သတင်း

စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စာသင်ကျောင်းများသို့ လက်နက်ကြီး ကျည်ကျမှုများ ရှိနေပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိနေသောကြောင့် ကျောင်းဧရိယာများအနီး တိုက်ပွဲများ မလုပ်ဆောင်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မေတ္တာရပ်ခံလိုက်သည်။

“မီဒီယာတဆင့် ဝိုင်းပြီး ပြောပေးပါဗျာ။ ကျောင်းဧရိယာမှာတော့ မလုပ်ကြပါနဲ့လို့။ အေးချမ်းစွာလေး ပညာ သင်ကြားခွင့် ပေးပါလို့ ဒီတခုတော့ ပြောချင်ပါတယ်။ ကျနော်တို့ မျှော်လင့်တာတော့ ဒီဒေသတွေ မြန်မြန် ဆန်ဆန် အေးချမ်းပြီးတော့ ကလေးတွေ အကုန်လုံး ပညာသင်ကြားမှု အခွင့်အရေး ရပါစေလို့ ပြောချင် ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အမြဲတစေ ပိတ်ထားရသည့် စာသင်ကျောင်းများ မရှိ သော်လည်း တိုက်ပွဲအခြေအနေအရ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေရသည့် စာသင်ကျောင်းများရှိကြောင်း၊ အချို့ပညာရေးဝန်ထမ်းများမှာလည်း အလုပ်မှ ထွက်စာတင်မှုများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပညာရေးကိုပဲ ကျနော်တို့ အားပေးတာ။ လက်နက်ကြီး ကျည်ကျတာတို့ နောက်ပစ်လိုက်တာ ကျနော်တို့ ဆရာ၊ ဆရာမတွေ ထိတာတွေ ရှိတာကိုး၊ အဲဒါမျိုးဆိုရင် ကျနော်တို့ အင်မတန် စိတ်မကောင်းဖြစ်တယ်”ဟု ဒုဝန်ကြီးက ဆိုသည်။

လာမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်နေရာများတွင် လုံခြုံရေး အထူး ဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကာ ကျောင်းသားတိုင်း စာမေးပွဲဖြေခွင့် ရရှိရေး ကြိုးပမ်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က ရခိုင်ပြည်နယ် ဘူးသီးတော်မြို့နယ် စံညှင်းေ၀ ကျေးရွာအုပ်စု၊ ခမွေချောင်းကျေးရွာ မူလတန်းလွန် စာသင်ကျောင်း ၁ ခုပေါ်သို့ လက်နက်ကြီး ကျည် ၁ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် မူလတန်းအရွယ် ကျောင်းသားကျောင်းသူ ကလေးငယ်၂၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောအုပ်စု ကုန်းတောကျေးရွာမှ မူလတန်းပြဆရာမ ၁ ဦး ဖေဖော်ဝါရီလ ၃ ရက်နေ့က လက်နက်ကြီးကျည်ဆန် ထိမှန်ခဲ့သည့်အတွက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၁ သိန်းနီးပါးရှိလာပြီး ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုများ ထိခိုက်လျက်ရှိသည်။

ဆက်စပ်လင့်

ဘူးသီးတောင် စာသင်ကျောင်း လက်နက်ကြီးကျ၊ ကျောင်းသား/သူ ၂၁ ဦး ဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျ၊ ကျောင်းသား ၄ ဦး ဒဏ်ရာရ

ရသေ့တောင်တွင် မူလတန်းပြ ဆရာမ ၁ ဦး လက်နက်ကြီး ထိမှန်

Did you find apk for android? You can find new Free Android Games and apps.
Loading