ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေးမီးလောင်မှုကြောင့် အသက်ရှု မွန်းကြပ်သူများနှင့် အနည်းငယ်ထိခိုက် ဒဏ်ရာရရှိသူ ၁၆ ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့(YRO) ထံက သိရသည်။
YRO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမိုးငြိမ်းက “မီးခိုးမွှန်တာနဲ့ ပြတ်ရှမိတဲ့သူတွေပေါ့၊ ခြေထောက်မှန်ရှတဲ့ ၁ ယောက်ကတော့ ဆေးရုံကဆင်းပြီး၊ ဆေးရုံမှာ ၁၅ ဦးကျန်တဲ့အထဲမှာ မီးသတ်က တယောက်ပါတယ်၊ YRO ကလည်း ဒဏ်ရာရသူ ၂ ဦးရှိတယ်၊ အခုထိတော့ သေဆုံးသူက မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မီးလောင်မှုမှာ ယနေ့ နံနက် ၆ နာရီခန့်တွင် သံဈေးဒုတိယထပ်မှစတင်၍ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မနက် ၈ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ကာ မနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက “မီးလောင်တဲ့ အကြောင်းအရင်း အတည်မပြုနိုင်သေးပါဘူး၊ ပျက်စီးမှုက ၆၁ ခန်းလောက်တော့ ရှိနိုင်မယ်၊ ဆိုင်ခန်း အကုန်လုံးတော့ မထိပါဘူး၊ မီးလောင်မှုကတော့ ဒုတိယ ၁ ထပ်ထဲပါပဲ” ဟု ပြောသည်။
လတ်တလောတွင်လည်း သံဈေးအောက်ထပ်ရှိ ဆိုင်ခန်းပိုင်ရှင်များအား ပစ္စည်းများ ကြည့်ရှု၊ သယ်ယူနိုင်ရန်အတွက် အလှည့်ကျ ဝင်ခွင့်ပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအတွင်း ပိတ်မိသူများအား ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်လည်း မနက် ၉ နာရီ ၃၆ မိနစ် အချိန်အထိ လူ ၈၅ ဦးနှင့် အိမ်မွေးခွေး ၁ ကောင်တို့အား ကယ်ဆယ်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မီးလောင်ပျက်စီး ဆုံးရှုံးမှုများအား အတည်မပြုနိုင်သေးသော်လည်း သံဈေးအပေါ်ထပ် ၆ လွှာမှ ၁၀ လွှာအထိ လူနေခန်းများနှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းမှု မရှိကြောင်းလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
(ဧရာဝတီသတင်းထောက် ထွန်းထွန်းနှင့် သဇင်လှိုင် ပူးပေါင်းရေးသားသည်။)