တနှစ်ကျော်ဆိုင်းငံ့ထားခဲ့ရသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ဆိုင်ရာ အစည်းအဝေးများကို မတ်လတွင် ပြန်လည်ကျင်းပရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားလှယ်များအကြား သဘောတူညီထားပြီဟု သတင်းရရှိသည်။
အဆိုပါ သတင်းအချက်အလက်ကို အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့တို့၏ ကိုယ်စားလှယ်များအကြား ၃ ရက်တာ ညှိနှိုင်းအစည်းအဝေးတရပ်ကို ကျင်းပပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ဦးလှမောင်ရွှေက “နှစ်ဖက်မှာ ညှိနှိုင်းထားတာက JMC အစည်းအဝေးတွေ ပြန်စဖို့ပါပဲ။ အားလုံးသိတဲ့အတိုင်း ဆိုင်းငံ့ထားတဲ့ JMC အစည်းအဝေးတွေကို လာမယ့် မတ်လ ၁၀၊ ၁၁၊ ၁၂ မှာ ပြန်စနိုင်ဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။ ဒီရက်ပိုင်းမှာ ဒီအတိုင်းပဲ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်ရပ် ၁၀ ဖွဲ့ တို့၏ ၃ ရက်ကြာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးအတွင်း ရပ်တန့်နေသည့် JMC အစည်းအဝေးကို ပြန်လည်စတင်ကျင်းပရန် အစိုးရဘက်မှ အဆိုပြုရာ မတ်လ အတွင်း ပြန်ကျင်းပရန် နှစ်ဘက်ဆွေးနွေးကာ လျာထားလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
အပစ်ရပ် ၁၀ ဖွဲ့၏ပြောရေးဆိုခွင့် ရှိသူ နိုင်အောင်မငေး ကလည်း ၃ ရက်တာ အစည်းအဝေးတွင် JMC အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေးနှင့် ၂၁ ရာစု ပင်လုံ အစည်းအဝေး မကျင်းပမီ ရှမ်းနှင့် ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အဆုံးအဖြတ် ပေးမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး၊ UPDJC အစည်းအဝေးများကို ကျင်းပရန် အတွက်လည်း လျာထားရက်များ သဘောတူနိုင်ခဲ့သည်ဟု ပြောသည်။
ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) များကိုလည်း မတ်လအတွင်း အဆင့်ဆင့် ကျင်းပရန် သဘောတူညီထားပြီဟု သိရသည်။
၂၀၂၀ ခုနှစ်အလွန် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအတွက် အဆိုပြုချက်များကိုလည်း အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့တို့အကြား ဆွေးနွေးနေပြီး နှစ်ဖက်မှ အဆိုပြုကြသည့် အဆိုပြုချက် တစောင်စီကို လဲလှယ်ပြီး သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များထံ တင်ပြရန်လည်း ရှိသည်ဟု နိုင်အောင်မငေးက ပြောသည်။
ဆက်လက်ပြီး နိုင်အောင်မငေး က “ရှေ့ဆက် တွေ့ဆုံဆွေးနွေးဖို့ကတော့ အစဉ်လိုက် ဆက်တိုက် သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ဦးလှမောင်ရွှေက ဆိုင်းငံ့ထားသည့် JMC အစည်းအဝေးကို ပြန်လည်စတင်နိုင်ရန် အစိုးရ နှင့် အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စားလှယ်များအကြား အဆင့်ဆင့် ညှိနှိုင်းပြီး ယုံကြည်မှုများ တည်ဆောက် ခဲ့ရသည်ဟု ပြောသည်။
ဆက်လက်ပြီး ဦးလှမောင်ရွှေ က “ကျနော်တို့ အချင်းချင်းကြားထဲမှာ ယုံကြည်မှု ပြန်ရှိလာတဲ့အ ခြေအနေလို့ ပြောရမယ်” ဟုလည်း ပြောသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ၁၀+၁၀ ထိပ်သီးအစည်းအဝေး ပြုလုပ်ရာ တပ်မတော် နှင့် အစိုးရဘက်မှ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော်ရှိရေးကို လက်ခံရန် အဆိုပြု ခဲ့သည်။
ထိုအဆိုပြုချက်ကို တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစုအဖွ့ဲဘက်မှ လက်မခံနိုင်ကာ သဘောထားကွဲလွဲမှုများ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ ရပ်တန့်မှု စတင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတစောင် ပေးပို့ထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကလည်း JMC အဆင့်ဆင့်၏ ဆောင်ရွက်မှုများမှာ သမာသမတ်ကျခြင်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု မရှိပါက နောင်ကျင်းပမည့် JMC အစည်းအဝေး အဆင့်ဆင့်တွင် ပါဝင်တတ်ရောက်ရန် သုံးသပ်မည်ဟု ဆိုကာ စာထုတ်ပြန်ခဲ့ပြီး JMC အစည်းအဝေးများတွင် ပါဝင်မှုကို ရပ်ဆိုင်းခဲ့သည်။
JMC ကို ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် ဟူ၍ အဆင့်ဆင့် ဖွဲ့စည်း ထားပြီး NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား မြေပြင်တွင် ပစ်ခတ်မှုများ ပြန်မဖြစ်စေရန်၊ ပစ်ခတ်မှုများ ပြန်ဖြစ်ပါက ပြေလည်နိုင်ရေးအတွက် ညှိနှိုင်းရန်နှင့် တပ်ပိုင်းဆိုင်ရာ နှစ်ဖက်လိုက်နာရမည့် အချက်များ ချိုးဖောက်ပါက ညှိနှိုင်းကြရန်၊ ဖြေရှင်းကြရန် စောင့်ကြည့် စီစစ်ရန် ဖွဲ့စည်း ထားသည့် ကော်မတီဖြစ်သည်။
ပြည်ထောင်စုအဆင့် ဖြစ်သည့် JMC-U တွင် အစိုးရ နှင့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဘက်မှ ကိုယ်စားလှယ် ၁၀ ဦးစီ၊ နှစ်ဖက်အဆိုပြုထားသည့် အများယုံကြည်လေးစား ရသည့် အရပ်သား ကိုယ်စားလှယ် ၃ ဦးစီဖြင့် စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်ချက်များအရ JMC-U အစည်းအဝေးများကို ၂ လတကြိမ် ကျင်းပရန် ခေါ်ယူရမည် ဖြစ်သည်။
ဒေသအသီးသီးတွင် ဖြစ်ပွားသည့် အငြင်းပွားမှုများ၊ ပစ်ခတ်မှုများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် ချိုးဖောက်မှုများ၊ NCA အရ လုပ်ဆောင်ခြင်းမပြုရမည့် အရပ်သားများကို စစ်သားသစ်စုခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို တိုင်ကြားခြင်းများ ရှိလာပါ ဒေသန္တရအဆင့် (JMC-L)က အစည်းအဝေးများ ပြုလုပ်ကာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် (JMC-S) သို့တင်ပြပြီး အဆုံးအဖြတ်ကိုလည်း ရယူနိုင်သည်။
JMC-S တွင် မပြီးပြတ်သည့် ကိစ္စဖြစ်ပါက JMC-U အစည်းအဝေးများတွင် ညှိနှိုင်း ဖြေရှင်းနိုင် မည်ဖြစ်သည်။
You may also like these stories:
စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ
ကျပ်သိန်း ၇၈၀၀ ကျော် အလွဲသုံးထားသည့် မန္တလေး စည်ပင်ဝန်ထမ်း တိမ်းရှောင်နေ
ရခိုင်စာစစ်ဌာနများ ပြောင်းရွှေ့ရလျှင် ဖြေဆိုမည့်သူများ အခက်အခဲတွေ့နိုင်