ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန ၃ ခု အပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် မလုပ်၊ မရှုပ်၊ မပြုတ် လုပ်နေ ကြသည်ဟု အရပ်ဘက် လွှတ်တော်ကိုယ်စားလှယ်တဦး၏ ဆွေးနွေးမှုအပေါ် တပ်မတော်က ကန့်ကွက် လိုက်သည်။
ယနေ့လွှတ်တော်တွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးလှဆန်းက ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ၃ ခု အပါအဝင် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသည် “မလုပ်၊ မရှုပ်၊ မပြုတ် လုပ်နေကြမည် ဆိုပါက လာမည့် နှစ် စာရင်းလည်း နောက်ထပ်တွေ့ရှိ ပြဿနာစာရင်းများ ထည့်ပေါင်းပြီး ယခုအစီရင်ခံစာ အတိုင်း ပြန် ကူးရေးချ နေရုံပဲ ဖြစ်ပါဦးမယ်”ဟု ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေးတွေ့ရှိချက် အစီအရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီအရင်ခံစာ ဒုတိယတွဲကို ဆွေးနွေးရာတွင် ဦးလှဆန်းက ယင်းကဲ့သို့ ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် က နာမည်ထုတ်ဖော် ပြောဆိုခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ၏ ပြည်ထောင်စု ဝန်ကြီးများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရသည့် ဝန်ကြီးများဖြစ်သည်။
ယခုအစီအရင်ခံစာတွင် စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေး၍ မရသည့် ဝန်ကြီးဌာနမှလွဲ၍ ကျန်ဝန်ကြီးဌာနများတွင် မှားယွင်းမှု တွေ့ရှိချက်များကို ဖော်ပြထားပြီး ဝန်ကြီးဌာနများ၏ စိမ့်ပေါက်ယိုပေါက်များကို ဖာထေးရမည် ဖြစ်သလို ယိုပေါက်ကြီးမားပါက တရားရုံးမှ အဂတိလိုက်စားမှုအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ယနေ့လွှတ်တော်အစည်းအဝေးတွင် ထောက်ပြခဲ့သည်။
ဦးလှဆန်း၏ ဆွေးနွေးမှုအပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ၁ ဦးက ထိုသို့ ပြောဆို ဆွေးနွေးမှု သည် လွှတ်တော်နည်းဥပဒေအရ ဆွေးနွေးဆဲ ကိစ္စနှင့် တိုက်ရိုက် မသက်ဆိုင်သည့်အပြင် အခြားသော ပုဂ္ဂိုလ်များကိုပါ ထိပါးပြောဆိုသည် ဖြစ်သောကြောင့် ကန့်ကွက်ကြောင်းနှင့် မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။
“နာယကကြီးရဲ့ လွှတ်တော်အစည်းအဝေး စည်းကမ်းချက်တွေနဲ့ မလိုက်နာတဲ့ လွှတ်တော် ကိုယ်စားလှယ် တော်တွေကို သင့်တင့်သလို အရေးယူ ဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ပိုင်ခွင့်နဲ့လည်း လိုအပ်မယ်ဆိုရင် ဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါတယ်”ဟု ယင်းဗိုလ်မှူးကြီးက ပြောသည်။
ထိုသို့ကန့်ကွက်မှုနှင့် ပတ်သက်၍ အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်များ ပြန်လည်ဖော်ထုတ်ပြီး ဥပဒေနှင့်မညီသည့် အပိုင်းများ အားလုံးကို ပယ်ဖျက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦတီခွန်မြတ်က ယင်းအစည်းအဝေးတွင် ပြောသည်။
လွှတ်တော်တွင် ယခုကဲ့သို့ စကားလုံး အသုံးအနှုန်းများနှင့် ပတ်သက်၍ မကြာခဏ ကန့်ကွက်မှုများ ဖြစ်ပေါ်ရပြီး တပ်မတော်သည် ကန့်ကွက်မှု အများဆုံး အဖွဲ့အစည်း ၁ ခု ဖြစ်သည်။
You may also like these stories:
“လက်နက်နှင့် အာဏာသိမ်းခဲ့ခြင်း” စကားရပ် တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို
ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော
“အာဏာရ ဗမာခေါင်းဆောင်” ဆိုသည့် စကားရပ် လွှတ်တော်တွင် ကန့်ကွက်