စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့ကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်း ထည့်သွင်းရန် ဒေသခံ ၁ ဦးက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုချက် ပြုလုပ်ခဲ့မှုအပေါ် ရှမ်းနီအသိုင်းအဝိုင်းမှ ကန့်ကွက်ကြသည်ဟု သတင်းရရှိသည်။
ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခန္တီးမြို့)၊ ဒုဥက္ကဋ္ဌ ဦးစိုင်းဝင်းထွဋ် က “အခုလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲ ဆွဲသွင်းတာမျိုးကို ကျနော်တို့ ဘယ်တိုင်းရင်းသားမှ လက်မခံပါဘူး။ ကန့်ကွက်တဲ့ အကြောင်းကို အခု ကျနော်တို့ စာထုတ်ထားပါတယ်။ နောက်ပြီး တိုင်းအစိုးရ၊ ပြည်ထောင်စုအစိုးရရော တိုင်းရင်းသားအခွင့်အရေးနဲ့ ကာကွယ် စောင့်ရှောက်ရေး ကိုပါ ထပ်ပို့သွားပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့စဉ်က လေရှီးမြို့နယ်မှ ဒေသခံ ၁ ဦးဖြစ်သည့် ဦးကီရှီးမှူးက ခန္တီးနှင့် ဟုမ္မလင်းမြို့နယ် ၂ ခုကို နာဂအထူးဒေသအတွင်း ထည့်သွင်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တောင်းဆိုသူ ဦးကီရှီးမှူးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်က လေရှီးမြို့နယ် ပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး နာဂလူမျိုးများထဲတွင် အသက်အရွယ်ကြီးရင့်သူ၊ နယ်မြေနှင့် သမိုင်းကြောင်း ဆိုင်ရာ ဗဟုသုတ ရှိသူ ၊ ဝါရင့် နာဂနိုင်ငံရေးသမား ၁ ဦးဖြစ်သည်ဟု နာဂလူမျိုးများ အသိုင်းအဝိုင်း က ပြောကြသည်။
ထို့သို့ တင်ပြခဲ့ပြီးနောက် မကြာမီ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း ထည့် သွင်း သတ်မှတ်ပေးနိုင်ရေး အတွက် စိစစ်တင်ပြရန်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၉ နာရီ အရောက် လိုအပ် သည့် စာရွက်စာတမ်းအထောက်အထားများကို မပျက်မကွက် တင်ပြရန် ဟု ရေးသားထားသည့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန၏ စာ ၁ စောင် ထွက်ပေါ်လာခဲ့သည်။
အဆိုပါစာသည် ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၎င်းတို့ ဌာနအဆင့်ဆင့်ကြား အချင်းချင်း ပေးပို့သည့် စာများ ဖြစ်ကြောင်း၊ မြို့နယ် ၂ ခုကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ထည့်သွင်း သတ်မှတ်ရန် ဆောင်ရွက်နေခြင်းများကို တိုင်းအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌတို့လည်း ယနေ့ထိ သိထားခြင်း မရှိကြောင်း ဦးစိုင်းဝင်းထွဋ်က စုံစမ်း သိရှိ ရသည်ဟုလည်း ပြောသည်။
ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ခန္တီးမြို့)၊ ဒုဥက္ကဋ္ဌ ဦးစိုင်းဝင်းထွဋ်က “ ကျနော်တို့ ဒီမိုကရေစီအစိုးရ ဒုတိယ သက်တမ်းမှာ အရပ်ဘက် အစိုးရ ဖြစ်တဲ့ အတွက် ကျနော်တို့ ပြည်သူလူထု အပေါ်မှာ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်ရေးနဲ့ တိုင်းရင်းသားတွေကို အလေးပြုပြီး တိုင်းရင်းသား အချင်းချင်း သွေးခွဲတဲ့ စနစ်မျိုးကို မဖော်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်”ဟုလည်း ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏စာ ပေါက်ကြားလာပြီး နောက် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ကော်မတီ (S.S.P) ၊ ရှမ်းနီနွယ်ဖွား လူငယ်များ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-မုံရွာ) တို့မှ ကန့်ကွက်စာများ ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။
ခန္တီးမြို့ အခြေစိုက် ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ လီဆူစာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့ကလည်း သဘောမတူကြောင်း၊ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ထားသည်။
နာဂအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးရှုမောင်ကလည်း လက်ရှိတွင် ခန္တီးခရိုင်အဖြစ် သတ်မှတ်ထားသည့် နယ်မြေမှာ အင်္ဂလိပ် အုပ်စိုးစဉ် ကာလကတည်း က တရားဝင် နာဂတောင်တန်း ခရိုင် ဖြစ်ပြီး နာဂတောင်တန်းခရိုင်၏ ရုံးစိုက်ရာ မြို့မှာ ခန္တီးမြို့ ဖြစ်ခဲ့သည်ဟု ပြောသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် တပါတီအာဏာဖြင့် ၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲရာ ခရိုင် အားလုံး ဖျက်သိမ်းခံခဲ့ရရာ နာဂတောင်တန်းခရိုင်လည်း ဖျက်သိမ်းသည့်ထဲတွင် ပါသွားခြင်း ဖြစ်သည်ဟု ဦးရှုမောင်က ဆိုသည်။
ဦးရှုမောင်က “ဒီဘက်ခေတ် ရောက်တော့ မြို့နယ်နဲ့ ခရိုင်တွေ ပြန်ဖွဲ့စည်းတော့ နဂိုရှိတဲ့ နာဂတောင် တန်းခရိုင် ပျောက်သွားပြီး ခန္တီးခရိုင်ဆိုတာ မှည့်လိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနေ့ နာဂတွေ ပြောနေတာက နာဂတောင်တန်း ခရိုင်ဆိုတဲ့ နယ်မြေအပိုင်းအခြားအပေါ် ပြောနေကြတယ်လို့ ကျနော်က နားလည်ပါတယ်”ဟုလည်း ရှင်းပြသည်။
လူမျိုး ၁ မျိုး၏ ရပိုင်ခွင့် အခွင့်အရေးကို ထုတ်ဖော်ပြောဆိုသည်မှာ ဖက်ဒရယ်၏ အနှစ်သာရ ဖြစ်ပြီး လိုက်လံ ကန့်ကွက် နေရမည်မဟုတ်ဘဲ နိုင်ငံရေးစကားဝိုင်းများတွင် ဝိုင်းဝန်းဆွေးနွေးကာ အဖြေရှာကြရမည်ဟုလည်း ဦးရှုမောင်က ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ် ၂ ခုကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ထည့်သွင်းသတ်မှတ်ပေးရန် တောင်းဆိုခဲ့သည့် ဦးကီရှီးမှူးကို ဧရာဝတီမှ ဆက်သွယ်၍ မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။
ဦးရှုမောင်က ဦးကီရှီးမူးသည် မြို့နယ် ၂ ခုကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ထည့်ရန် တောင်းဆိုခြင်းမှာ နာဂလူမျိုးများ ကိုယ်စားလှယ်အဖြစ် တောင်းခြင်း မဟုတ်သော်လည်း နာဂလူမျိုးများ၏ သဘောထားများကို ထင်ဟပ် ကြောင်း ယူဆ၍ ရပါသည်ဟု ဆိုသည်။
ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(S.S.P) ၊ဥက္ကဋ္ဌ ဦးအောင်ခင်းက “ကျနော်တို့ကတော့ သဘော မတူဘူး။ တကယ်လို့ မဖြစ်မနေ (အစိုးရက) လုပ်ပေးတယ်ဆိုရင် ခန္တီး၊ ဟုမ္မလင်းက ရှမ်းလူထုတွေက ကန့်ကွက် ဆန္ဒပြမှာ”ဟု ပြောသည်။
S.S.P ပါတီ၏ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင်လည်း ခန္တီး၊ ဟုမ္မလင်း မြို့နယ်များသည် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသနှင့် နယ်မြေထိစပ်သော်လည်း ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ သမိုင်း နောက်ခံများ မှာ နာဂလူမျိုးများနှင့် လုံးဝ တူညီမှု မရှိပါဟု ရေးသားထားသည်။
ထို့ပြင် အထက်ချင်းတွင်းဒေသ၊ သမိုင်းအထောက်အထားများအရ မြန်မာမင်းများလက်ထက်က ခန္တီး စော်ဘွား၊ သောင်သွပ် စော်ဘွားတို့က ခန္တီးနှင့် ဟုမ္မလင်း အပါအဝင် အထက်ချင်းတွင်းဒေသ နယ်မြေများကို အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ဗြိတိသျှ အုပ်ချုပ်စဉ်ကာလကလည်း ရှမ်းနီစော်ဘွားများကို ပြန်တမ်းအမိန့်ဖြင့် တရားဝင် အုပ်ချုပ်ခွင့် ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးအောင်ခင်းက “သူတို့ ဒေသက တောင်ပေါ်ပဲ။ ဟိုးအရင်က စာသင်ပေးတာကအစ ကျနော်တို့ဒေသကို လာရင် ကျနော်တို့ ရှမ်းတွေက ကျွေးမွေးပြီး ပညာသင်ပေးတယ်။ စားစရာမရှိလို့ ဆင်းလာရင်လည်း ကျနော်တို့က ကျွေးမွေး စောင့်ရှောက် ထားကြတာ။ အခုက ဒီလိုလုပ်တော့ ကျနော်တို့က သိပ်မကျေနပ်ဘူးဗျ။ သူတို့အောက်မှာလည်း မနေ ချင်ဘူးခင်ဗျ” ဟုလည်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၊ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံပါ ပုဒ်မ ၅၆ (က) အရ စစ်ကိုင်းတိုင်း ဒေသကြီးရှိ လေရှီးမြို့နယ်၊
ဟုမ္မလင်း မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထားကြောင်း ပြဌာန်းထားသည်။
ခန္တီးမြို့နယ်နှင့် ဟုမ္မလင်း မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခန္တီးခရိုင်၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး ၂၀၁၄ ခုနှစ် ၊ သန်းခေါင်စာရင်း ကောက်ယူထားသည့် မှတ်တမ်းများအရ ခန္တီးမြို့နယ်တွင် လူဦးရေ ၄၅၆၅၈ ဦး နေထိုင်ကာ ဟုမ္မလင်း မြို့နယ်တွင် ၂၅၈၂၀၆ ဦး နေထိုင်သည်။
ခန္တီးမြို့နယ်နှင့် ဟုမ္မလင်း မြို့နယ်တို့တွင် ရှမ်းနီနှင့် နာဂတို့ အပြင် ချင်း၊ ကချင်၊ လီဆူ၊ ဗမာ ၊ ချင်း တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် မွတ်ဆလင် ဘာသာဝင်များလည်း စုပေါင်းနေထိုင်သည် ။
You may also like these stories:
ကယားပြည်နယ်မှ လယ်သမား ၂၇ ဦးကို တပ်မတော်က တရားစွဲ
တပ်မတော်နှင့် KIA တိုက်ပွဲ ပြင်းထန်၊ ရွာ ၅ ရွာမှ ဒေသခံ ၁ ထောင်ခန့် တိမ်းရှောင်ရ
နှစ် ၁၀၀ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးဝန်ကြီး ၄ ဦးသာရှိသည်