တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၆၀၄ ဦးသို့ရောက်ရှိချိန်တွင် ဗိုင်းရပ်တပ်လှန့်နိုးဆော်မှုကို အမြင့်ဆုံးဖြစ်သည့် အနီရောင်အဆင့်သို့ သတ်မှတ်လိုက်သည်။
ကူးစက်ခံရသူများ၏ ထက်ဝက်ကျော်မှာ ယခုအခါ နိုင်ငံ၏ အဓိကမြို့ကြီး ရှစ်မြို့နှင့် ပြည်နယ်ကိုးခုစလုံးတွင် ဖြစ်ပြီး ဖြစ်ပွားမှု၏ အဓိကဗဟိုချက် အရှေ့တောင်ပိုင်းရှိ ဒေဂူးမြို့ကြီးရှိ Shinchcheon Church Jesus ဘုရားကျောင်းနှင့် ဆက်နွယ်နေသည်။
ရောဂါဖြစ်ပွားမှုမှာ အလွန်အရေးပါသော အပြောင်းအလဲကာလတခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတမွန်ဂျေအင်းက ပြောကြားခဲ့ပြီး တပ်လှန့်သတိပေးမှုကို အမြင့်ဆုံးအဆင့်သို့ မြင့်တင်လိုက်ခြင်းဖြင့် အစိုးရက အကျပ်အတည်းကို အမျိုးသားအဆင့် ကိုင်တွယ်နိုင်မည်ဖြစ်ကာ ၎င်း၏အလုံးစုံတုံ့ပြန်မှုစနစ်ကို ခိုင်မာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။
လာမည့်ရက်အနည်းငယ်က အရေးကြီးဆုံးဖြစ်မည်ဟုလည်း ၎င်းကဆိုသည်။ “အခြေအနက စိုးရိမ်စရာကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒါကို ကျော်လွှားနိုင်မှာပါ။ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက ဗိုင်းရပ်နဲ့တ်ိုက်တဲ့တိုက်ပွဲကို အနိုင်ရမယ့် နည်းလမ်းပါ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပေါ်လာခဲ့ပြီး ယခုအခါလူပေါင်း ၂၅၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း ၇၉၀၀၀ ကျော်ကို ကူးစက်ခဲ့ပြီဖြစ်သည်။ ကူးစက်သေဆုံးသူအများစုမှာ တရုတ်နိုင်ငံမှ ဖြစ်သည်။
တောင်ကိုရီးယားတွင် အနီရောင်မှာ တပ်လှန့်သတိပေးမှုအဆင့်လေးဆင့်အနက် အမြင့်ဆုံးဖြစ်သည်။ ၂၀၀၉ ခုနှစ်က H1N1 ဝက်တုပ်ကွေးဖြစ်ပွားစဉ်အတွင်း နောက်ဆုံးအသက်ဝင်ခဲ့သည့် အနီရောင်အဆင့်သတိပေးမှုက အစိုးရအနေဖြင့် ကျောင်းများကို ပိတ်ခြင်း၊ လူစုလူဝေးပွဲများကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကာ ဗိုင်းရပ်ပျံ့နှံ့ခြင်းကို ရပ်တန့်နိုင်ရေးအတွက် တရားဝင်အရေးယူဆောင်ရွက်မှုပြုလုပ်ရန် အထူးအဖွဲ့တခုကိုလည်း ဖွဲ့စည်းနိုင်သည်။
ဆေးရုံများအတွင်း ကူးစက်မှုများကို တားဆီးရန် အရေးယူဆောင်ရွက်မှုများပြုလုပ်ရေး အစိုးရက တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကာ ဆေးအဖွဲ့များကိုလည်း ခရီးသွားမှတ်တမ်းများကို ထည့်မတွက်ဘဲ သံသယလူနာများကို စမ်းသပ်စစ်ဆေးခွင့် ပေးအပ်မည်ဖြစ်သည်။ ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးဆောင်ရွက်ချက်များကို ကြီးကြပ်မည့် ကပ်ဘေးတန်ပြန် အရေးယူဆောင်ရွက်ရေးအဖွဲ့သစ်ကို ဦးစီးရန် ဝန်ကြီးချုပ် ချန်ဆီကျွန်းကို ရွေးချယ်ထားသည်။
ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်ခြင်းကို တပတ်မှ မတ်လ ၉ ရက်ထိ နောက်ဆုတ်မည်ဖြစ်သည်။ ထိုစဉ် နိုင်ငံသည် ကိုရိုနာဗိုင်းရပ်လူနာများကို ကုသရန် ဆေးဝါးများပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလများကို ကိုရီးယားရောဂါထိန်းချုပ်နှင့် တားဆီးရေးဋ္ဌာနက ခြေဖျက်နေရသည်။ နိုင်ငံအနေဖြင့် ဆေးဝါးအလုံအလောက်ရှိမည်ဖြစ်ပြီး ယခုအခါ တနေ့လျင် စမ်းသပ်မှု ၆၀၀၀ အထိ ပြုလုပ်နေသည်ဟု ဋ္ဌာနက ဆိုသည်။
မနေ့က အစီရင်ခံခဲ့သည့် အသစ်ကူးစက်ခံရမှု ၁၆၉ မှုအနက် ၉၅ ခုမှာ Shincheonji ဘုရားရှိခိုးကျောင်းနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ဘုရားရှိခိုးကျောင်းနှင့် ဆက်စပ်နေသည့် ကူးစက်လူနာပေါင်းမှာ ၃၂၉ ဦးသို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း က်ိုယ်တိုင်ရောဂါခြေချုပ်ဖြစ်နေသော လူ ၉၀၀၀ ခန့်အနက် ၁၂၀၀ ကျော်မှာ တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာများပြသနေသည့်အတွက် ၎င်းစာရင်းမှာ ပိိုုမိုများပြားလာဖွယ်ရှိနေသည်။
လွန်ခဲ့သည့် အင်္ဂါနေ့က ဘုရားရှိခိုးကျောင်းသို့တက်ခဲံ့သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတွင် ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် ဗိုင်းရပ်က မည်သို့ လျင်မြန်စွာပျံ့နှံ့ခဲ့သည်ကို မသိရသေးပေ။ ဆိုးလ်မြို့တွင် ကူးစက်ခံ လူနာအရေအတွက်မှာ မနေ့ကအထိ ၂၄ ဦးသို့ရောက်ရှိခဲ့ပြီး ဘူဆန်တွင် ၁၃ ဦး ကူးစက်ခံရသည်။ ကြေညာလိုက်သည့် အသစ်ကူးစက်ခံရသူများတွင် ဆိုးလ်၏ အနောက်ဖက် ဂင်ပိုမြို့မှ ၁၆ လသားအရွယ်ကလေးတဦးနှင့် ဒေဂူးမှ လေးနှစ်အရွယ် မိန်းကလေးတဦး ပါဝင်သည်။
မနေ့က သုံးဦးသေဆုံးကြောင်း ကြေညာခဲ့ပြီး ၎င်းတို့မှာ ဒေဂူးမှ ၅၆ နှစ်အရွယ်အမျိုးသမီးတဦးနှင့် အသက် ၅၉ နှစ်အရွယ်အမျိုးသားတဦးနှင့် အသက် ၅၇ နှစ်အရွယ်အမျိုးသားတဦးတို့ဖြစ်သည်။ နောက်က နှစ်ဦးမှာ အရှေ့တောင်ပိုင်း ချုံဒိုးမြို့ရှိ Daenam ဆေးရုံတွင် ကူးစက်ခံခဲ့ရသည်။
ချုံဒိုးသည် ဒေဂူးပြီးလျင် ကူးစက်ခံရသူအများဆုံးဖြစ်ပြီး ဆေးဝန်ထမ်း ကိုးဦးအပါအဝင် ကူးစက်ခံရသူ ၁၀၀ ကျော်ရှိသည်။ ယခုအထိ သေဆုံးသူခြောက်ဦးအနက် လေးဦးမှာ Daenam ဆေးရုံမှဖြစ်သည်။ ဒေဂူးနှင့် ချုံဒိုးသို့ မသွားလည်းဖြစ်သည့် ခရီးများရှောင်ရှားကာ တောင်ကိုရီးယား၏ အခြားနေရာများသို့ သွားသည့်အခါ သတိပေးချက်ကို ဆက်လက်လိုက်နာကြရန် ကိုရိုနာဗိုင်းရပ်ကူးစက်ခံလူနာ ၈၉ ဦးရှိသော စင်ကာပူက ခရီးသွားအကြံပေးချက်တခုကို ထုတ်ပြန်ထားသည်။
ကိုးကား။ ။ The Straits Times
You may also like these stories:
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံ
တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံး
ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ် ပိုးလမ်းမစီမံကိန်း အရှိန်လျော့ကျ