မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုများ ရှိနေသည်ကို တွေ့ရသဖြင့် ဥရောပသမဂ္ဂက ကုန်သွယ်မှု အထူးအခွင့်အရေး (Generalized Scheme of Preferences- GSP) မရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း EU Myanmar မှ ပြောရေး ဆိုခွင့်ရှိသူက ဧရာဝတီသို့ ပြောသည်။
၎င်းက “အချို့သော ရှုပ်ထွေးတဲ့ ပြဿနာတွေအတွက် အချိန်ပိုလိုမယ် ဆိုတာကို EU က အပြည့်အဝ နားလည်ပြီး တချိန် တည်းမှာပဲ အလျင်အမြန် ဖြေရှင်းရမယ့် ပိုမိုကောင်းမွန်တဲ့ လူသားချင်းစာနာမှုအရ သွားလာခွင့်ပေးရေးလို ပြဿနာတွေကို မြန်မာနိုင်ငံက အများကြီး ပိုမိုမြန်ဆန်စွာ ကိုင်တွယ်ခဲ့နိုင်တယ်” ဟု ဆိုသည်။
“ကမ္ဘောဒီးယားက ကျတော့ လုံးဝ တိုးတက်မှု မရှိလို့ အထူးအခွင့်အရေး ရုပ်သိမ်းရေးလုပ်ငန်းစဉ် စတင်သွားတာ ဖြစ် ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားတို့၏ အလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ဥရောပသမဂ္ဂ က စောင့်ကြည့် အကဲဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်း ၃ နိုင်ငံ အနက်မှ ကမ္ဘောဒီးယားသည် ကုန်သွယ်မှု အထူး အခွင့်အရေး ကို ရုပ်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။
EU က ညှိနှိုင်းထားသည့် အခြေအနေ အရပ်ရပ်တွင် တိုးတက်မှု ရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်နှင့် ဆက်လက် ဆွေးနွေးရန် အခွင့်အရေးများကို မြန်မာနိုင်ငံကို ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း EU က ထုတ်ပြန်ထားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး အဆိုပါ နိုင်ငံ ထုတ်ကုန်ပစ္စည်းများကို
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များထံ တင်သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန် ဥရောပသမဂ္ဂက ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို ပေးအပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကိုလည်း အဆိုပါ GSP ပေးအပ်ထားပြီး ၁၉၉၇ တွင် အတင်းအဓမ္မ အလုပ်ခိုင်းစေမှုများကြောင့်ဟုဆိုကာ အဆို ပါ အထူးအခွင့်အရေးကို ရုပ်သိမ်းခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကြောင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကင်းလွတ်ခွင့်မရပါက မြန်မာနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းခွန် ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိပေး သွင်းရမည့် အခြေအနေ ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။
လှိုင်သာယာ စက်မှုဇုန်၏ နာယက ဦးမြတ်သင်းအောင်က “GSP မပေးဘူးဆိုရင် နည်းတာမဟုတ်ဘူး ၁၃ ရာခိုင်နှုန်းလေ။ အင်္ကျီချုပ်ခတောင် မကဘူး ရတယ်။ အဲဒါ ဆုံးရှုံးသွားမယ် ဆိုရင်တော့ တချို့စက်ရုံက ပိတ်သွားမယ့် သဘော၊ မကိုက် တော့ဘူးပေါ့လေ။ အခုက အခွန်မပေးဘဲ သွင်းခွင့် ရနေတာကိုး။ အများကြီး သက်သာတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “နောက်တကြိမ်သာ ဖြစ်ရင် မြန်မာပြည်ကို လာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ စက်ရုံက တော်တော်ခဲယဉ်း သွားမယ်။ Heavy Industry တရုတ်ပြည်လို မော်တော်ကား စက်ရုံ လုပ်မယ်၊ Electronic စက်ရုံ လုပ်မယ်၊ ဟန်းဖုန်း စက်ရုံလုပ်မယ်ဆိုရင် အကြီးကြီးတွေပေါ့။ ဘီလီယံနဲ့ ချီပြီးတော့ ရင်းရမှာ၊ အဲဒါမျိုးတွေက မလာရဲဘဲ ဖြစ်တော့မှာပေါ့။ ဒီလို တိုင်းပြည် မတည်ငြိမ်ရင် ဒါကတော့ မကောင်းတဲ့ အလားအလာပေါ့” ဟု သုံးသပ် ပြောဆိုသည်။
မြန်မာနိုင်ငံကို EU ၏ ဆုံးဖြတ်ချက်က လုပ်ဆောင်ပြီးသား ဆောင်ရွက်မှုများနှင့် ကတိကဝတ်များအပေါ် အခြေခံနေပြီး ကလေးသူငယ် အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ခံမှု၊ အချို့သော ကုလသမဂ္ဂ လုပ်ငန်းစဉ်များ တွင် ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များတွင် မြန်မာနိုင်ငံ အနေဖြင့် အပြုသဘော ဆောင်သည့် ခြေလှမ်းများရှိ လာနေကြောင်း EU က ဆိုထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည့် ကိစ္စရပ်များ ရှိနေဆဲ ဖြစ်ကြောင်း EU က ပြောကြားသည်။
EU အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်သည့် ကိစ္စရပ်များကို ၂၀၁၇ ခုနှစ်က ပထမဆုံး ဆက်သွယ် ပြော ကြားခဲ့ပြီး အဓိက ပူပန်မှုများကို၂၀၁၈ ခုနှစ်အောက်တိုဘာလမှာ ဖော်ပြခဲ့ပြီး ဖြစ်သည်။
၁၉၉၇ ခုနှစ်က အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေးကို ရုပ်သိမ်းခဲ့သည့်အတွက် စက်ရုံအများအပြား ပိတ်ပစ်ခဲ့ရပြီး အထည်ချုပ် အလုပ်သမားသိန်းနှင့်ချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ ခုနှစ် မြန်မာ့စီးပွားရေးအတွက် GSP က စိန်ခေါ်မှု ဖြစ်နေ ဟုဆို