မြန်မာအစိုးရက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးများအတွက် အသုံးပြုရန် ရည်ရွယ်၍ အမေရိကန်ကန်ဒေါ်လာ ၁၄.၃၅ သန်းတန် အီတလီနိုင်ငံလုပ် အရပ်ဘက်သုံး ၁၅ဦးလိုက်ပါ စီးနင်းနိုင်သည့် ရဟတ်ယာဉ်တစီးကို အစိုးရက ဝယ်ယူလိုက်သည်။
ထိုသို့ ဝယ်ယူခြင်းနှင့် ပတ်သက်၍ ယမန်နေ့ နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက “ကျနော်တို့ သဘာဝ ဘေးအရ အရေးပေါ် အခြေအနေတွေ ဖြစ်လာပြီပေါ့နော်၊ ချက်ချင်း Response လုပ်ရမယ့် ကိစ္စတွေရှိရင် ရဟတ်ယာဉ်နဲ့ သွားရမယ်။ ကယ်တာ ရွှေ့ထုတ်တာတွေ လုပ်ရမယ်၊ အကူညီတွေ ပေးတာတွေ လုပ်ရမယ်။ အဲ့ဒီအတွက်လည်း လိုအပ်ချက်အရ လွှတ်တော်က ခွင့်ပြုထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
ယင်းရဟတ်ယာဉ်မှာ ဧပြီ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ ရောက်မည်ဖြစ်ပြီး၊ အစိုးရတာဝန်ရှိသူများ အီတလီသို့ သွား၍ လေ့လာခဲ့ပြီး ရဟတ်ယာဉ် ကုမ္ပဏီရုံးခွဲရှိရာ မလေးရှားနိုင်ငံတွင် တပ်ဆင်မည် ဖြစ်ကြောင်းလည်း သိရသည်။
“အရပ်ဘက်မှာ အစိုးရ အဖွဲ့ဝင်တွေ စီးဖို့၊ လူကြီးတွေ စီးဖို့ အရပ်ဘက်သုံး ရဟတ်ယာဉ်ဆိုတာတစီးမှ မရှိဘူး။ အဲ့တော့ ကျနော်တို့ ခရီးစဉ်တချို့ မှာ အကူအညီ တောင်းပြီးတော့ လုပ်ရတယ်၊ ကျန်တဲ့ Airline ကုမ္ပဏီ တချို့ ၊ ရဟတ်ယာဉ်သုံးတဲ့ ကုမ္ပဏီတချို့ကို ပိုက်ဆံပေးပြီးတော့ သုံးရတာ ရှိတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အရပ်ဘက် ရဟတ်ယာဉ်မရှိသဖြင့် တပ်မတော်မှ ငှားသုံးရလေ့ရှိပြီး တပ်မတော် ရဟတ်ယာဉ်များ မအားလပ်သည့်အခါ ထူးကုမ္ပဏီ ကဲ့သို့သော လုပ်ငန်းများထံမှ အစိုးရက ငှားရမ်းသုံးစွဲရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသွားသည့် တပ်မတော် ရဟတ်ယာဉ်ကို AA လက်နက်ကိုင်တို့က ဘူးသီးတောင်မြို့ အနီးတွင် လက်နက်ငယ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ သေးသည်။
ယင်းပစ်ခတ်မှုကို ရက္ခိုင့် တပ်မတော် (AA) က စစ်ဘက်သုံး ရဟတ်ယာဉ်ဖြစ်၍ ပစ်ခတ်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။
အစိုးရကမူ ထိုနေ့က ရာသီဥတု အခြေအနေမကောင်းသဖြင့် စစ်ရဟတ်ယာဉ်ကို အနိမ့်ပျံသန်းခဲ့ရကြောင်း၊ ဝမ်းဗိုက်တွင် ၁ လက်မခန့် ပေါက်ထွက်သည့် ကျည် ၂ ချက် ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်၏ ဝါယာရိန်းတချို့ ပျက်စီးသွားခဲ့ကြောင်း ပြောသည်။
လက်ရှိတွင် နိုင်ငံတော်၏ ဘတ်ဂျတ် အခြေအနေအရ ကနဦး တစီးသာ ဝယ်ယူထားမည် ဖြစ်ပြီး ယခု ဝယ်ယူခြင်း သည်လည်း မဖြစ်မနေ လိုအပ်ချက်ကြောင့် ဝယ်ယူရခြင်း ဖြစ်သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း စီးလာသည့် စစ်ရဟတ်ယာဉ် ပြန်တက်စဉ် ဟိုက်ဒရောလစ် ဆီယိုသဖြင့် ယင်းရဟတ်ယာဉ် ပျံတက်ခဲ့သည့် မိုင်းတုံမြို့တွင် ပြန်ဆင်းခဲ့ရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။
ဆက်စပ်သတင်း
လူကယ်ပြန်ဝန်ကြီး စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ
နိုင်ငံ့အကြီးအကဲများ စီးရန် ကျည်ကာကားများ ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ပြုပေးဖို့ တောင်းဆို