ချင်းပြည်နယ် ပလက်ဝမြို့ အနီးရှိ ကျေးရွာများတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများ ဆက်ဖြစ် နေသည့်အတွက် ရေကြောင်းသွားလာမှု ပိတ်ထားခြင်းကြောင့် ဒေသခံများ ရိက္ခာပြတ်လပ်မှု အခြေအနေ ကြုံနေရသည် ဟု သတင်း ရရှိသည်။
အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံတဦးက “ကျနော်တို့ တိုက်ပွဲကြောင့် ချောင်ပိတ်ခံနေရတယ်။ ရေကြောင်းက ပိတ် ထားတော့ ကုန်ဈေးနှုန်းတွေ အကုန် လိုက်တက်တယ်။ အခုက မြို့ပေါ်မှာပါ အရမ်း အခက်အခဲ ရှိတယ်။ ဒီဇယ်လည်း ပြတ်လုနီးပါးရှိပြီ။ အခုဆို ဒီဇယ်ဈေးက ၅ ထောင်ကနေ ၁ သောင်း ခုန်တက်သွားတယ်။ ဆန်လည်း မရှိဘူး။ ဆီလည်း မရှိ တော့ဘူး။ ၁၅ ရက်စာလောက်ပဲ ကျန်တော့တာ” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၈ ရွာ ရှိပြီး လူဦးရေ ၁၁၀၀၀၀ ခန့် ရှိသည့်အနက် လူဦးရေ ၆ သောင်းခန့် စစ်ဘေး ဒဏ် ခံနေရကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောကြားထားသည်။
ဖေဖော်ဝါရီလ ၁၇ ရက်က ပလက်ဝမြို့အနီးရှိ ဝက်မကျေးရွာ တဝိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် စက်လှေသွား လာခြင်း ပိတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ပလက်ဝ ဒေသခံတဦးက ဧရာဝတီသို့ ပြောကြားသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကာ ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) အထိ နေ့ ညဆိုသလို တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံများက ကြောက်ရွံ့နေကြပြီး အိမ်အပြင် မထွက်ရဲဘဲ ရှိနေကြောင်း သိရ သည်။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး က “မနေ့က ဝက်မရွာဘက်နားလောက်မှာ တော်တော်ဖြစ်ကြတယ်။ အဲဒါကြောင့် စက် လှေတွေ မသွားရတော့တာ။ သူများပြောတာတော့ AA က ဆန်လှေကို တားလုတယ် ပြောတယ်။ ကျနော်တို့ကတော့ အပြင်မထွက်ရဲတော့ သေချာမသိဘူး။ လက်နက်ကျတဲ့ အသံက အခုတောင် ကြားနေရတာ” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၆ ရက်တွင်လည်း ပလက်ဝမြို့အနီး အရှေ့ဘက်ကမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးလက်ဝရွာ ဒေသခံ တဦး သေနတ်ကျည်ဆံ ထိမှန်ခဲ့သည်ဟု တာဝန်ရှိသူ ဒေသခံတဦးက ပြောသည်။
ထို့ပြင် ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေး အခြေအနေ အရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ကို ဇန်နဝါရီလ ၉ ရက်မှ စပြီး သက်တမ်း ၂ လ ထပ်တိုးကြောင်း ပလက်ဝ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပလက်ဝမြို့နယ် အတွင်း၌ အသွားအလာ ပိတ်ပင်ခံနေရသလို၊ အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရ သည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝမြို့နယ်မှ ရဲဝန်ထမ်း လစာငွေ ကျပ်သိန်း ၄၀ ကျော် အလုခံရ