၂၀၁၆ ခုနှစ်က မီးလောင်မှု ဖြစ်ပွားသော မန္တလေး မင်္ဂလာဈေးကို ယခုဘဏ္ဍာနှစ်အတွင်း၌ တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်မည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ပါဝင်သော ဈေးတည် ဆောက်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပြီး တည်ဆောက်မှုကို နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ၈ ထပ်မှ ၁၀ ထပ်အထိ ပါဝင်မည့် အထပ်မြင့်ဈေး ဖြစ်လာမည် ဟု တာဝန်ရှိသူများက ပြောကြသည်။
“အဆောက်အဦ တခုက အနည်းဆုံး နှစ် ၄၀၊ ၅၀ လောက်အထိ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်တာတွေကြောင့် နှစ်တွေ အများကြီး ကြာနေတာ။ လပိုင်းအတွင်းမှာ စပြီး တည်ဆောက်ပေးသွားမယ်၊ အဆောက်အဦ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အင်တာနေရှင်နယ် အတိုင်း ဆောင်ရွက်သွားမယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
ဆက်လက်ပြီး ဝန်ကြီး ဦးဇာနည်အောင်က “ဈေးအသစ်ပြန်ဆောက်ပေးဖို့ ညှိနှိုင်းရတာတွေက အင်မတန် များ တယ်၊ ဆိုလိုတဲ့ အဓိပ္ပာယ်က ဘာမှမရှိတဲ့ မြေပေါ်မှာ Development လုပ်ရတာမျိုး မဟုတ်ဘူူး၊ ဒီမှာက ဈေးရောင်းခွင့် ရတဲ့သူတွေရဲ့ အမျိုးအစားက အများကြီး ဖြစ်နေတယ်၊ ပျံကျ၊ အတည်ပျံကျ၊ အတည်ဆိုင်ခန်း၊ လူနေတိုက်ခန်း၊ လုပ်ငန်းရှင် တွေပါ ရှိနေတာဆိုတော့ အားလုံးနဲ့ အတော်လေးကို ညှိနှိုင်းခဲ့ရတယ်”ဟု ရှင်းပြသည်။
ဆောက်လုပ်ပြီး နောက်ပိုင်းတွင်လည်း ဆိုင်ခန်းများအား မူလ ဆိုင်ခန်း အကျယ်အဝန်း အတိုင်းနှင့် ငှားရမ်းခများကို ဈေးချိုတော်ဆိုင်ခန်း ဈေးနှုန်းများ အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် ဈေးအသစ်မဆောက်မီကာလ၌ ဈေးသူဈေးသားများ အရောင်းအဝယ် ပြန်လည် ပြုလုပ်နိုင်ရန် အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ၃၅ လမ်းပေါ်ရှိ ဂေါ်ရာဘောလုံးကွင်းကို ယာယီမင်္ဂလာဈေး အဖြစ် တည်ဆောက်ပေးခဲ့သည်။
“ယာယီဈေး ဆောက်ပေးထားတယ် ဆိုပေမယ့် ကျမတို့ ရောင်းရေးဝယ်တာတွေ အဆင်ပြေမှု မရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ အရင်မိတ်တွေ မလာတော့တာရယ် ဆိုင်ခန်းနေရာတွေက ကျဉ်းတော့ ပစ္စည်း သိမ်းဆည်းရတာတွေအတွက် သီးသန့်ဂိုထောင် ပြန်ငှားသိမ်းနေရတာမျိုးတွေ လုပ်နေရတယ်၊ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ မူလနေရာမှာပဲ မူလအကျယ်အဝန်း အတိုင်း ပြန်လိုချင်တယ်၊ အချို့အထည်ဆိုင်တွေဆိုရင် ယာယီဈေးမှာ မဖွင့်တော့တာတွေအထိ ရှိနေတယ်”ဟု ယာယီမင်္ဂလာဈေးမှ အထည်ဆိုင်ရှင် ဒေါ်ဥမ္မာက ပြောသည်။
မင်္ဂလာဈေးမှ ဈေးသူဈေးသားများသည် မီးဘေးသင့် မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရန် ကြန့်ကြာနေမှုအပေါ် သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးရန်နှင့် မြေညီထပ်ဆိုင်ခန်းများ ရရှိရေးအတွက် ဈေးသူ၊ ဈေးသားများက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသေးသည်။
“ကျနော်တို့အနေနဲ့က အရင်အတိုင်း မြေညီထပ်ကိုပဲ ပြန်လိုချင်ပါတယ်၊ ပြီးတော့ ဈေးအသစ်ကို အမြန်ဆုံး တည် ဆောက်ပေးပြီးတော့ ကိုယ့်နေရာကိုယ် ပြန်ရမယ်ဆိုရင် ဈေးသူဈေးသားတွေ အားလုံး ပျော်ကြရ မှာပါ” ဈေးဆိုင်ခန်း ပိုင်ရှင်တဦးဖြစ်သူ ဦးကိုကိုမောင်က ပြောသည်။
မင်္ဂလာဈေးသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ နှင့် ၃၁ လမ်းကြား၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြားတွင် တည်ရှိကာ ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် မူလဈေးအဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ဖြိုချခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် လေးထပ် အဆောက်အအုံအတွင်းရှိ ရုံးခန်း ၇ ခန်း၊ အရောင်းပြခန်း ၆ ခန်း၊ ဈေးဆိုင်ခန်း ၄၈၁ ခန်း၊ လူနေတိုက်ခန်း ၅၆ ခန်း စုစုပေါင်း အခန်း ၅၅၀ နှင့် ပျံကျဈေးဆိုင်များ အပါအဝင် အခန်းပေါင်း ၇၀၀ ကျော် ဆုံးရှုံးခဲ့ ရသည်။
ဆက်စပ်လင့်
မီးဘေးသင့် မန္တလေးမင်္ဂလာဈေးအတွက် ယာယီဆိုင်ခန်းများ ၂ လအတွင်း အပြီးဆောက်မည်
မန္တလေး မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရာတွင် မူလနေရာရရှိရေး ဆန္ဒပြ
မန္တလေးမြို့ မီးဘေးသင့် မင်္ဂလာဈေး ဖျက်သိမ်းရန် ကျပ်သိန်း ၂၅၂၀ ဖြင့် တင်ဒါအောင်မြင်