သတင်း

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှစ်ရက်ဆက်တိုက် ကျဆင်းလာ

Want create site? Find Free WordPress Themes and plugins.

တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်သစ်ကြောင့် သေဆုံးသူဦးရေမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ၂၀၀၀ ကျော်သွားပြီးဖြစ်သော်လည်း အသစ်ကူးစက်မှုအရေအတွက်မှာ နှစ်ရက်ဆက်တိုက်ကျဆင်းလာကာ အာဏာပိုင်များကလည်း အဆိုးဝါးဆုံးဒဏ်ခံရသည့် ဝူဟန်မြို့တွင် တင်းကျပ်သည့် ထိန်းချုပ်ရေးအစီအမံများကို ချမှတ်ဆောင်ရွက်နေသည်။

ကိုရိုနာဗိုင်းရပ်အသစ်ကူးစက်မှုမှာ ၁၇၄၉ ဦးရှိသည်ဟု တရုတ်အမျ်ိုးသား ကျန်းမာရေးကော်မရှင်က ကြေညာခဲ့ရာ ဇန်နဝါရီ ၂၉ နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ ထိုစဉ် ကူးစက်ဖြစ်ပွားမှုအဓိကနေရာ ဟူပေပြည်နယ်ကလည်း ဖေဖော်ဝါရီ ၁၁ နောက်ပိုင်း အသစ်ကူးစက်မှု အရေအတွက်မှာ အနိမ့်ဆုံးဖြစ်သည်ဟု အစီရင်ခံခဲ့သည်။

နောက်ဆုံးစာရင်းများအရ တရုတ်တွင် ကူးစက်ခံရသူ စုစုပေါင်းအရေအတွက်မှာ ၇၄၀၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်းမှာ ၂၀၀၄ ဦး ရှိသွားပြီဖြစ်ကာ ၎င်းတို့အနက် ဖြစ်ပွားမှု၏ လေးပုံသုံးပုံမှာ ဟူပေပြည်နယ်မြို့တော် ဝူဟန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်က ဗိုင်းရပ်ပထမဆုံးပေါ်လာခဲ့သည့် ၎င်းမြို့၏ သွားလာဝင်ထွက်မှုကို ထိန်းချုပ်ထားသည်။

ကူးစက်နှုန်း သိသာစွာလျော့ကျခြင်းက တုပ်ကွေးကဲ့သို့ ဗိုင်းရပ်ကို ထိန်းချုပ်နိုင်တော့မည့် အထောက်အထား ဖြစ်သည်ဟု တရုတ်အရာရှိများက ပြောကြားလိုက်သည်။ သို့သော်လည်း ကူးစက်ပြန့်ပွားမှုက မည်သို့အရှိန်ကုန်မည်ကို ခန့်မှန်းပြောဆိုရန် အချိန်စောနေသေးသည်ဟု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရာရှိများက ပြောသည်။

ဗိုင်းရပ်စတင်ခဲ့သည်ဟု ယုံကြည်ရသည့် ဝူဟန်မြို့ရှိ ဦးဆောင်ဆေးရုံကြီးတရုံ၏ အကြီးအကဲမှာ အင်္ဂါနေ့က ယင်းဗိုင်းရပ်ကြောင့်ပင် သေဆုံးခဲ့ပြီး ရောဂါကို မလွန်ဆန်နိုင်ခဲ့သည့် သတ္တမမြောက် ကျန်းမာရေးဝန်ထမ်းဖြစ်သည်။ ဟူပေပြည်နယ်ကို တသီးတခြား ထားရှိသည့် လုပ်ဆောင်ချက်များအပြင် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အဖျားရှိသော လူနာများ တွေ့ရှိနိုင်ရေး ပိုမိုအားကောင်းသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု တရုတ်န်ိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ကတည်းက ဆရာဝန်များဆီပြသနေသော လူနာအားလုံး၏ မှတ်တမ်းများ အားလုံးကို ပြည်နယ်က စစ်ဆေးမည်ဖြစ်ကာ ပြင်ပဆေးဆိုင်နှင့် အွန်လိုင်းဆေးဆိုင်များတွင် ဆရာဝန်မှတ်ချက်မလိုဘဲ ရောင်းချနိုင်သည့် ချောင်းဆိုးဖျားနာပျောက်ဆေးများ ဝယ်ယူထားသူများ၏ မှတ်တမ်းများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း ပြည်နယ်၏ ရောဂါထိန်းချုပ်ရေးဋ္ဌာနချုပ်မှ အသိပေးစာ တစောင်ကို ကိုးကား၍ ရှင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်သည် ဟူပေပြည်နယ်တွင် လောင်သောမီးကို ပထမဆုံးငြှိမ်းသတ်ခြင်း၊ တရုတ်နှစ်သစ်ကူးအားလပ်ရက်မှ ပေကျင်းသို့ပြန်လာသော လူများကို သေချာစောင့်ကြည့်ခြင်းတို့ဖြင့် အောင်မြင်မှု ရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ် အစီစဉ်အကြီးအကဲ မိုက်ရိုင်ယန်က ပြောသည်။

ယခုတရုတ်တွင် မဟာဗျူဟာနှင့် နည်းဗျူဟာချဉ်းကပ်မှု မှန်ကန်သည်ဟု ရိုင်ယန်က ပြောသည်။ ဟူပေပြည်နယ်မပါဘဲ တရုတ်ပြည်မကြီးတွင် အသစ်ကူးစက်မှု အရေအတွက်မှာ ၁၅ ရက် ဆက်တိုက်ကျဆင်းနေပြီဖြစ်သည်။

ဟူပေမပါသည့် အသစ်ကူးစက်မှု အရေအတွက်စုစုပေါင်းက ၅၆ ဦးသာရှိခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်က အမြင့်ဆုံး ၈၉၀ အထိ ရောက်ရှိခဲ့ရာမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံပြင်ပတွင် အကြီးမားဆုံးကူးစက်မှု အစုအဝေးမှာ ဂျပန်ကမ်းလွန်တွင် ရောဂါခြေချုပ်ထားရှိသော ခရုဇ်သင်္ဘော တစင်းပေါ်တွင်ဖြစ်ပြီး ယင်းနေရာတွင် ခရီးသည်နှင့် သင်္ဘောသား ၃၇၀၀ အနက် ၅၄၀ ကျော်မှာ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သည်။ ကူးစက်ခံရသူများနှင့် တခန်းတည်းနေခဲ့ရသူများမှာ သင်္ဘောပေါ်ပို၍ ကြာကြာနေရမည်ဖြစ်သော်လည်း ခရီးသည် ၅၀၀ ခန့်မှာ ဗုဒ္ဓဟူးနေ့တွင် သင်္ဘောမှ ဆင်းရန် စီစဉ်ထားသည်ဟု ဂျပန်မီဒီယာများနှင့် အရာရှိများက ပြောသည်။

ကူးစက်ခံရသူအများအပြားကို ဆေးရုံများသို့ လွှဲပြောင်းထားသည်။ ခရီးသည်ထက်ဝက်ခန့်မှာ ဂျပန်လူမျိုးများဖြစ်သည်။ သင်္ဘောပေါ်မှ လူခုနစ်ဦးကို လေယာဉ်တစီးက တောင်ကိုရီးယားသို့ ဗုဒ္ဓဟူးနေ့တွင် ပို့ဆောင်ပေးခဲ့ပြီး သြစတြေးလျကလည်း ယင်းသင်္ဘောမှ ၎င်း၏နိုင်ငံသား ၂၀၀ ကျော်ကို ယင်းနေ့နောက်ပိုင်းတွင် ဘေးလွတ်ရန် ပြောင်းရွှေ့ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်သည် တနင်္ဂနွေနေ့က Diamond Princess သင်္ဘောပေါ်မှ ၎င်း၏ နိုင်ငံသား ၄၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဗြိတိန်၊ ကနေဒါ၊ ဟောင်ကောင်၊ အီတလီနှင့် ထိုင်ဝမ်တို့ကလည်း ခရီးသည်များ နေရပ်ပြန်နိုင်ရန် အစီစဉ်များရှိသည်။

တရုတ်နိုင်ငံပြင်ပတွင် ကူးစက်ခံရသူပေါင်း ၈၂၇ ဦး ရှိပြီး ငါးဦးမှာ သေဆုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့် ကြေညာချက်များကို အခြေခံ၍ ရိုက်တာက ရေတွက်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှု

ယင်းကူးစက်ရောဂါကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများရှိသော်လည်း ကူးစက်ဖြစ်ပွားမှုမှာ အကန့်အသတ်ရှိကြောင်း၊ ကာလတိုမည်ဖြစ်ကြောင်း၊ စီမံထိန်းချုပ်နိုင်ကြောင်း၊ ထို့အပြင် လိုအပ်ပါက ကြားဝင်ဆောင်ရွက်ရန် ပေကျင်းတွင် လုံလောက်သည့် အရင်းအမြစ်များရှိကြောင်း EU ဆိုင်ရာ တရုတ်သံအမတ်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ကူးစက်ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်သေးသည်ဟု သမ္မတရှီကျင့်ဖျင်၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့သည်။ ယခုဗိုင်းရပ်က တရုတ်၏ စီးပွားရေးအပေါ် ကာလရှည်ထိခိုက်မှု ရှိလ်ိမ့်မည်မဟုတ်ကြောင်း တရုတ်ရန်ပုံငွေတခုသည် အစုငွေ ယွမ်ဘီလျံ ၁၂၀ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၉ ဘီလျံ) ကို ဆွဲဆောင်နိုင်ခဲ့ကာ ရည်မှန်းထားသည်ထက် အဆ ၂၀ ပိုများကြောင်း ရင်းမြစ်တခုက ပြောသည်။

အစုငွေလက်ခံပြီး အချိုးကျ အမြတ်ပေးသည့် ၎င်းကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများရှိ ပိုင်ဆိုင်မှု၏ ၉၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံနိုင်ပြီး ယွမ် ၆ ဘီလျံသာ ကောက်ခံရန် ရည်ရွယ်ခဲ့သည်။

ကမ္ဘာတဝန်း ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းတို့မှာ ရေတိုကာလ သက်ရောက်မှုကြောင့် ဖရိုဖရဲဖြစ်နိုင်သည်။

ဗြိတိန်၏ အကြီးမားဆုံး ကားထုတ်လုပ်သူ Jaguar Land Rover သည် ၎င်း၏ထုတ်လုပ်မှုကို ထိန်းသိမ်းရန် တရုတ်လုပ်အစိတ်အပိုင်းများကို ခရီးဆောင်သေတ္တာများဖြင့် ဗြိတိန်သို့ လေယာဉ်ဖြင့် သယ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်ကြောင့် နှစ်ပတ်အတွင်း ပြတ်လပ်သွားနိုင်သည်။

ဗိုင်းရပ်ကူးစက်ဖြစ်ပွားမှုကြောင့် ကားများ၊ ကွန်ပျူတာချိပ်များနှင့် စမတ်ဖုန်းများကဲ့သို့ တောင်ကိုရီးယားလုပ် ထုတ်ကုန်များအတွက် ဝယ်လိုအားမှာ ထိခိုက်နေစဉ် စီးပွားရေးမှာ အရေးပေါ်အခြေအနေ ဖြစ်နေပြီး လှုံ့ဆော်မှုများပြုလုပ်ရန် လိုအပ်နေသည်ဟု တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။

ဂျပန်နှင့် စင်ကာပူမှ ယခုသီတင်းပတ်ရရှိသော အချက်အလက်များက ထိုနိုင်ငံများ၏ စီးပွားရေးမှာ စီးပွားရေးကျဆင်းမှု နှုတ်ခမ်းတွင်ရှိနေသည်ဟု သိရသည်။

Source: The Straits Times

You may also like these stories:

E-Visa နှင့် သံရုံး ဗီဇာတို့ဖြင့် လာမည့် တရုတ်ခရီးသွားများ ကျန်းမာရေးအာခံချက် လိုအပ်

ကျန်းမာရေးထောက်ခံစာဖြင့် တရုတ်ခရီးသွားများ ဝင်ခွင့်ပြုခြင်းကို မန္တလေးတိုးဂိုက်များ ကန့်ကွက်

ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာကို တရုတ်ပညာရှင်များ တီထွင်

Did you find apk for android? You can find new Free Android Games and apps.
Loading