မန္တလေးမြို့ရှိ ရေတံခွန်တောင်မြို့သစ် စီမံကိန်းအတွက် စီမံကိန်း ဆောင်ရွက်နေသော Developer ကုမ္ပဏီက ပေး သွင်းရန် ကျန်ရှိသော မြေအသုံးချမှု အာမခံကြေး ကျပ်သန်း ၁၄၀၀ ကျန်ရှိနေသေးကြောင်း သိရသည်။
မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ ရဲလွင်က “မြေအသုံးချမှု ပရီမီယံကြေး (အာမခံကြေး) ပေးသွင်း ရန် နောက်ကျရခြင်းက စီမံကိန်း သတ်မှတ်ကာလအတွင်း မစတင်နိုင်ခြင်း၊ စီမံကိန်း ဧရိယာမှာ ကျုးကျော်နေထိုင်သူ တွေ ဖယ်ရှား ရှင်းလင်းဖို့ အကြိမ်ကြိမ် ဆွေးနွေး ဆောင်ရွက်ခဲ့ရတာတွေကြောင့် ဖြစ်ပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန် အစည်းဝေး၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင်ခြေတွင် ဖွံ့ဖြိုးသစ် ကုမ္ပဏီက အကောင်အထည် ဖော်နေသော ရေတံ ခွန်တောင် မြို့သစ်စီမံကိန်းအတွက် ကုမ္ပဏီဘက်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ မြေအသုံး ချမှု အာမခံကြေး ကျပ်သန်း ၅၀၀၀ ပေးသွင်းရန် သတ်မှတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ငွေကြေးမှ သန်း ၃၆၀၀ အား ကုမ္ပဏီဘက်က ပြီးခဲ့သော ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းခဲ့ပြီး ဖြစ် သော်လည်း ကျန်ရှိနေသည့် သန်း ၁၄၀၀ အား ပေးသွင်းခြင်း မရှိသဖြင့် လက်ရှိ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အတွင်း အပြီးပေးသွင်းရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းက အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဒေါက်တာ ရဲလွင်က ပြော သည်။
ဖွံ့ဖြိုးသစ် ကုမ္ပဏီမှ အမည်မဖော်လိုသူ တာဝန်ရှိအကြီးအကဲ တဦးက “ဘာအခက်အခဲမှ မရှိပါဘူး။ အခုက ၂၀၁၉-၂၀ ဘတ်ဂျက်အတွင်းမှာ ဖြစ်တဲ့အတွက် အောက်တိုဘာမှာ သွင်းပေးရင်လည်း ဘောင်ဝင်ပါတယ်။ ဒါပေမယ့် စည်ပင်က ဒီငွေသွင်းပေးဖို့ ပြောတဲ့အချိန်မှာ သွင်းပေးဖို့ ကုမ္ပဏီဘက်က အမြဲတမ်း အဆင့်သင့်ပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ကုမ္ပဏီဘက်က စီမံကိန်း စတင်ရန်အတွက် ကြုံတွေ့ရသည့် အဓိက အခက်အခဲမှာ ကျုးကျော် ပြဿနာဖြစ်ပြီး ယင်း အား ကိုင်တွယ်ဖြေရှင်းရသည်မှာ ခန့်မှန်းထားသည့်ထက် အချိန် ပိုမိုကြန့်ကြာမှုများ ရှိခဲ့ကာ၊ လက်ရှိ စီမံကိန်း ပြီးစီးမှု အခြေအနေမှာ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ထံ တည်ဆောက်ရေး ကာလထပ် မံ သက်တမ်းတိုး တင်ပြခဲ့ပြီး၂၀၂၅ ခုနှစ်တွင် စီမံကိန်း ပြီးစီးရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ရေတံခွန်တောင်မြို့သစ် စီမံကိန်းသည် မြေဧက ၂၀၀ ကျော်ပေါ်တွင် လူနေအိမ်ရာများ၊ နိုင်ငံတကာ အဆင့် ဆေးရုံနှင့် စာသင်ကျောင်း၊ ဈေးဝယ်စင်တာ တခု၊ ကြယ်လေးပွင့်အဆင့် ဟိုတယ်တလုံးနှင့် ကြယ် ၃ ပွင့် အဆင့် ဟိုတယ်တလုံး ပါဝင်သည့် တည်ဆောက်ရေး စီမံကိန်း တခုဖြစ်ပြီး ယခင် အစိုးရလက်ထက်က ခွင့်ပြုခဲ့သော စီမံကိန်းတခုလည်း ဖြစ် ကြောင်း မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။
You may also like these stories:
စီမံကိန်းကြီးများမှ နိုင်ငံရေး အမြတ်ထုတ်မည် မဟုတ်ဟု မန္တလေး ဝန်ကြီးချုပ်ဆို