ဥရောပသမဂ္ဂ၏ ၂၀၂၀ ရှူးမန်းဆုများ ချီးမြှင့်
နှစ်စဉ် ဥရောပ သမဂ္ဂက ချီးမြှင့်သည့် ရှူးမန်းဆုကို လူ့အခွင့်အရေး ဆိုင်ရာလှုပ်ရှားခဲ့သူ ၂ ဦး နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ကို ယနေ့တွင် ချီးမြှင့် လိုက်သည်။
အလားတူ အမျိုးသမီး အခွင့်အရေးများ အတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် လွေပိုးငယ်၊ လူ့အခွင့် အရေး ဆိုင်ရာ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့် နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ကိုလည်း ယခုနှစ်၏ ရှူးမန်းဆုရှင်များ အဖြစ် ချီးမြှင့် ခဲ့သည်။
ထိုကဲ့သို့ ချီးမြှင့်သည့် ရှူးမန်းဆုများသည် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အစရှိ သည့်တို့ကို တိုးတက်မြင့်မားလာအောင် ကြိုးပမ်းလုပ်ဆောင်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုခြင်း ဖြစ်သည်။
ယခုနှစ်အပါအဝင် မြန်မာနိုင်ငံတွင် ရှူးမန်းဆုပေးခြင်းကို ၄ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က “လေးကြိမ်မြောက် အဖြစ် ကျနော်တို့က အကျဉ်းစခန်းအတွင်း၊ တရားရုံးအတွင်း ဒါမှမဟုတ် မြန်မာနိုင်ငံတဝှမ်း ကျေးရွာများမှာ ၎င်းတို့ရဲ့ လုပ်ဆောင်မှုများက ထွန်းထွန်းတောက် ပေါ်ထွက်လာပြီး အခြားသူများရဲ့ လွတ်လပ်မှုကို သယ်ဆောင်လာတဲ့ သူတွေကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ယခုနှစ် ရှူးမန်းဆုကို ရရှိခဲ့သူ လွေပိုးငယ်သည် အသက် ၃၁ နှစ် အရွယ် တအောင်းအမျိုးသမီး တဦးဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်တွင် တအောင်းအမျိုးသမီး အဖွဲ့အစည်း (TWO) သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။
အမျိုးသမီးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထိုင်းနိုင်ငံတွင် သင်ကြားခဲ့ပြီးနောက် မြန်မာ၊ထိုင်း နှင့် တရုတ်နယ်စပ်ဒေသရှိ ကျေးရွာများတွင် မျိုးသမီးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး အသိပညာများ လိုက်လံပေးနေသူလည်း ဖြစ်သည်။

တရားဥပဒေ စိုးမိုးရေး၊ သတင်းအချက်အလက်များ လွတ်လပ်စွာ ရရှိရေး နှင့် အုပ်ချုပ်မှု စနစ်ကောင်း ဖြစ်ပေါ်လာရေး အတွက် လုပ်ဆောင်လျက်ရှိသည့် အသက် ၇၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်သည်လည်း ယခုနှစ် ရှူးမန်းဆုကို ချီးမြှင့်ခံခဲ့ရသည်။
နိုင်ငံရေးးအကျဉ်သားဟောင်း တဦးဖြစ်သည့် ဦးကြီးမြင့်သည် တပ်မတော်နှင့် တပ်မတော် အကြီးအကဲများအား အသားရေ ညှိုးနွမ်းစေသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသူလည်း ဖြစ်သည်။
ရှူးမန်းဆုရှင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ၂၀၁၉၊ ဧပြီလ သံချပ်ဖျော်ဖြေမှုသည် တပ်မတော်အား ထိခိုက်စေသည်ဟု ဆိုကာ အဖွဲ့ဝင်အချို့ ထိန်းသိမ်း ခံခဲ့ရပြီးနောက် လက်ရှိတွင် အဖွဲ့ဝင် ၆ ဦးသည် ထောင်ဒဏ်ချခံနေရသည်။
ရှူးမန်းဆုများကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ် ပေးခြင်းဖြစ်ပြီး ယင်းနှစ်တွင် NLD မှ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီ၊ ငြိမ်း (shalom) ဖောင်းဒေးရှင်း၏ ဒါရိုက်တာ ဒေါ်ဂျာနန်းလတော် နှင့် Equality Myanmar မှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင်တို့က ရရှိခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ်တွင် Myanmar Now မှ အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် နှင့် အမျိုသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းထွေး တို့က ရှူးမန်းဆုကို ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကျား၊ မ ရေးရာနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေး ထောက်ခံ အားပေးသူ ဦးအောင်ကျော်မိုးနှင့် လူအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဦးရောဘတ် စန်းအောင် တို့မှ ယင်းဆုကိုပင် လက်ခံရှိရှိခဲ့သည်။