ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ပေါ် ပိုက်သည် ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၈ နာရီ ကျော်အချိန်က လက်နက်ကြီး ကျည်ဆန် ၁ လုံး ကျရောက် ပေါက်ကွဲသည့်အတွက် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသည့်သူများမှာ အသက် ၆၀ နှစ်အရွယ် ဒေါ်မဲတူ ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်နှင်းလှဝေနှင့်သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကိုမောင်ကြီးတို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
ဒဏ်ရာရရှိခဲ့သူ ဒေါ်နှင်းလှဝေ၏ အမျိုးသားဖြစ်သူ ဦးရွှေထွန်းအောင်က “ မနေ့က ညနေ ၈ နာရီ ၄၅ မိနှစ်လောက်မှာ တံတားပေါ်ကနေ စစ်ကား ဖြတ်သွားတာကို ကြားပါတယ်။ စစ်ကား ဖြတ်သွားတာနဲ့ မကြာဘူး။ ဂျိမ်းဆိုပြီး ပစ်သံကြားတာနဲ့ အိမ်ပေါ်မှာ ထိုင်နေကြတဲ့ ကျနော့် ဇနီးနဲ့သားလေးဆီကို လာမှန်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က ညနေ ၈ နာရီခွဲကျော် အချိန်တွင် ကျောက်တော်မြို့ဝင် ကံကြီးသျှင် ဘုရားကြီး ဘက်မှ တပ်မတော်သားများ ပါလာသည့် ကား ၁ စီးမှာ ကစ္ဆပနဒီ တံတားပေါ်ကနေ ဖြတ်သွားကြောင်း ၊ ထိုသို့ ကားဖြတ်သွားသံကို ကြားရပြီး အချိန်တို အတွင်း လက်နက်ကြီး ကျည်ဆန် ၁ လုံး ကျရောက် ပေါက်ကွဲလာ ခြင်းဖြစ်ကြောင်း ဒဏ်ရာ ရရှိသူ မိသားစုဝင် များနှင့် ကျောက်တော်မြို့ ခံများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် လက်သည် မည်သူမှန်းတိတိကျကျ မသိသော်လည်း ထိုနေ့က နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း သိရသည်။
ကျောက်တော်မြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေ့လည်ပိုင်းက ကျောက်တော်မြို့ပေါ်တွင် တပ်မတော် အရာရှိ ၁ ဦး သတ်ဖြတ် ခံရမှု ဖြစ်စဉ်နှင့်ပတ် သက်ပြီး မြို့လယ် ၊ လမ်းဆုံ ၊ လမ်းခွများတွင် တပ်မတော်သားများက လုံခြုံရေး ယူဆောင်ခဲ့ကြောင်း၊ ထိုတပ်မတော်သားများမှာ ယမန်နေ့ ညနေ ၈နာရီကျော်အချိန်က ကားဖြင့် တပ်စခန်းသို့ ပြန်လည်ထွက် သွားပြီး မိနစ်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်သံကို ကြားရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ မနေ့က မြို့ပေါ်မှာ လုံခြုံရေး ယူတဲ့ တပ်မတော်သားတွေ ညနေ ၈ နာရီလောက် မှာ ကားနဲ့ ပြန်ထွက်သွားတယ်လို့ ပြောပါတယ်။ သူတို့ ပြန်ထွက် တဲ့အခါ ပစ်သံတော့ ကြားလိုက်ပါတယ်။ တပ်လှန့်တဲ့ သဘောနဲ့ ပစ်တာလား ၊ ဘယ်လို သဘောနဲ့ ပစ်တာလည်းဆိုတာ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြောသည်။
လက်ရှိအချိန်တွင် ဒဏ်ရာ ရရှိသူခဲ့သူ ဒေါ်မဲတူကို ကျောက်တော်မြို့ဆေးရုံတွင် ကုသမှုခံယူနေပြီး ဒဏ်ရာပြင်းထန်သည့် ဒေါ်နှင်းလှဝေနှင့်သား ဖြစ်သူ ကိုမောင်ကြီးတို့ကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ကုသမှု ခံယူနေရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ဘဏ်ငွေ လာထုတ်သော တပ်မတော်သား အရာရှိ ၁ ဦးကို AA အဖွဲ့က သတ်ဖြတ်သွားပြီး အတူပါလာသော တပ်မတော်သား ၂ ဦးကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း နေပြည်တော်တွင် ယမန်နေ့က ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်း ပြန်ကြားရေး အဖွဲ့ ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့ နယ် ၊ မျောက်တောင် ကျေးရွာအတွင်း လက် နက်ကြီး ကျည် ထပ်မံ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ် ရရာရှိခဲ့သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် လူနေရပ်ကွက်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက် တော်မြို့ ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။