ရန်ကုန်လေဆိပ် YBS ပေါ်က လူနာသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါသည် မဟုတ်သဖြင့် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူအပြီး နေအိမ်သို့ ပြန်သွားပြီဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီး က ” ဒီရောဂါမဟုတ်တဲ့အတွက် ဆေးကုသမှုခံယူပြီး သူ့နေအိမ်ကိုပြန်သွားပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသော ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မဟုတ်ကြောင်း အတည်ပြု ပေးခဲ့သော်လည်း လူနာ၏ ရောဂါကိုမူ ထုတ်ဖော်ပြော၍ မရဟု ဆိုသည်။
ဒေါက်တာ ခင်ခင်ကြီးက ” သူရဲ့ Personal ရောဂါကို ကျမတို့ အနေနဲ့ ထုတ်ဖော်ပြောလို့ မရပါဘူး။ သူက အစကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေလည်း မရှိခဲ့ပါဘူး ” ဟု ပြောသည်။
တရုတ်နိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေရာ ဟူးဘေပြည်နယ်တွင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံသူရပေါင်း ၇၇၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ စုစုပေါင်း ၂၄၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံပြင်ပတွင် တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်နေပြီး ကူးစက်ခံရသူ ၄၃၃ ဦးရှိကာ နှစ်ဦး သေဆုံးသွားပြီဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးဌာနဘက်က အတည်ပြုထားကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ စောင့်ကြည့်လူနာအသစ်မတွေ့ရှိသေးသလို ရောဂါပိုးရှိသည့် လူနာမျိုးလည်း မရှိသေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။