ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် လမ်းပန်း ဆက်သွယ်ရေး ပြတ် တောက်ကာ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့ နေရသည့် အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့အား တင်ပြထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီး ဦးစိုးထက်က ပြောသည်။
ဦးစိုးထက် က “နိုင်ငံတော် အကြီးအကဲတွေလည်း ဒီကိစ္စကို အကုန်သိပါတယ်။ ကျနော်တို့လည်း ဖြစ်နိုင်ခြေ အကုန်လုံးကို တင်ပြထားတယ်။ အောက်ခြေက တင်ပြလာတဲ့ အခက်အခဲတွေ အားလုံးကို လုပ်နိုင်ဖို့ ပြည်ထောင်စုကို တင်ပြထားတယ်။ လုပ်မယ့် အစီအမံတွေလည်း လူကြီးတွေ စဉ်းစားပြီး လုပ်တော့ လုပ်မှာပါ ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝ မြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် ကုလားတန် မြစ်ကြောင်းအနီး ဝန်းကျင်နေရာများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖေဖော်ဝါရီလ ၆ ရက်မှ စပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း အစိုးရ အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။
ထိုအခြေအနေများကြောင့် ပလက်ဝ ဒေသ ဆန်နှင့် ရိက္ခာများ ပြတ်တောက်လုလု အခြေအနေနှင့် ကြုံတွေ့နေရသည့် အတွက် သဘာဝဘေးနှင့် စစ်ဘေးရှောင် များအတွက် ရည်ရွယ်ပြီး စုဆောင်းထားသည့် ဆန်အိတ် ၁၀၀၀ နီးပါးကို ယမန်နေ့က ကျေးရွာအုပ်စု အလိုက်ခွဲတမ်းများ ဖြင့် ဝေငှပေးလိုက်ပြီး ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်များထံက သိရသည်။
ပလက်ဝမြို့နယ် မီးလက်ဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်း က “အခက်အခဲကတော့ တော်တော် ဖြစ်ပါတယ်။ ဆန်တအိတ်ကို၂ သောင်းကျော်ကနေ ၃ သောင်းကျော် အထိ ဖြစ်နေတယ်။ အလွယ်တကူလည်း ဝယ်ဖို့ ရှာမရဘူး။ မနေ့ က အဲဒီ အခက်အခဲတွေ တင်ပြတော့ မြို့နယ် ထွေအုပ်က ကျေးရွာအုပ်စုတခုကို ဆန် ၁၀ အိတ်စီ ပေးပါတယ်။ အဲဒါနဲ့ ကျ နော်တို့ စားသောက်နေရတာ။ အဲဒီဆန်တွေ ကုန်ရင်တော့ ဘယ်လို လုပ်ရမယ် မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ မီးလက်ဝ ကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀ ကျော်ရှိကာ ယမန်နေ့ ညနေ ၈ နာရီ အချိန်ခန့် လည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆန် တလုံး ကျရောက်ပေါက်ကွဲသဖြင့် ၆ တန်းကျောင်းသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ လက်ရှိအချိန်တွင် ပလက်ဝ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်း က ဆိုသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုးထက်ကတော့ “ကုလားတန် မြစ်ကြီးက အကျယ်ကြီးပဲ အဲဒါကို ဘယ် သူမှ မတားဆီးဘဲနဲ့ သွားခွင့်ပေးလိုက်ရင် ပြီးနေတာပဲ။ အခု AA က စက်လှေတွေကို တားဆီးမှုတွေ လုပ်နေတာက တော် တော်ကို ဆိုးပါတယ်။ အဲဒါကြောင့် ပိတ်ဆို့ပြီး ဒီလို ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်မှ ညမထွက်ရ အမိန့်များ ထုတ်ပြန်ထားသလို အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားသည့်အပြင် သယ်ယူပို့ဆောင်ရေးနှင့် ရေလမ်းများ ပိတ်ဆို့ထားသည့် အတွက် ထိုသို့ စားနပ်ရိက္ခာနှင့် လူ့ အသုံးအဆောင်ပစ္စည်း ပြတ်တောက်သွားခြင်းသာ ဖြစ်ကြောင်း AA သတင်းပြန်ကြားရေး ဌာနက ယနေ့ ရက်စွဲဖြင့် ထုတ် ပြန်ထားသည်။
ခရီသွားပြည်သူများ အနေဖြင့် ကျောက်တော်–ပလက်ဝမြို့နယ်သို့ ဆန်အပါအဝင် လူသုံးကုန်ပစ္စည်းများ သယ်ဆောင်မည် ဆိုပါက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အားမခံချက်များနှင့် ထောက်ခံချက်များကို တပါတည်း ယူဆောင် လာရမည် ဖြစ်ကာ ထိုသို့သော ထောက်ခံချက်များ ပါရှိပါ တစုံတရာ အနှောင့်အယှက် ပေးမည် မဟုတ်ဘဲ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
သို့သော်လည်း စစ်ရေးကာလ ပြင်းထန်နေသည့် အချိန်ဖြစ်သည့် အတွက် တပ်မတော်၏ ရိက္ခာပစ္စည်းများနှင့် အသုံး အဆောင်ပစ္စည်းများ ပါရှိလာမှုကို စိစစ်တွေ့ရှိပါက ၎င်းတို့အနေဖြင့် ထိန်းသိမ်း ကန့်သတ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပလက်ဝမြို့ခံ ကိုဘုထန်ပိုင် က လက်ရှိအခြေနေတွင် ပလက်ဝ– ကျောက်တော် စက်လှေလိုင်းများ တပတ်ကျော် ကြာ ပြတ်တောက်သွားသည့်အတွက် ပလက်ဝမြို့ပေါ်မှ ဆန်ဆိုင်များမှာ ရောင်းချစရာ မရှိတော့သည့်အတွက် အားလုံး ပိတ် ထားလိုက်ကြောင်း ပြောသည်။
၎င်းက “အခု ဖြစ်နေတာက ကုန်ဈေးနုန်း အဆက်မတန် တက်တယ် ဆိုတာထက် တက်စရာ ပစ္စည်းကို မရှိတာဗျ။ ဆန် ဆိုင်တန်းတွေဆို ရောင်းစရာ မရှိလို့ အကုန်ပိတ်ထားတယ်။ ကြက်ဥဆိုလည်း ၁ ထောင်ဖိုး ၃ လုံးနဲ့ ဝယ်နေရတယ်။ တခြားကုန်တွေလည်း ဒီလိုပဲ။ လူတွေကလည်း ရှာဖွေ စားသောက်ဖို့ တောနားတောင်နားတောင် မကပ်ရဲကြဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့ ၁၀ ရက်ကျော်ကြာ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေပြီး အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကြောင့် ကျောက်တော် –ပလက်ဝ ပြေးဆွဲနေသော စက်လှေများမှာ ဖေဖော်ဝါရီလ ၆ ရက်မှ ယနေ့ အထိ ရပ်တန့်သွားခဲ့သည်။
ထိုသို့ လမ်းခရီများ ပြန်တောက်သွားသည့် အတွက် ပလက်ဝမြို့နယ် အတွင်းမှ ဒေသခံ ပြည်သူ ၁၀၀ ဝန်းကျင်မှာလည်း ကျောက်တော်မြို့ပေါ်တွင် သောင်တင်နေကြောင်း ကာယကံရှင် ဖြစ်သူများက ပြောသည်။
ကျောက်တော်မြို့ပေါ်တွင် သောင်တင်နေသော ပလက်ဝမြို့နယ်အတွင်းက ဒေသခံ လူဦးရေ ၁၀၀ ကျော်မှာ ဈေးဝယ်လာ သူများနှင့် ရန်ကုန်ဘက်နေ နယ်ပြန်လာသူများလည်း ပါဝင်ပြီး တချို့မှာ တည်းခိုခန်းများ၌ တည်းခိုနေထိုင်ကြပြီး တချို့မှာ ဆွေမျိုးသားချင်းများ နေအိမ်တွင် တည်းခို နေထိုင်ကြကြောင်း သိရသည်။
ကျောက်တော်မြို့တွင် နေထိုင်သည့် ချင်းတိုင်းရင်းသူ အမျိုးသမီးတဦး က “ဒီမှာ လာပြီး သောင်တင်နေတဲ့ လူတွေကတော့ အများကြီးပဲ။ ဈေးဝယ်လာတဲ့ လူတွေလည်း ပါတယ်။ ရန်ကုန်ဘက်ကနေ ရွာပြန်လာကြတဲ့ လူတွေလည်း ပါတယ်။ ပထမ ရက်တွေက တည်းခိုခန်း တည်းနေကြတယ်။ နောက် ငွေကြေး မတတ်နိုင်တဲ့အတွက် ဆွေမျိုးတွေ အိမ်မှာ သွားနေကြတာ ရှိတယ်။ အခု စက်လှေတွေ အဆင်းလည်း မရှိဘူး။ အတက်လည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် အစိုးရအနေဖြင့်တော့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြကာ ထိုပြဿနာကို ဖြေရှင်းရန် လမ်းကြောင်း အမျိုးမျိုးဖြင့် စဉ်းစားနေကြောင်း၊ မကြာမီ အချိန်တခုတွင် မူဝါဒတခု ချက်မှတ်ပြီး ရိက္ခာသယ်ယူရေး လမ်းကြောင်း အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
ထိုသို့ သောင်တင်နေသူများထဲတွင် တချို့က အခြေအနေကြည့်ပြီး တောလမ်းအတိုင်း ပလက်ဝ မြို့နယ်အတွင်းသို့ ပြန် သွားကြသူများ ရှိသလို တချို့မှာ ဈေးဝယ်လာသူများမှာ ကုန်ပစ္စည်းများ များပြားသဖြင့် လိုင်းစက်လှေများ ပြေးဆွဲမည့် အချိန်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းကတည်း ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် မီးချောင်း တံတားအနီးနှင့် ကျောက် တော် မြို့နယ်အတွင်း ကုလားတန်မြစ် အရှေ့ဘက်ခြမ်း တင်းမ ကျေးရွာနှင့် ဝက်မကျ ကျေးရွာကြားတို့တွင် တပ်မတော်နှင့် AA အဖွဲ့တို့၏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေမှုမှာ ၁၀ ရက်ကျော်ကြာမြင့်လာကာ နှစ်ဖက် စစ်ရှိန် မြင့်လျက် ရှိနေသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ချင်းတိုင်းရင်းသား နွယ်စုများနှင့် ရခိုင်တိုင်းများ နေထိုင်ကြပြီး လူဦးရေ ၁ သိန်းကျော် ရှိကာ မြို့နယ်တလုံး၏ ကုန်စည် စီးဆင်းမှုနှင့် လမ်းပန်း ဆက်သွယ်ရေးမှာ ကုလားတန် မြစ်ကြောင်းကို အားထားရပြီး ရခိုင်ပြည်နယ် တခုသာ ထွက်ပေါက်ရှိသည်။