တရားမဝင် တားမြစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်သည်ဟုဆိုကာ တရုတ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား သင်္ဘောသား ၄၆ ဦးရှိနေကြောင်း ဘေဂျင်းအခြေစိုက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ပြောသည်။
မြန်မာသံရုံး တာဝန်ရှိသူ တဦး က “ကျနော်တို့ကို အကြောင်းကြားထားတာ အမှု ၁၇ မှုရှိတယ်၊ လူက ၄၆ ဦးပေါ့၊ တချို့က ကိုယ့်သင်္ဘောက ဘာပစ္စည်းသယ်မယ်ဆိုတာ မသိဘဲ လိုက်လာမိတဲ့သူတွေလည်းရှိတယ်၊ သူတို့ကို ပြန်လွှတ်ပေးဖို့က တောင်းဆိုလို့လဲမရဘူး။ နှစ်နိုင်ငံဆက်ဆံရေး ရှေးရှုပြီးတော့ပဲ အမှု တွေကို မြန်မြန် စစ်ဆေးပေးဖို့၊ ဖြည်လျော့ပေးဖို့တို့ကို မေတ္တာရပ်ခံထားပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကလည်း တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် သင်္ဘော ၃၆ စင်း၏ အမည်စာရင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းသင်္ဘောများထဲတွင် တရုတ် မှောင်ခို သင်္ဘောများနှင့် အရေးယူပိတ်ဆို့ခံထားရသည့် မြောက်ကိုရီးယားနိုင်ငံမှ သင်္ဘောများလည်း ပါဝင်လျှက်ရှိသည်။
ယင်းသို့ သင်္ဘောသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စေလွှတ်ပို့ဆောင်ခဲ့သည့် ကုမ္ပဏီ ၁၄ ခု ကို လည်း လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်း အရေးယူထားပြီး ဖမ်းဆီးခံရသည့် သင်္ဘောသားများအရေး တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်မှုများအား စောင့်ကြည့်နေကြောင်းလည်း သိရသည်။
၎င်းကုမ္ပဏီ ၁၄ ခုအနေဖြင့်လည်း တရုတ်နိုင်ငံက တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် သကြား နှင့် အေးခဲအသားများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ၂၀၁၇ ခုနှစ်မှစတင်ကာ သင်္ဘောသား ၆၀ ဦးအား စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများထဲမှ အမှုပြီးပြတ်သည့်အတွက် ပြန်လည်လွှတ်မြောက်ခဲ့ သူ ၄၀ ခန့်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက သိရသည်။
လက်ရှိတရုတ်နိုင်ငံတွင် COVID 19 ကူးစက်ရောဂါ ပြန့်ပွားလျှက်ရှိနေသည့် အခြေအနေတွင် ဖမ်းဆီးခံ ထားရသူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး မိသားစုဝင်များက စိုးရိမ်လျှက်ရှိနေသည့် အတွက် ၎င်းတို့ ၏ အခြေအနေမှန်များအား သိရှိနိုင်ရေး သံရုံးအနေဖြင့် မြန်မာသင်္ဘောသားများအား ထိန်းသိမ်းထား သည့် စခန်း ၁၂ ခုထံ ဆက်သွယ်ကာ ဆောင်ရွက်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာသံရုံး တာဝန်ရှိသူတဦးက “ဘာဖြစ်ဖြစ်ပါ အချိန်မရွေး ကျနော်တို့ဆီ အကူအညီ တောင်းခံနိုင်ပါတယ်၊ ကျနော်တို့ ဘက်က တတ်နိုင် သမျှ ကြိုးစားဆောင်ရွက်ပေးပါမယ်၊ ဆက်တဲ့သူတွေက အရမ်းများတော့ ဖုန်းရသည်အထိ အချိန်လေးပေးပြီး သည်းခံဆက်သွယ်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံ၏ ဥပဒေအရ တားမြစ်ပစ္စည်းများ သယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရပါက ဒဏ်ငွေဆောင်စေ ခြင်း၊ ထောင်ဒဏ်ပြစ်ဒဏ်နှင့် ထောင်ဒဏ်ပြစ်ဒဏ်အပြင် ဒဏ်ငွေပါ ဆောင်စေခြင်း စသည့် ပြစ်ဒဏ် များချမှတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးကြောင်း ဘေဂျင်းအခြေစိုက် မြန်မာနိုင်ငံသံရုံးက သိရသည်။
ဆက်စပ်ဖတ်ရှူရန်
တရုတ်မှောင်ခိုသင်္ဘောများသို့ လုပ်သားစေလွှတ်သည့် ကုမ္ပဏီ ၁၄ ခု လိုင်စင်ယာယီ ပိတ်သိမ်း