည်။
UMTA အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်သဇင်ဖေချစ်က “ဒါကို ကန့်ကွက်တဲ့သူက အများစုပေါ့လေ။ ဒါကို လက်မှတ် လာထိုးလို့ ရတယ် ဆိုပြီး ကျမတို့ အသင်းက စာထုတ်ထားတယ်။ အရင်တုန်းကလည်း ဒီကိစ္စ ဖြေလျှော့ပေးဖို့ တောင်းဆို ဖူးတယ်။ အဲဒီတုန်းက ပြောခဲ့တာက လက်ရှိ စီးပွားရေး အခြေအနေက ကောင်းမွန်တဲ့ အခြေအနေ မရောက်သေးတဲ့ အတွက်ကြောင့် ဒီအချိန်မှာတော့ Deposit ကြေးကို ဖြေလျှော့ပေးပါဆိုပြီး တင်ပြခဲ့ဖူးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြုလုပ်သည့် အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် အရ အထက်ပါ Deposit ကောက်ခံခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တင်ပြပေးသွားမည် ဖြစ်သဖြင့် ကန့်ကွက်လိုသူ များသည် အသင်းရုံးသို့ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၄ ရက်နောက်ဆုံးထား လက်မှတ်ထိုး၍ ကန့်ကွက်နိုင်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ကန့်ကွက်သူ အရေအတွက်ကို စာရင်းမပိတ်သေးသည့်အတွက် ပြောဆိုရခက်သေးကြောင်း ယခု စီးပွားရေး အခြေအနေနှင့် Deposit တင်ထားလျှင် တခြား အကျိုးအမြတ် တစုံတရာလည်း မရှိသေးသဖြင့် လတ်တလော ကန့် ကွက်ခြင်းသာ ဖြစ်ကြောင်း ဒေါ်သဇင်ဖေချစ်က ရှင်းပြသည်။
Outbound Tour လိုင်စင်လျှောက်ထားသူ ဦးအာကာကျော်က “ကျနော်ကတော့ ကန့်ကွက်ဖို့ လက်မှတ်ထိုးခဲ့တယ်။ ခရီး သွားရာသီ အစ မတိုင်ခင်ထဲက လိုင်စင်လျှောက်ထားတာ အခုချိန်ထိ ချပေးမယ်၊ မချပေးဘူး။ မသိရဘူး။ ဗုဒ္ဓဂါယာဘုရား ဖူးအဖွဲ့တွေ ကတော့ ဒီလိုင်စင်ကိစ္စကို Deposit မပေးနိုင်ပါဘူးလို့ ထွက်ပြီးသား။ အဲဒီအချိန်တုန်းကတော့ ငွေပမာဏ မထွက်သေးဘူး။ အခုမှကြားတာ။ Deposit ကျပ်သိန်း ၁၀၀ ကိုယူမယ့်အစား မမှန်မကန် လုပ်တဲ့ ကုမ္ပဏီတွေကို သေသေချာချာ အရေးယူ ဆောင်ရွက်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၃၊ ၄ နှစ်အတွင်းကလည်း ယခုကဲ့သို့ Outbound Tour လိုင်စင်လျှောက်ထားရာတွင် Deposit ကောက်ရန် ဝန်ကြီးဌာနမှ စီစဉ်ခဲ့ရာတွင် လုပ်ငန်းရှင်များက ကန့်ကွက်ခဲ့ကြောင်း UMTA အသင်းမှ သိရသည်။
Out Bound ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့် ကုမ္ပဏီများသည် လက်ရှိ မြန်မာနိုင်ငံ၏ ဈေးကွက် လိုအပ်ချက်ထက် ပိုများနေခြင်း၊ တချို့မှာ လိုင်စင်ယူထားသော်လည်း လုပ်ဆောင်ခြင်း မရှိခြင်းတို့ကြောင့် လိုင်စင်ထုတ်ပေးသည့် ရည်ရွယ် ချက်နှင့် လွဲချော်သဖြင့် တိုင်းဒေသကြီး ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက Deposit အဖြစ် ကျပ်သိန်း ၁၀၀ တင်ခြင်း လုပ်ဆောင်ရန် သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လုပ်ငန်းလိုင်စင်၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်လည်ပတ်ရာတွင် ဝန်ဆောင်မှုပေးရန် ဖြစ်သော်လည်း လက်ရှိတွင် လွဲချော်နေသည်များ တွေ့ရှိရသဖြင့် စည်းကမ်းတကျ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
UMTA အသင်းအနေနှင့် အဖွဲ့ဝင်များစွာ ရှိသည့်အတွက် ကန့်ကွက်မည့်သူများလည်း ရှိနိုင်ကြောင်း၊ သို့သော် ဟိုတယ်/ ခရီးအနေနှင့် အသင်းကိုယ်စားပြု ပြောဆိုသည့် အသံကိုသာ စဉ်းစားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုးက ဧရာဝတီသို့ ပြောသည်။
“ကိုယ်ထင်ရာ လုပ်တာ မဟုတ်ဘူး။ သူတို့ကန့်ကွက်ပါတယ် ဘာ၊ ညာဆိုပြီး အသင်းကိုယ်စားပြု တင်လာရင်လည်း ကျနော်တို့က တမျိုး စဉ်းစားရမှာပေါ့။ အခုလောလောဆယ်တော့ ကျနော်တို့ကို တင်ထားတဲ့Outbound အလုပ်ရုံ ဆွေးနွေးပွဲရဲ့ ရလဒ်တွေ တင်ပြတာ အရဆိုရင် Deposit ကို ကောက်ပါဆိုတဲ့ ဟာမျိုး ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ လိုင်စင်တင်ရန် ကိစ္စကို တိုင်းဒေသကြီး ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက ပြည်ထောင်စုဝန်ကြီးဌာန၏ သဘောထားလမ်းညွှန်ချက် ခံယူရန် တင်ပြထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန (ရန်ကုန်) ရုံးမှ သိရသည်။
MT & K Tourism ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသက်ခိုင်က “ကျပ်သိန်း ၁၀၀ ဆိုတာ အခုခေတ်မှာ ဘာမှမရှိပါဘူး။ ဒါပေမယ့် SME ကုမ္ပဏီလေးတွေ အတွက်က ကျပ်သိန်း ၁၀၀ ဆိုလည်း ၁၀၀ ဆိုသလောက် တန်ဖိုးရှိတယ်။ နိုင်ငံတော် ကလည်း ဒီ SME နဲ့ ပတ်သက်လို့ ဘာမှ Support ထိထိရောက်ရောက် လုပ်ပေးနိုင်သေးတာ မဟုတ်ဘူး။ ဒါကြောင့် အခုလို Deposit ကောက်တာက ကိုယ့်တိုင်းရင်းသားကုမ္ပဏီလေးတွေကို အကျပ်အတည်းတွေ့အောင် လုပ်သလို ဖြစ်နေ တယ်။ ကျနော်အနေနဲ့က ဒါကို သဘောမတူပါဘူး။ ဒီထက်ကောင်းတဲ့ နည်းလမ်းရှာပြီး လုပ်သင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးချိန်က လိုင်စင်ကြေးမှာ ကျပ် ၃ သိန်း ပေးဆောင်ရပြီး အချိန်အားဖြင့် ၂ လမှ ၃ အထိ ကြာမြင့်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
၂၀၁၈ ခုနှစ် ခရီးသွားဥပဒေ မတိုင်ခင် နေပြည်တော်မှ Outbound Tour လိုင်စင် ခွင့်ပြုထားသည်မှာ ၅၃၃ ၊ ယခု တိုင်း ဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ခွင့်ပြုပေးထားသည်မှာ လိုင်စင်အသစ် ၁၆၅ ရှိသဖြင့် စုစုပေါင်း လိုင်စု ၇၀၀ နီးပါး ခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန (ရန်ကုန်) ရုံးမှ သိရသည်။
You may also like these stories:
ရန်ကုန်တိုင်းရှိ လုပ်သားတဦး၏ တနေ့ကုန်ကျစရိတ် ကျပ် ၆၀၀၀ မှ ၉၀၀၀ ကျော်ရှိ ဟုဆို
ပုဂံတွင် စည်းကမ်းမဲ့ပြုမူသည့် တရုတ်နိုင်ငံသား ၂ ဦး ရှေးဟောင်း ဥပဒေဖြင့် တရားစွဲရန် ပြင်ဆင်