သတင်း

မင်းပြား ရာမောင်တံတား အနီးတိုက်ပွဲပြင်းထန်၍ ခရီးသည်များ ပိတ်မိနေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ရာမောင်တံနားအနီး တပ်မတော်နှင့် AA တပ်တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၉ နာရီ အချိန်ဝန်းကျင်ကတည်းက နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား နေမှုကြောင့် လမ်းခရီးများ ဖြတ်တော်ကာ ခရီးသည် ၁၀၀၀ ကျော် ပိတ်မိနေကြောင်း သတင်း ရရှိသည်။

ထိုနှစ်ဘက် ထိတွေ့ဖြစ်ပွားမှုကြောင့် ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်ရှိ ရာမောင်တံတား၏ တဖက်တချက်တွင် ခရီးသည်တင်ကားများ ၊ ကုန်တင်ကားများနှင့် ကားငယ်များမှာ ရှေ့ဆက် မရဘဲ ယင်းနေရာတွင် ပိတ်မိလျှက် ရှိ ကြောင်း ဒေသခံ လူမှု အဖွဲ့အ စည်းများက ပြောသည်။

စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ မင်းပြားဒေသခံ ကိုအမ်းသားကြီးက “ ပိတ်မိနေတဲ့ ကားတွေက တံတား ဟိုဘက်၊ ဒီဘက် တော်တော်များတယ်။ ခရီးသည်တွေကတော့ ၁၀၀၀ ကျော်လောက်ရှိ မယ်ထင်တယ်။ လူတွေ ကလည်း ကြောက်ပြီး တယောက်မှလည်း အဲဒီနေရာကို မသွားရဲကြဘူး ” ဟု ဧရာဝတီသို့ပြောသည်။

ရန်ကုန်- စစ်တွေကားလမ်းပေါ်ရှိ ရာမောင်တံတားမှာ လေးမြို့ မြစ်ကို ဖြတ်ကာ တည်ဆောက်ထားခြင်း ဖြစ်ပြီး၊ ပြုပြင် နေသည့်အတွက် ကမ်းထိုးရေယာဉ် ဇက်ခရပ်များဖြင့် ခရီးသည်တင်ကားများကို ပို့ပေးနေရာ တိုက်ပွဲကြောင့် ရပ်ဆိုင်း ထားလိုက်ရကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ကမ်းထိုးရေယာဉ် ဇက်သင်္ဘောများ ပိတ်ထားလိုက်သည့်အတွက် ရာမောင်တံတားတွင် ပိတ်မိနေသည့် ခရီး သည်များမှာ နီးစပ်ရာ ကျေးရွာများနှင့် မင်းပြားမြို့ပေါ်တို့တွင် ဝင်ရောက် ခိုလှုံနေကြောင်းလည်း သိရသည်။

မင်းပြား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက “ကျနော်တို့ကလည်း အဲဒီနေရာကို သွားကြည့်လို့ မရ ဘူးဗျ။ ခရီးသည်ကားတွေတော့ ပိတ်မိနေတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ ဒီနေ့ ဖြစ်တာ မရှိဘူးလို့ ကြားတယ်။ ဒါပေမဲ့ အခြေအနေ ပြောမရတဲ့အတွက် ကားတွေလည်း ရှေ့ဆက်မသွားရဲကြဘူးလို့တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင်တိုက်ပွဲဖြစ်ပွားရာ ရာမောင်တံတားအနီးရှိ အိမ်ခြေ ၂၇၀ ကျော်ရှိသည့် ဖားပြိုကျေးရွာမှ ဒေသခံ ရွာသား များမှာလည်း တိုက်ပွဲကြောင့် ရွာထဲတွင် ပိတ်မိနေပြီး သည့်အတွက် အသက် အန္တရာယ် စိုးရိမ်နေရကြောင်း ကာယကံ ရှင်ရွာသားများက ပြောသည်။

ဖားပြိုကျေးရွာသားတဦးက “တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ ရွာနဲ့ ၂ ဖာလုံလောက်ရှိမယ်။ မနေ့ကတည်း ကျနော်တို့ ထွက်ပြေးလို့လည်း မရဘူး။ စစ်သားတွေ ရွာထဲမှာ ဝင်ပြီး အိမ်တွေမှာ ထမင်းချင်းစားနေကြတယ်။ ရွာအဝင်၊ အထွက် အနီးဝန်းကျင်မှာလည်း သူတို့စခန်းချထားတယ်။ ကျနော်တို့ ရွာက ထွက်တာနဲ့ သေနတ်သံပေးပြီး ခြောက်လှန်တယ်၊ အခု တယောက်မှလည်း အပြင် မထွက်ရဲကြဘူး။ ဘုန်းကြီးကျောင်းမှာ စုပြီးနေကြပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကတော့ အဆိုပါ ပိတ်မိနေသည့်ရွာသား များအား ကယ်ထုတ်ရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၊ သံဃာတော်များ တိုင်ပင်နေကြောင်း ပြောသည်။

ဦးလှသိန်းအောင်က “ရွာထဲမှာ တပ်မတော်က ဝင်နေတယ်လို့ ပြောတယ်။ မနေ့ကတည်း ရွာသားတယောက် အရိုက် ခံရတာရှိတယ်။ ကျနော်တို့ကတော့ သူတို့ကို ကယ်ထုတ်ဖို့ စဉ်းစားနေတယ်။ ဘယ်လိုလုပ်ရမှန်းတော့ မသိသေးဘူး။ လူမှုအဖွဲ့အစည်းတွေ ၊ ဆရာတော် သံဃာတော်နဲ့ တိုင်ပင်နေကြတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က တိုက်ပွဲကြောင့် ဒေသခံအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ၂ ဘက် စစ်ရေးလှုပ်ရှားမှု အခြေနေများ ဆက်လက်ရှိနေသည့်အတွက် တပ်ဘက် တပ်ဖွဲ့ဝင်များ အင်အား ထပ်ဖြည့် နေကြောင်း သိရသည်။

AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မင်းပြားမြို့ ဖားပြိုကျေးရွာအနီးတွင် ယမန်နေ့မနက် ၉ နာရီ ကျော်မှ နေ ညနေ ၆ နာရီအထိ ထိတွေ့ ဖြစ်ပွားခဲ့မှုကြောင့် နှစ်ဘက် တပ်ဖွဲ့ဝင်များ ကျဆုံးမှုနှင့်အတူ လက်နက် ခဲယမ်းမီးကျောက် အပါအဝင် သုံ့ပန်း ၁ ဦးလည်း ဖမ်းဆီး ရမိထားကြောင်း ပြောသည်။

“မနေ့က အဲဒီရွာနားမှာ မနက် ၉ နာရီကျော်ကတည်း ဖြစ်တာ ညနေ ၆ နာရီအထိ တနေ့ ကုန် တိုက်ပွဲ အပြင်အထန် ဖြစ်တာရှိတယ်။ အဲဒီမှာ တပ်မတော်ဘက်က ၁၅ ဦးအထက် ကျဆုံးပြီးတော့ဒဏ်ရာရတဲ့ သူတွေလည်း ရှိတယ်။ ပြီး တော့ အလောင်း ၃ လောင်းနဲ့ ဒဏ်ရာအပြင်းအထန် ရနေတဲ့ သုံ့ပန်း ၁ ဦးကိုလည်း ဖမ်းဆီးရမိတာ ရှိတယ်။ ကျနော် တို့ဘက်ကလည်း စစ်သည် ၂ ဦးကျဆုံး ပြီးတော့ ၄ ဦးဒဏ်ရာရတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အဆိုပါ မင်းပြားမြို့နယ် အပါအဝင် ကျောက်တော်မြို့နယ် ကံစောက်ကျေးရွာ၏ အရှေ့ မြောက်ဘက် ကျီးကန်းတောင်တန်းတွင်လည်း နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု ရှိသလို ပလက်ဝမြို့နယ် အတွင်းက မီးချောင်းတံတား နားအနီးတွင်လည်း ၈ ရက်မြောက်နေ့အဖြစ် အပြန်အလှန် ထိုးစစ် ဆင် တိုက်ခိုက်ကာ စစ်ရှိန် မြင့်လျှက် ရှိကြောင်း ခိုင်သုခက ဆိုသည်။

ယင်းပြင် အဆိုပါ မီးချောင်းတံတား အနီး တပ်မတော်ဗျူဟာကုန်း တိုက်ပွဲတွင် တပ်မတော်က စစ်ကူလာသည့် စစ် ကြောင်းနှင့် ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမကျေးရွာနှင့် ဝက်မကျကျေးရွာ တွင်လည်း နှစ်ဘက်တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားခဲ့ကြောင်း သူက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီမှ တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ အနောက်ပိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ် ဖားပျော်ရွာမှ မောင်လုံးချေ ဆိုသူ သည် AA ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့သည် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ကျောက်တော် ၊ ပလက်ဝ ၊ ရသေ့တောင်၊ ဘူသီးတောင်၊ မင်းပြား၊ မြေပုံစသည့်မြို့နယ်များတွင် အရှိန်အဟုန်မြှင့်ကာ နှစ်ဘက်တိုက်ပွဲများ ဆက် တိုက် ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

တပ်မတော် ခြေကုတ်ယူထားသည့် မဆုတ်တမ်း ဗျူဟာကုန်းများကို AA အဖွဲ့များက လာရောက်တိုက်ခိုက်သော်လည်း တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများကြောင့် AA တပ်ဖွဲ့များ မသိမ်းပိုက်နိုင်ဘဲ နှစ်ဘက် အထိ အခိုက်အကျ အဆုံးများ ရှိခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် AA တို့ နှစ်ဘက် ဖြစ်ပွားမှုမှာ တနှစ်ကျော် ထိကြာမြင့်လာမှုနှင့်အတူ စစ်ပွဲ ဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေမှုနှင့်အတူ အစိုးရက ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်း မြို့နယ်များကို အင်တာလိုင်းများ ဖြတ်တောက်ထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုအခြေနေမှာ လျှော့ကျသွားခြင်း စစ်ရှိန် ပိုမို မြင့်တက်လာနေ မှုနှင့်အတူ တခြားတဘက်တွင် စစ်ဘေးဒုက္ခသည် အရေအတွက် မှာလည်း သိန်းချီရှိလာကာ အရပ်သားသေဆုံးမှု မှာလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။

ဧရာဝတီမှစာရင်းပြုစုချက်အရ ယခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အထိ ၁၃ ရက်အတွင်း လက်နက်ကြီး ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနှင့်အတူ မိုင်းပေါက်ကွဲမှုတို့ကြောင်း အရပ်သား သေဆုံးသူ ၈ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၅၁ ဦးရှိသည်။

You may also like these stories:

မြောက်ဦးတွင် တပ်မတော်နှင့် AA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA စစ်ရေး တင်းမာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading