ရန်ကုန်မြို့၏ ပထမဆုံး ရေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း Water Bus ကို လုပ်ကိုင် ဆောင်ရွက် နေသော တင့်တင့်မြန်မာကုမ္ပဏီသည် ရေယာဉ်များတွင် သုံးစွဲရန် ဝယ်ယူခဲ့သော ဒီဇယ်ဆီဖိုး ကြွေးကျန် သိန်း ၇၀၀ ကျော်ကို မပေး၍ Petro & Trans ကုမ္ပဏီအုပ်စုက တရားစွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ယနေ့ထုတ် အစိုးရ ကြေးမုံသတင်းစာတွင် တင့်တင့်မြန်မာကုမ္ပဏီထံမှ ဒီဇယ်ဆီဖိုး ကြွေးကျန်များ ရလိုမှု အတွက် Petro & Trans ကုမ္ပဏီအုပ်စုက လွှဲအပ်ထားသည့် ရှေ့နေ ဦးသန်းထွန်းက ထည့်သွင်း ကြေညာထားသည်။
“အခုက နို့တစ်ပို့တော့လည်း အရင်ရုံးလိပ်စာနေရာမှာ မရှိတော့ဘူး။ ဖုန်းနဲ့ ဆက်တယ်ဗျာ ဖုန်းမကိုင်ဘူး ဖုန်းပိတ် ထားတယ် ဒါဘာသဘောလဲ။ လူတဖက်သားကို စွပ်စွဲပြီးတော့ မပြောချင်ပေမယ့် အခုက ထွက်ပြေး တိမ်းရှောင်နေ သလို ဖြစ်နေပြီ” ဟု Petro & Trans ကုမ္ပဏီ ၏ ရှေ့နေ့ ဦးသန်းထွန်းက ဧရာဝတီသို့ ပြောသည်။
တင့်တင့်မြန်မာကုမ္ပဏီသည် Petro & Trans ကုမ္ပဏီထံမှ Water Bus ရေယာဉ်များအတွက် ဒီဇယ်ဆီများကို လကုန်ပြီး ၁၀ ရက်အတွင်း ပေးချေမည်ဟု ကတိပြုပြီး အကြွေးစနစ်ဖြင့် ၂၀၁၈ စက်တင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့ ကာလအထိ ဝယ်ယူခဲ့သော ဒီဇယ်ဆီတန်ဖိုးစုစုပေါင်း မှ ကျပ် ၇၇၂,၁၃,၈၅၀ ကို ပေးရန် ကျန်ရှိ ခြင်းဖြစ် သည်။
အဆိုပါ ကြွေးကျန်များကို တင့်တင့်မြန်မာကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်သည် ၂၀၁၉ သြဂုတ်လ ၁၅ ရက်နေ့ အတွင်း အပြီးပေးချေသွားမည်ဟု ကိုယ်တိုင်လက်မှတ်ရေးထိုးကတိပြုခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် မဆပ်သေးသည့်အတွက် တရားစွဲရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ ၏ ရှေ့နေ့ ဦးသန်းထွန်းက ပြောသည်။
ထို ကြွေးကျန် သိန်း ၇၀၀ ကျော်ကို ၂၀၂၀ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အတွင်း မပျက်မကွက် ပေးချေပါရန် နှင့် ငွေပေးချေရန် ထပ်မံပျက်ကွက်နေပါက တရားမကြောင်း / ရာဇဝတ်ကြောင်းများအရ တရားစွဲဆို အရေး ယူသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီက နိုင်ငံပိုင်သတင်းစားများတွင် ထည့်သွင်းကြေညာထားသည်။
ယခု ကြွေးကျန် ဒီဇယ်ဆီဖိုး ကိစ္စ နှင့် ပတ်သက်ပြီး တင့်တင့်မြန်မာကုမ္ပဏီကို ဧရာဝတီက ဆက်သွယ်ခဲ့သော် လည်းက ယခင်က ဆက်သွယ်ရရှိခဲ့သော ဖုန်းများသည် စက်ပိတ်ထားလျက်ရှိသည်။
ရန်ကုန် Water Bus ကို ၂၀၁၇ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ဗိုလ်တထောင်ဆိပ်ကမ်းမှ ပန်း ဆိုးတန်း (နန်းသီတာ)၊ လသာ (လမ်းသစ်တံတား)၊ ကြည့်မြင်တိုင်၊ ပန်းလှိုင်၊ ဘုရင့်နောင်(လှိုင်) နှင့် အင်းစိန် ဆိပ်ကမ်းတို့ကို ပြေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် အခြား ဘုရားဖူး နှင့် အလည်အပတ် ခရီးတချို့ကိုလည်း တိုးချဲ့ပြေးဆွဲခဲ့သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ တွင် ရန်ကုန် Water Bus ပြေးဆွဲသည့် လုပ်ငန်းများကို ယာယီရပ်နားခဲ့ပြီး ပိုမို ကောင်းမွန်သည့် ငွေပေးချေမှု ကတ်စနစ် ဖြင့် ခရီးစဉ်ဝန်ဆောင်မှုများဖြင့် မကြာမီ ပြန်လည် စတင် မည်ဟု ၂၀၁၉ခုနှစ် ကတည်းက ကြေညာထားသော်လည်း လက်ရှိအချိန်အထိ မည်သည့် ထုတ်ပြန်ကြေ ညာခြင်းမျိုးမှ မရှိသေးပေ။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားလုံးကို ကြီးကြပ်ကွပ်ကဲမှု လုပ်ဆောင်နေ သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် တင့်တင့်မြန်မာကုမ္ပဏီကိစ္စ နှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ တင့်တင့်မြန်မာကုမ္ပဏီရဲ့ ကိစ္စ ကျနော်တို့ မသိသေးပါဘူး။ ကျနော် ဒီလောက်ပဲ ဖြေပါရစေ” ဟု ဆိုသည်။
ရန်ကုန် Water Bus သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့တွင်း သယ်ယူပို့ဆောင်ရေး “မထသ” ကို YBS စနစ်ပြောင်းလဲပြီးနောက် YBS နဲ့ ချိတ်ဆက်မည့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတခုဖြစ်သည်။
အဆိုပါ လုပ်ငန်း လုပ်ကိုင်ရန် ရန်ကုန်တိုင်းအစိုးရက တင်ဒါခေါ်ယူခဲ့ပြီး တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆက်စပ်လင့်
Water Taxi များ ဇွန်လမှသာပြေးဆွဲမည်
ကျပ် ၆ ထောင်တန် အပျော်စီး သင်္ဘောခရီးစဉ် Yangon Water Bus ဖြင့် ပြေးဆွဲမည်
Yangon Water Bus ခရီးစဉ်သစ် ၂ ခု ဧပြီလ မတိုင်ခင် တိုးချဲ့ ပြေးဆွဲမည်