မန္တလေးမြို့တွင် အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ဆန္ဒပြ၍ တရားစွဲဆိုထားသည့် အလုပ်သမားအဖွဲ့ ခေါင်းဆောင်များကို ယနေ့ ပြည်ကြီးတံခွန် မြို့နယ်တရားရုံးက ငွေဒဏ် အမိန့် ချမှတ်လိုက်သည်။
အလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများ ပြင်ဆင်ရာတွင် အလုပ်သမားများ၏ ဆန္ဒသဘောထား ပါဝင်ရေး၊ အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ ရရှိရေးတို့ အတွက် ဆန္ဒပြခြင်း ဖြစ်ပြီး ငွေဒဏ် ကျပ် ၁ သောင်းစီ ချမှတ် ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန် မြို့နယ်တရားရုံး တရားသူကြီး ဦးအောင်ကျော်ဦးက“အခုလို အမိန့်ချမှတ်ခဲ့တာကတော့ သူတို့က အလုပ်သမား ခေါင်းဆောင်တွေလည်း ဖြစ်တယ်၊ ပထမဆုံး အကြိမ်လည်း ဖြစ်တာကြောင့် ဥပဒေအရ ထောင် ၁လနဲ့ ဒဏ်ငွေ ၁သောင်းအထိ ချလို့ရတာကို ကျနော်က ဒဏ်ငွေ ၁ သောင်းပဲ ပေးဆောင်စေခဲ့တာပါ၊ ဒဏ်ငွေ မဆောင်မှ သာလျှင် ထောင် ၇ ရက်ဆိုပြီး အမိန့်ချပေးလိုက်တာပါ၊ ငြိမ်းစုစီ ပုဒ်မ ၂၀ အရ အမိန့်ချခဲ့တာပါ”ဟု ပြောသည်။
ထိုသို့ အမိန့်ချသည့်အပေါ် တရားစွဲဆို ခံရသူတဦး ဖြစ်သည့် မစုစုနိုင်ကမူ“အခုချတဲ့အမိန့်က မတရားဘူးလို့ ပြောချင် တယ်၊ ဒဏ်ငွေ ၁ သောင်း မဆောင်ရင် ထောင် ၇ ရက်ဆိုတာကလည်း မတရားတာမှန်း သိလို့ အဲဒီအမိန့်ကို ဖီဆန် ချင်တယ်၊ ဆက်ပြီးတော့ အလုပ်လုပ်စရာတွေ အများကြီးရှိနေတာကြောင့် ဒဏ်ငွေကို ဆောင်ခဲ့တာပါ”ဟု ပြောဆို သည်။
တရားစွဲဆို ခံရသူများမှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်၊ ဦးတင့်ရှိန်စိုး၊ ဒေါ်သန်းသန်းမြင့် (ခ) ဒေါ်စုစုနိုင်၊ ဒေါ်စိုးနန္ဒာမြင့်၊ ဦးသူရ၊ ဦးနေလင်းအောင် တို့ဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ဒေါ်ဖြိုးစန္ဒာစိုး နှင့် ဦးသောင်းညွှန့်တို့ ဖြစ်သည်။
ဦးသောင်းညွန့် တဦးတည်းကိုမူ အပြစ်မရှိဟု ဆိုကာ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပြီး ကျန်သူများကို ဒဏ်ငွေ ကျပ် ၁ သောင်းစီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
MICS အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က“ကျနော်တို့က ဒီအမှုနဲ့ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ခံယူ ထားတယ်၊ သူတို့ စပြီးစွဲကတည်းက ဒေသန္တရအမိန့်ကို မလိုက်နာလို့ဆိုပြီး ပြောတယ်၊ ဒေသန္တရအမိန့်တွေက ဖတ်ကြည့် ရင် ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မညီတာကို တွေ့ရတယ်၊ ဥပမာ – မန္တလေး မှတ်ပုံတင် ကိုင်ထားတဲ့သူပဲ ဟောပြောရ မယ်၊ မန္တလေးနေထိုင်သူ မဟုတ်ရင် ဆန္ဒပြခွင့်မရှိဘူး ဆိုတာက ဒီမိုကရေစီအရ မေးခွန်းထုတ်ရမယ့် ပြဌာန်းချက်တွေ ဖြစ်နေတယ်”ဟု ပြောသည်။
အဆိုပါအမှုတွင် တရားလိုပြသက်သေ ၆ ဦး၊ တရားခံ ၈ဦး၊ တရားခံပြသက်သေ ၂ဦး စုစုပေါင်း ၁၆ ဦးစစ်ဆေး ခံခဲ့ရပြီး ရုံးချိန်းကို ၂ ပတ်တခါ ချိန်းဆို စစ်ဆေးခဲ့ခြင်းကြောင့် တနှစ်ခန့် ကြာမြင့်ခဲ့ခြင်းကြောင်း ပြည်ကြီးတံခွန် မြို့နယ် တရားရုံး က သိရသည်။
“ပြည်ကြီးတံခွန် တရားရုံးက ချတဲ့အမိန့်အပေါ်မှာတော့ ဘာမှ မှတ်ချက်မပေးလိုပါဘူး၊ သို့သော် ပြည်ထောင်စု လွှတ်တော် တရားချုပ်ကိုတော့ အယူခံဆက်တက်ဖို့ ရှိပါတယ်၊ အဲဒါ ဘာလဲဆိုရင် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဥပဒေမှာက အဓိပ္ပယ် အယူအဆ မရှင်းလင်းတဲ့အချက်တွေ ရှိနေတာကို တွေ့နေရတယ်၊ ကျမတို့ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြသူတွေ ယူဆတာက အဓိပ္ပယ် ကောက်ယူတာ တမျိုး၊ ဒေသ အာဏာပိုင်က ကောက်ယူတာ တမျိုး ဖြစ်နေတယ်”ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို MICS နှင့် CTUM တို့ ပူးပေါင်း၍ မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က အလုပ်သမား အင်အား ၅၀၀ ကျော်ဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ဆန္ဒပြရန်အတွက် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ထံ ခွင့်ပြုမိန့် တောင်းခဲ့သော်လည်း ဒေသဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အရ ခွင့်ပြုပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာ လမ်းတလျှောက်တွင် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အာဏာပိုင် များက တားဆီးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ချီတက်ခဲ့ကြပြီး မဟာအောင်မြေမြို့နယ် ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် MICS က ဟောပြောမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ခွင့်ပြုချက်မရရှိဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းနှင့် ပက်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည် ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ ဖြင့် ပြည်ကြီးတံခွန် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးအောင်က တရားလိုပြု လုပ် ၍ တရားစွဲဆိုခဲ့ရာ ပြည်ကြီးတံခွန် တရားရုံးက လက်ခံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ပြည်ကြီးတံခွန် မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက“သူတို့က ဒေသန္တရ စည်းကမ်းချက်တွေကို ဖောက်ဖျက်တာ ပေါ့၊ ဘာလဲဆိုတော့ စည်းကမ်းချက်ထဲမှာ ပါတာက မန္တလေးမှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ မန္တလေးမှာ အမှန် တကယ် နေထိုင်သူမှသာ ဆန္ဒဖော်ထုတ်ခွင့်ပြုမယ် ဆိုပြီး လုပ်ထားတာ ရှိတယ်၊ အဲဒီလိုရှိတာကြောင့် သူတို့ကို ခွင့်ပြုမိန့် မပေးခဲ့ပါ ဘူး၊ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်အရ ပြလို့ရတယ်ဆိုပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြတာကြောင့် ရဲကနေ တရားစွဲ ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဒေသန္တရဆိုင်ရာ စည်းကမ်းချက် ၆၆ ချက် ထုတ်ပြန်ထားပြီး စည်းကမ်းချက် အမှတ် ၆၄ ၌ စီတန်းလှည့်လည်ရာတွင် ခေါင်းဆောင်သူများသည် မန္တလေး မှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ မန္တလေးတွင် နေထိုင်သူဖြစ်ရန် လိုအပ်ပြီး သတ်မှတ်စည်းကမ်းချက်များ ကိုက်ညီမှု မရှိ ပါက စီတန်းလှည့်လည်ခွင့်မပြုဟု သတ်မှတ်ထားကြောင်း သိရသည်။
CTUM မှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက“မန္တလေးတိုင်းမှာရှိတဲ့ ဒေသန္တရ စည်းကမ်းဆို တာ တွေက ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခွင့် ဥပဒေ ကို ကျော်လွန်နေတယ်၊ ပြီးတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျော်လွန်နေတယ်၊ ဒါကြောင့် ဒေသန္တရ စည်းကမ်းတွေကို အမြန်ဆုံး ပယ်ဖျက်ပေးနိုင်ဖို့ရာ အတွက်ကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ရော၊ ILO နဲ့ရော ကျမတို့ တင်ပြနေတယ်၊ စကား ပြောနေတာတွေ ရှိတယ်”ဟု ပြောသည်။
ဦးသက်နှင်းအောင်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းစုစီ ဥပဒေနှင့် သက်ဆိုင်သည့် ပွဲများတွင် အခြားသော အဖွဲ့အစည်းများက အကြောင်းအရာ အမျိုးမျိုးဖြင့် ဟောပြောသူများတွင် မန္တလေးမှတ်ပုံတင် ကိုင်ဆောင်ထားခြင်း မရှိ သူများ ပါဝင်နေသည်ကို ခွင့်ပြုပေးခဲ့သည့်အပေါ် ဒီမိုကရေစီ စံနှုန်းများအရ မေးခွန်းထုတ်လိုသည်ဟု ပြောဆို သည်။
“ဘာတွေကို မေးခွန်းထုတ်ရမလဲဆိုရင် ဥပမာ – ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်တဲ့ပွဲတွေမှာ ဟောပြောတာတွေ၊ နောက် အမျိုးသားရေး လှုပ်ရှားသူတွေ လာပြီးတော့ ဟောပြောတာတွေမှာ မန္တလေးမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ မဟုတ်တာကိုတော့ ဘာကြောင့် ခွင့်ပြုပေးသလဲ ဆိုတာကို ကျနော်တို့က မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်၊ ပြောချင်တာက ကျနော်တို့သည် နိုင်ငံသား အခွင့်အရေးကို တန်းတူညီမျှ မရဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ခံစားနေရပါတယ်”ဟု ဦးသက်နှင်းအောင်က ဆက်ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပြဌာန်းချက် အခန်း ၃၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဋ) တွင် ဒေသန္တရ စည်းကမ်းကို မချိုးဖောက်ရဟု ဖော်ပြထားခြင်းမျိုး မရှိဘဲ ဒေသန္တရ စည်းကမ်းချက်ပေါ် မူတည်ကာ သဘော တူညီချက် ရှိထားမှုများကို ချိုးဖောက်လျှင် ဥပဒေအရ အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း အလုပ်သမား သမဂ္ဂ အဖွဲ့များက ဝေဖန် ထောက်ပြသည်။
“အဲဒီဥပဒေပါ စာအရေးအသားကိုက မရှင်းလင်းဘဲ ဖြစ်နေတာကြောင့် အဲဒီအချက်တွေကို ရှင်းလင်းအောင် ကျမတို့ အဖွဲ့ချုပ်တွေ အနေနဲ့ လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ မန္တလေးတိုင်း ဒေသကြီးကနေ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် တွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အဖွဲ့ချုပ်တွေအနေနဲ့ လက်မခံပါဘူး၊ လက်မခံနိုင်တာကြောင့်လည်း အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့(ILO) ကို တင်ပြထားတယ်”ဟု ဒေါ်ဖြိုးစန္ဒာက ပြောဆိုသည်။
တရားစွဲခံရသူများသည် မှတ်ပုံတင်ကျပြီးသား အစိုးရ အသိအမှတ်ပြု နိုင်ငံလုံးဆိုင်ရာအဆင့် အလုပ်သမား အဖွဲ့ချုပ် များက ခေါင်းဆောင်များဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ထုတ်ပြန်ထားသည့် ဒေသန္တရ စည်းကမ်းများသည် ပြဌာန်း ထားသည့် တည်ဆဲဥပဒေထက် ကျော်လွန်နေသည်ဟု ဝေဖန်မှုမျာလည်း ပြုလုပ်ခဲ့ကြသည်။
တရားစွဲခံရသူ တဦး ဖြစ်သည့် MICS မှ ဒေါ်စုစုနိုင်က“ကျမတို့ အလုပ်သမား အရေးနဲ့ပတ်သက်ပြီး တိုင်နဲ့ပြည်နယ် အသီးသီးကို သွားပြီး ဟောပြောတာတွေ လုပ်ခဲ့တာမှာ ဘယ်တုန်းကမှ ပုဒ်မ ၂၀၊ ၁၈၊ ၁၉ တွေနဲ့ မငြိခဲ့ဘူး၊ အခုဟာက မန္တလေးတိုင်းမှာပဲ ကွက်ပြီးတော့ ဥပဒေစိုးမိုးနေတာ၊ အဲဒီတော့ ပြောချင်တာက ဒေသန္တရ စည်းကမ်းဆိုတာက နိုင်ငံ သားတိုင်း လိုက်နာရမယ့် ဥပဒေကြီးကို ကျော်လွန်နေတာလားလို့ မေးစရာဖြစ်လာတယ်”ဟု ပြောသည်။
အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာ လမ်းတလျှောက်တွင် ပြည်ကြီးတံခွန် မြို့နယ်၊ စက်မှုမြို့သစ်၊ အေးသုခလမ်းရှိ MICS ရုံးမှ မဟာအောင်မြေမြို့နယ် ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၄၂ လမ်းအထိ ရပ်တန့်ခြင်းမရှိဘဲ လမ်းလျှောက် ချီတက်ခဲ့ကြသည်။
ဆန္ဒပြရာတွင် အလုပ်သမား တရားရုံးများ ပေါ်ပေါက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမား အငြင်းပွာမှု ဥပဒေတွင် ထည့်သွင်းရေး၊ ဆောက်လုပ်ရေး အလုပ်သမားများအား ကန့်သတ်သည့် ညွှန်ကြား ချက်များ ဖျက်သိမ်းရေး၊ အထူးစီးပွားရေးဇုန် လုပ်သားများ ဥပဒေ အကာအကွယ်ရရှိရေး၊ အလုပ်သမား ဥပဒေများကို ILO စံနှုန်းနှင့်အညီ ပြင်ဆင်ရေး၊ ILO ပြဌာန်းချက် ၉၈ အား အစိုးရက လက်မှတ် ထိုးပေးရေး၊ မန္တလေးတိုင်း အတွင်း အလုပ်သမားဝန်ကြီး ခန့်အပ်ပေးရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။