ပွင့်လင်းမြင်သာမှုရှိစေမည်ဟု ကတိပေးပြီးနောက် ထိုင်းစစ်တပ်အကြီးအကဲ အပီရက် ကုန်ဆမ်ပေါင်က ထိုင်းတပ်မတော်သည် ၎င်း၏ စီးပွားရေးနှင့် သက်သာချောင်ချိရေးကို အခိုင်အမာစီမံခန့်ခွဲရန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးမည်ဟု ဗုဒ္ဒဟူးနေ့က ကြေညာသည်။
အဆင့်ဆင့်အကောင်အထည်ဖေါ်မည်ဖြစ်ပြီး ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု ခံရမည့် လုပ်ငန်းများတွင် တပ်မတော်က စီမံသော ဂေါက်ကွင်းများ၊ လက်ဝှေ့အားကစားရုံများနှင့် တပ်မတော် ပြန်လည်သန်စွမ်းရေးနှင့် အပမ်းဖြေစခန်းတို့ ပထမဦးစွာ ပါဝင်ကြောင်း ထိုင်းတပ်ချုပ်က ပြောသည်။
၎င်း၏ အဆိုအရ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများအတွက် စတင်ခဲ့သော ထိုလုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍများမှ အသက်မွေးဝမ်းကြောင်း ပညာရှင်များကို စီမံခိုင်းမည်ဟု သိရသည်။
“စီးပွားရေးလုပ်ငန်းတွေကို လည်ပတ်စေဖို့ ကိုယ့်လူကိုယ်မသုံးဘဲ ပညာရှင်တွေကို သုံးမယ်။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့ဝင်တွေလည်း သူတို့နဲ့ တွဲလုပ်မယ်” ဟု သူပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အစုလိုက်အပြုံ ပစ်ခတ်သတ်ဖြတ်မှုအပြီး စစ်တန်းလျားများသို့ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ဆောင်ယူလာမည့် သူ့ကတိကို သူစောင့်ထိန်းမည်ဖြစ်ကြောင်း အပီရက် ပြောသည်။ ထိုပစ်ခတ်မှုသည် ပစ်ခတ်သူနှင့် အထက်အရာရှိအကြား ပဋိပက္ခမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်သားတဦးသည် ၎င်း၏အထက်အရာရှိ ပါဝင်ပတ်သက်နေသော အ်မ်ရာအရောင်းအဝယ်ကိစ္စတခုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ရာမှ လူ ၂၉ ဦးကို ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာ ယင်းသို့သတ်ဖြတ်မှုက စစ်တပ်ဝန်ထမ်းများ၏ စီးပွားရေးလုပ်ဆောင်ချက်များကို အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
စစ်တပ်အရာရှိများနှင့် ၎င်းတို့၏ လက်အောက်ငယ်သားများ ပါဝင်ပတ်သက်နေသော မသင့်လျော်သည့် စီးပွားရေးလုပ်ဆောင်ချက်များမှာ ကျယ်ပြန့်သည့်ပြသနာတခု ဖြစ်လာကြောင်း ထိုင်းတပ်ချုပ် အပီရတ်ကောင်ဆွမ်ပေါင်က ဝန်ခံခဲ့ပြီး ယင်းအလေ့အထကို အမြစ်ကလှန်ပစ်မည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။
နောက်ဆုံးအာဏာသိမ်းမှုများဖြစ်သည့် ၂၀၀၆ နှင့် ၂၀၁၄ တို့တွင် အာဏာသ်ိမ်းခဲ့သည့် စစ်တပ်သည် ထိုင်းတွင် သာမာန်ထက်ပိုသည့် အာဏာကို ဆုတ်ကိုင်ထားပြီး ရွေးကောက်ခံအစိုးရများကို ထပ်ခါထပ်ခါ ထုတ်ပယ်ခြင်းအတွက် ၎င်းတို့ဘက်က မျှတမှုရှိကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက သတ်ဖြတ်မှုက ၎င်းတို့၏စစ်သားများကိုယ်တိုင်က မေးခွန်းထုတ်ဖွယ် အရောင်းအဝယ်အချို့ကို မီးမောင်းထိုးပြနေသည်။
ဂျက်ကရာပန့်သွမ်မာသည် လွန်ခဲ့သည့် စနေနေ့က ၎င်းတို့၏ အငြင်းပွားမှုကို ဆွေးနွေးရန် ၎င်း၏တပ်မှူးနှင့် ယင်းတပ်မှူး၏ ယောက္ခမဖြစ်သူတို့နှင့် တွေ့ဆုံနေခဲ့သည်။ ထို့နောက် ၎င်းက နှစ်ဦးစလုံးကို ပစ်သတ်ခဲ့သည်။ ယင်းနောက် ဂျက်ကရာပန့်သည် ၎င်း၏ ဆူရာသမ်ပီသက် စစ်စခန်း၊ Terminal 21 ဈေးရုံတို့သို့ ဟန်းဗီးကားဖြင့် သွားရောက်ကာ လူအများကို သေနတ်ဖြင့် ပစ်သတ်နေခဲ့ပြီး တနင်္ဂနွေ နံနက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကို ပစ်သတ်န်ိုင်ခဲ့သည်။
ယင်းသို့မဖြစ်မီ နာရီပိုင်းအလိုက တပ်ကြပ်ကြီး ဂျက်ကရာပန့်သည် “ကိုယ်ချမ်းသာကြွယ်ဝဖို့ တခြားသူများ လိမ်လည်သည့်သူများ”ကို ရှုတ်ချကြောင်း ဖေ့စ်ဘွတ်တွင် ပို့စ်တင်ခဲ့သည်။ “ငရဲပြည်မှာတောင် ပိုက်ဆံသုံးလို့ရတယ်များ သူတို့ထင်နေသလား မသိဘူး” ဟု ၎င်းက ရေးတင်ခဲ့သည်။
ထိုင်းစစ်တပ်သည် စီးပွားရေးပါဝင်ပတ်သက်မှုတွင် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အရာရှိတချို့မှာ က်ိုယ်ပိုင်စီးပွားလုပ်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်မှုမှာ လူတိုင်းသိနေသည့် ကိစ္စဖြစ်နေသည်။
“အိမ်ခြံမြေလုပ်ငန်းတွေ အထူးသဖြင့် ကျေးလက်ဒေသက အိမ်ခြံမြေလုပ်ငန်းမှာ အကြီးတန်းစစ်အရာရှိတွေ ပါဝင်နေတာကို တော်တော်ကလေးတွေ့ရပါတယ်” ဟု ဖစ်ဆန်နူလော့ရှိ နရဲစွန်တက္ကသိုလ်မှ နိုင်ငံရေးကျွမ်းကျင်သူ ပေါလ်ချိန်ဘာက ပြောသည်။
“အရာရှိအများအပြားက အိမ်ခြံမြေနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့လုပ်ပိုင်ခွင့်ကနေ အလွယ်တကူရှာလို့ရတဲ့ ငွေနဲ့ နည်းပါးတဲ့ သူတို့လစာကို ဖြည့်ကြတယ်” ဟု ချိန်ဘာစ်က ပြောသည်။
တပ်တွင်း သတင်းရင်းမြစ်များ၏ အဆိုအရ နားလည်မှုစာချွန်လွှာတွင် တပ်တွင်း သက်သာချောင်ချိရေးနှင့် စီးပွားရေး အစီအစဉ်များသာမက တပ်ပိုင်မြေများ အသုံးပြုခြင်းလည်း ပါဝင်မည်ဖြစ်သည်ဟု တပ်သတင်းရင်းမြစ်တခုက Bangkok Post သတင်းစာကို ပြောသည်။ ထိုမြေများကို ဘဏ္ဍာရေးဌာနက တပ်သို့ ငှားထားပေးခြင်းဖြစ်သည်။ တပ်မတော်သည် တနိုင်ငံလုံးတွက် ဂေါက်ကွင်း ၃၀ ကျော်ပိုင်သော်လည်း မည်သည့်ကွင်းမျှ အမြတ်အစွန်းမရကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။
ထင်ရှားသည့် အတိုက်အခံအုပ်စုတခုဖြစ်သည့် Future Forward Party က နိုင်ငံရေးတွင် စစ်တပ်သြဇာလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင်ဆန့်ကျင်ခဲ့ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို အဆုံးသတ်ရေး၊ စစ်တပ်ဘတ်ဂျက် လျှော့ချရေးနှင့် စစ်တပ်က ရေးထားသည့် အခြေခံဥပဒေပြောင်းလဲရေးအတွက် စောဒကတက်ခဲ့သည်။
တချိန်တည်းတွင် Future Forward Party ပါတီခေါင်းဆောင်သန်နာထုံ ဂျောင်ရွန်ဂရမ်ကစ်က စစ်တပ်အနေဖြင့် စစ်မှန်သောပြုပြင်ပြောင်းလဲရေးလုပ်လိုပါက စီးပွားရေးမလုပ်ရန် တောင်းဆိုသည်။
ထိုင်းစစ်တပ်၏ ဘတ်ဂျက်ပြင်ပ ပုဂ္ဂလိကလုပ်ငန်းများမှ ရငွေကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ပေးအပ်ခြင်း မရှိသောကြောင့် အသုံးစရိတ်များကို မစစ်ဆေးနိုင်ကြောင်း စစ်တပ်ကို ဝေဖန်လေ့ရှိသူ သန်နာထုံက ဆိုသည်။ “ဗ်ိုလ်ချုပ်ကြီး အပီရက်ရဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေချင်ပါတယ်။ သူ့လုပ်ငန်းစဉ်တွေက ပွင့်လင်းမြင်သာမှုကနေ စတင်ရမယ်”ဟု သူပြောသည်။
မတရားမှု
အထက်အရာရှိများက ၎င်းတို့ကို ခေါင်းပုံဖြတ်နေသည်ဟု ခံစားနေရသည့် စစ်သားများအတွက် တိုက်ရိုက်ဖုန်းလိုင်းတခု ထူထောင်မည်ဟု ဗိုလ်ချုပ်ကြီး အပီရတ်က ပြောသည်။ “ဒီဖြစ်ရပ်မှာ ပစ်ခတ်မှုကျူးလွန်သူရဲ့ အကြောင်းပြချက်က သူဟာ သူရဲ့တပ်မှူးနဲ့ ဆွေမျိုးတွေရဲ့ မတရားလုပ်တာကို ခံခဲ့ရတယ်ဆိုတာပဲ” ဟု အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
စစ်တပ်အိမ်ရာချေးငွေများနှင့် ဖူလုံရေးအစီအစဉ်များကို အရာရှိများက ကိုယ်ကျိုးအတွက် အသုံးချသည်ဆိုသည့် အစီရင်ခံစာများစွာ ထွက်ပေါ်ကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။
“ဒါနဲ့ပတ်သက်လို့ ကျနော်သိပါတယ်။ နောက်သုံးလအတွင်း ဗိုလ်ချုပ်နှင့် ဗိုလ်မှူးကြီးတချို့ဟာ အလုပ်ပြုတ်တော့မည်ဆိုတာ ကျနော် အခိုင်အမာ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဂျက်ကရာပန့်အား ဒေါသထွက်စေခဲ့သည့် အရောင်းအဝယ်ကိစ္စအသေးစိတ်မှာ ရှင်းလင်းမှု မရှိပေ။ သို့သော်လည်း ၎င်း၏တပ်မှူုး ဗိုလ်မှူးကြီး အာနန်သရော့ကရာဆဲ၏ ယောက္ခမက ပွဲစားလုပ်ပေးသော အိမ်တလုံးဝယ်ယူနှင့် ပတ်သက်ဟန်ရှိသည်။
တပ်မှူးယောက္ခမက ၎င်းအား ဘတ် ၅၀,၀၀၀ ပေးရန် ရှိသည်ဟု ဂျက်ကရာပန်က စောဒကတက်သည်။ တပ်မှူး၏ ယောက္ခထီးက ငွေကို အေးဂျင့်တဦးထံပေးခဲ့ပြီး ထိုအေးဂျင့်ကသာ ပေးရန်ပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က ရိုက်တာသို့ ပြောသည်။ မိသားစုဝင်များက ရိုက်တာထံမှ မက်ဆေ့များကို ပြန်ကြားခြင်းမပြုခဲ့ပေ။
သို့သော်လည်း အငြင်းပွားမှုမှာ ပိုမိုများပြားသည့် ပမာဏ ဘတ်ငွေ ၃၇၅,၀၀၀ ကျော်နှင့် ပတ်သက်နိုင်ပြီး ပစ်ခတ်မှုဖြစ်ပြီးကတည်းက အလားတူကိစ္စနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသည့် ဂျက်ကရာပန့်၏ တပ်မှ တခြားအဖွဲ့ဝင် ၂၀ က ၎င်းထံ ချဉ်းကပ်နေကြောင်း ရှေ့နေ အက်ချာရိယာ ရွန်ဂရတ်တာနာပေါင်က ပြောသည်။
“ဒီအုပ်စုအပြင် အလားတူအခြေအနေမှာ ရိုက်စားလုပ်ခံရတဲ့ စစ်သား ထောင်ပေါင်းများစွာ ရှိတယ်လို့ ကျနော့်ဆီ အသိပေးတာတွေရှိနေပါတယ်” ဟု ၎င်းကပြောသည်။
တံခါးပိတ် ဘုရင့်နိုင်ငံ
အကျိုးအမြတ်များစေသော လျှို့ဝှက်သဘောတူညီချက်များမှ စစ်အရာရှိများက စီးပွားရေးအမြတ်အစွန်းများ ခံစားနေကြသည်ဆိုသည့် အစီရင်ခံစာများ ထွက်လာခဲ့မှုကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောင်ချိတန်တရာဝါနစ်ကလည်း ဝန်ခံခဲ့သည်။ သို့သော် ပြဿနာမှာ လူအဖွဲ့အစည်းတွင် ဖြစ်ပွားလေ့ရှိကြောင်း ၎င်းကပြောသည်။
“ဒါတွေအားလုံးက စစ်တပ်မှာတင် မဟုတ်ပါဘူး။ အစိုးရဋ္ဌာနတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတခုပါ” ဟုဒုတိယဗိုလ်ချုပ်ကြီး ကောင်ချိက ပြောသည်။ သို့သော်လည်း စစ်တပ်သည် အမြစ်ထုတ်ရန် ပိုမိုလွယ်ကူစေပြီး အခြားအဖွဲ့အစည်းများထက် ပွင့်လင်းမြင်သာမှု ကင်းမဲ့နေသည်ဟု သမ္မာဆတ်တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ အနုဆွန်အန်နိုက ပြောသည်။
“စစ်တပ်က တံခါးပိတ် ဘုရင့်နိုင်ငံတခုလို ဖြစ်နေတယ်” ဟု မစ္စတာအနုဆွန်က ပြောသည်။ “ရာထူးပိုမြင့်တဲ့သူတွေက ဒီလိုအပိတ်စနစ်အတွင်းမှာ စီးပွားရေးလုပ်ရတာ တပန်းသာပါတယ်” ဟု၎င်းကဆိုသည်။
မေးခွန်းထုတ်ဖွယ်ဖြစ်နေသည့် ပုဂ္ဂိုလ်ရေးအရောင်းအဝယ်၊ သဘောတူညီချက်များမှာ ရေတွင်ပေါ်နေသည့် ရေခဲတုံး၏ ထိပ်ပိုင်းသာဖြစ်ပြီး စစ်တပ်ဘတ်ဂျက်ကို နောက်ဆုံး အာဏာသိမ်း စစ်အစိုးရအဖွဲ့က ခန့်ထားသည့် အတွင်းလူများက စစ်ဆေးမည့်အစား လွတ်လပ်သည့် စာရင်းစစ်များက စစ်ဆေးသင့်ကြောင်း ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်က ရေးသည်။
“ပြင်ပက စာရင်းစစ်တွေကို စစ်ခွင့်မပေးဘဲ မရိုးသားတဲ့ လုပ်ဆောင်ချက်တွေကို အကာအကွယ်ပေးနေတာ စစ်တပ်အတွက် အန္တရာယ်ရှိပါတယ်” ဟု ယင်းအာဘော်တွင် ဖော်ပြခဲ့သည်။
ကိုးကား ။ ။ Bangkok Post
You may also like these stories:
ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ
ထိုင်းကွန်မြူနစ် စခန်းဟောင်းများက ခရီးသွားများ အတွက် ဆွဲဆောင်စရာဖြစ်လာ
သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ထိုင်းစစ်တပ်မှ သစ်စေ့ပေါင်း ၉ သိန်းခန့် ကောင်းကင်ပေါ်မှ ကြဲချ