ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ထမင်းဟင်းနှင့် ရခိုင်မုန့်တီဆိုင်တွင် အလုပ်လုပ်နေသော အသက် ၁၃ နှစ်အရွယ် ကလေးအလုပ်သမားကို ဒီဇယ်လောင်းမီးရှို့သည့် အလုပ်ရှင်အမျိုးသမီးအား ကလေးသူငယ် အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူက လပွတ္တာမြို့မရဲစခန်းတွင် ယနေ့ အမှု ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက်၊ စည်သာယာလမ်းရှိ “တုနှိုင်းမမှီ” ထမင်းဟင်းနှင့် ရခိုင်မုန့်တီဆိုင်တွင်
ငွေကျပ် ၈ သောင်း ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အသက် ၃၆ နှစ်အရွယ် ဆိုင်ရှင် ဒေါ်ချိုချိုစန်း ဆိုသူက အသက် ၁၃ နှစ်ရှိ ဆိုင်အလုပ်သမား မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနက်ပိုင်းတွင် ဒီဇယ်ဖြင့် လောင်းကာ မီးရှို့ နှိပ်စက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်ကို မုန့်ဟင်းရည်အိုး မှောက်ကျ၍ အပူလောင်သည်ဟု ပြောဆိုကာ လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့နှိပ်စက်ခံရမှုအား မိခင်ဖြစ်သူက အမှုဖွင့်လှစ်ခြင်းမရှိဘဲ ကလေးငယ်ချင်း ဆော့ကစားရင်း မတော်တဆဖြင့် မုန့်ဟင်းရည်အိုး မှောက်ကျကာ အပူလောင်ခဲ့သည်ဟု သတင်းလွှင့်ပြောဆိုမှုများ ရှိနေသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးမှ လပွတ္တာမြို့သို့သွားရောက်၍ လမ်းအတွင်းရှိ မျက်မြင်သက်သေများကို မေးမြန်းပြီးနောက် လပွတ္တာမြို့မရဲစခန်းတွင် ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းအား အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်က အင်တာနက် အွန်လိုင်းကနေတဆင့် ဒီကိစ္စကို သိရတယ်။ အဲဒါနဲ့ လက်တွေ့မြေပြင်ကို ကွင်းဆင်း ကြည့်တဲ့အ ခါ ကလေးငယ်ဟာ ဦးခေါင်းဆံပင် အားလုံးမီးလောင်ထားတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်း မီးလောင်ထားတယ်။ ဒါကို ကလေးအမေကို မေးတော့ မုန့်ဟင်းရည်အိုး မှောက်ကျတယ် ပြောတယ်။ ထင်းမီးနဲ့ ထိုးမိလို့ ခေါင်းကို မီးလောင်တယ် ပြောတယ်။ သူတို့ပြောကြားချက်တွေက ယုံကြည်ဖွယ်ရာ မရှိဘူး၊ ယုတ္တိမရှိတဲ့အတွက် ပတ်ဝန်းကျင်မှာ သက်သေ ရှာဖွေတဲ့ အခါ အိမ်နီးချင်းတွေက မျက်မြင်ကိုယ်တွေ့ တွေ့ပါတယ်လို့ အခိုင်အမာ ပြောကြားတဲ့အတွက် အမှုဖွင့်လှစ်ခြင်း ဖြစ်ပါတယ်”ဟု တရားလိုဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။
အခင်းဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၁၉ ရက်ညက မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် မီးများလောင်လျှက် တုနှိုင်းမမှီ ထမင်းဟင်းနှင့် မုန့်တီဆိုင်အတွင်းမှ လမ်းပေါ်သို့ ပြေးထွက်လာပြီး လမ်းမပေါ်ရှိ သဲများနှင့် လူးခဲ့ကြောင်း အမှတ် ၁ ရပ်ကွက်ဒေသခံများထံမှ သိရသည်။
ဆိုင်ရှင်ဖြစ်သူ ဒေါ်ချိုချိုစန်း၏ မီးရှို့နှိပ်စက်မှုကြောင့် မောင်ဖိုးစနေ(ခ) ထက်စည်သူအောင်တွင် ကျောပြင်၊ ဘယ်လက်၊ ညာလက်၊ ခန္ဓာကိုယ် အပေါ်ပိုင်းတို့တွင် မီးလောင်ဒဏ်ရာများ ရရှိထားပြီး လတ်တလောတွင် လပွတ္တာမြို့ ၃ မိုင် ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“တုနှိုင်းမမှီဆိုင်ပိုင်ရှင် ဒေါ်ချိုချိုစန်းကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) နဲ့ အမှုဖွင့် ထားပါတယ်။ ဒီပုဒ်မကတော့ အာမခံပေးလို့ မရတဲ့ပုဒ်မ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သက်သေတွေ စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ထိုညနက်ပိုင်းက မောင်ဖိုးစနေ (ခ) ထက်စည်သူအောင်ကို နှိပ်စက်နေသည့် မြင်ကွင်းများ၊ အော်ဟစ်နေသည့် အသံ များနှင့် မီးရှို့သည့်မြင်ကွင်းအား ရပ်ကွက်အတွင်းရှိ အိမ်နီးချင်းများက ကြားသိ မြင်တွေ့ခဲ့ကြပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက လပွတ္တာ မြို့သို့ လာရောက်စုံစမ်းချိန်တွင် အမှုမှန် ပေါ်ပေါက်ရေးအတွက် ရဲစခန်းနှင့် တရားရုံးတို့တွင် သက်သေထွက်ဆို ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျနော် ရပ်ကွက်ထဲက ဒေသခံ မျက်မြင်သက်သေတွေကို ခေါ်မေးကြည့်တော့ ဆိုင်ရှင်က ကလေးကို အရင်ဆုံး ဓားနဲ့ ပခုံး၊ လက်မောင်းတွေကို ထောက်ပြီး မေးတယ်။ မရတော့ ဓာတ်ဆီပုလင်းယူပြီး ကလေးပေါ်ကို လောင်းချတာ။ ပြီးတော့ သူ့လက်ထဲက မီးခြစ်ကို ခြစ်လိုက်တော့ ကလေးကို မီးစွဲသွားတယ်။ ကလေးက ခန္ဓာကိုယ် အပေါ်ပိုင်း မီးလောင်တော့ ကလေးက အပြင်ကို ထွက်ပြေးပြီး လမ်းမပေါ်က သဲတွေနဲ့လူးတယ်။ အဲဒီအနားက အိမ်နံရံကို သူ့ခန္ဓာကိုယ်နဲ့ သွားကပ် တာ အဲဒီမှာ အသားစတွေတောင် ကပ်ကျန်ခဲ့တယ်။ အဲဒါတွေလည်း သက်သေ အထောက်အထား ယူထားပါတယ်”ဟု လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ပြောသည်။
လက်ရှိတွင် ဆိုင်ပိုင်ရှင်အား လပွတ္တာမြို့မရဲစခန်းက ပြစ်မှုအမှတ် ၇၆/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီး အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
You may also like these stories:
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ