ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက တိုင်းပြည်တွင် ဒုတိယအကြီးဆုံး အတိုက်အခံပါတီ ဖြစ်သော Future Forward ပါတီကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး ပါတီက တည်ထောင်သူထံမှ ရန်ပုံငွေများကို တရားမဝင် လက်ခံခဲ့သည်ဟု ပြောသည်။
ပါလီမန်အမတ် ၁၁ ဦး ပါဝင်သော ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၆ ဦး ကို ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပါတီအသစ်တခုတွင် ပါဝင်ခြင်းများမှ ၁၀ နှစ် ပိတ်ပင်သွားမည် ဖြစ်သည်။
စီရင်ချက်ကို လက်ခံမည် ဖြစ်ကြောင်း Future Forward ပါတီက ကြေငြာခဲ့သည်။
ထိုင်းစစ်တပ် လိုလားသောအစိုးရကို ဆန့်ကျင်သူများက ထိုဆုံးဖြတ်ချက်သည် တိုင်းပြည်တွင် ဒီမိုကရေစီ အပြည့်အဝ ပြန်လည်ဖော်ဆောင်ရေး သူတို့၏ကြိုးပမ်းမှု အပေါ် ထိုးနှက်ချက်တခုအဖြစ် မြင်ကြသည်။
ပြည်တွင်း ရုပ်မြင်သံကြားတွင် ဖော်ပြချက်အရ အမေရိကန်၊ အင်္ဂလန်၊ ဥရောပ သမဂ္ဂ၊ နှင့် ဂျာမနီမှ ကိုယ်စားလှယ်များက စစ်ဆေးကြားနာမှုကို လေ့လာစောင့်ကြည့်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတွင် ရှိနေခဲ့ကြသည်။
ထိုင်းနိုင်ငံရှိ နိုင်ငံရေးပါတီများအား မည်သူ့ထံမှမဆို ဘတ် ၁၀ သန်း (ဒေါ်လာ ၃၂၀,၀၀၀) ထက် ကျော်သော ငွေကြေး လှူဒါန်းမှုများ၊ ပိုင်ဆိုင်မှုများ သို့မဟုတ် အခြားသော အကျိုးအမြတ်များကို လက်ခံခြင်းမှ တရားဝင် တားမြစ်ထားသည်။
ပါတီ၏ အသက် ၄၁ နှစ် အရွယ်ရှိ ခေါင်းဆောင် သန်နာထုံက ပြီးခဲ့သည့် မတ်လ အတွင်းတွင် ၎င်း၏ အထွေထွေ ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဘတ်ငွေ ၁၉၁ သန်းကို Future Forward ပါတီသို့ ပေးခဲ့သည်။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းသည့် လျှောက်ထားချက်တွင် ငွေကြေးထောက်ပံ့ခြင်း ဟုခေါ်ဝေါ်ခဲ့သည်။ ၎င်းသည် ချေးငွေ ဖြစ်သည်ဟု သန်နာထုံက အခိုင်အမာ ပြောကြားခဲ့သည်။ ထိုချေးငွေသည် အတိုးနှုန်း အလွန်နည်းပါးသည့် အတွက် တရားမဝင် “အကျိုးအမြတ်” တခု ဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Future Forward ပါတီသည် စစ်တပ်၏ ဘတ်ဂျက်ကိုလျှော့ချရေး၊ စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်သို့ ဆောင်ယူရေး နှင့် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံ ဘုရင်စနစ်တွင် ဘုရင်၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ရေးတို့ကို ကြွေးကြော်ပြီး ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။
၂၀၁၉ ရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင် အများအပြားက ထောက်ခံခဲ့ကြပြီး အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၈၀ အနိုင်ရခဲ့သည်။
အတိုက်အခံပါတီများထဲတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများက တည်ထောင်ထားသော Pheu Thai ပါတီ တခုသာ သူတို့ထက် နေရာပို၍ အနိုင်ရရှိခဲ့သည်။
စီရင်ချက်က ပါလီမန်တွင် အာဏာဟန်ချက်ကို သိသိသာသာပြောင်းလဲစေလိမ့်မည် ဖြစ်သည်။ စီရင်ချက်မချမီတွင် အောက်လွှတ်တော်၌ စစ်တပ်လိုလားသော အစိုးရအဖွဲ့ကို ထောက်ခံသော အာဏာရ ညွန့်ပေါင်းအဖွဲ့က ၂၅၉ နေရာ၊ အတိုက်အခံများက ၂၄၁ နေရာရရှိ ထားသည်။
ယခုအခါ Future Forward ပါတီဝင် လွှတ်တော် အမတ်များ အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း အခြား ပါတီသစ် တခုကို ရှာဖွေကြရတော့မည် ဖြစ်ပြီး မရှာဖွေနိုင်ပါက သူတို့၏ အမတ်နေရာများ ဆုံးရှုံးရတော့မည် ဖြစ်သည်။
ယခု နောက်ဆုံး ဆုံးဖြတ်ချက်သည် ပရာယွတ် ဝန်ကြီးချုပ် ဖြစ်လာသည့် နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အတိုက်အခံပါတီ တခုကို ဒုတိယအကြိမ် ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက အထွေ ထွေရွေးကောက်ပွဲ မတိုင်မီ တွင် သက်ဆင်နှင့် အနီးကပ်မဟာမိတ်ဖွဲ့ထားသည့် Thai Raksa Chart ပါတီကို ဘုရင့် အစ်မဖြစ်သော မင်းသမီး အူဘိုလ်ရတ်ထနာအား ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခဲ့သည့်အတွက် ဖျက်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။ နိုင်ငံရေး၏ အထက်တွင် ဘုရင်ကို နေရာပေးသည့် ကာလရှည်ကြာစွာ ရှိခဲ့သော ထုံးတမ်းအစဉ်အလာကို ထိုပါတီက ချိုးဖောက်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ကိုးကား။ ။ Nikkei Asian Review, Bangkok Post
You may also like these stories:
ထိုင်းစစ်တပ်ပိုင် စီးပွားရေးများ ဘဏ္ဍာရေးဝန်ကြီးအောက် ထားမည်
ထိုင်းရွေးကောက်ပွဲ ဘယ်သူနိုင်သလဲ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ