တရုတ်ပြည်မှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ( ကိုရိုနာဗိုင်းရပ်စ်) အခြေအနေများကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေး များပြားသည့်နေရာနှင့် ပွဲလမ်းသဘင်များ ရှိသည့်နေရာများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
အခြေအနေ အရပ်ရပ်ကြောင့် မဖြစ်မနေ ကျင်းပရမည့် လူစုလူူဝေးနှင့် ပွဲလမ်းသဘင်များကို ပြုလုပ်ရာတွင်လည်း ကျန်းမာ ရေး ဝန်ကြီးဌာနမှ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးမှုများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။
ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုညွှန်မှူးဖြစ်သူ ဒေါက်တာခင်ခင်ကြီး က “နဂိုထဲက ကျမတို့အနေနဲ့ ပြည်သူတွေ အနေနဲ့ လူထူထပ်တဲ့နေရာတွေကို တက်နိုင်သမျှ ရှောင်ရှားဖို့ ပြောပြီးသားပါ။ အိမ်နီးချင်းနိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာပါ ဖြစ်လာတော့ ပြည်သူတွေအနေနဲ့ ပိုပြီး ဂရုစိုက်စေချင်၊ အလေးအနက် ထားစေချင်တဲ့အနေနဲ့ ဒီလိုအချက် ထုတ်ပြန်လိုက်တာပါ” ဟု ဆိုသည်။
၎င်းက “တခြားနိုင်ငံတွေမှာလည်း ပွဲလမ်းသဘင်တွေ မလုပ်ရဘူးလို့ ဆိုတာမျိုး မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ ညွှန်ကြားချက်မှာကိုက လူ ၁ ယောက်နဲ့ ၁ ယောက် ၃ ပေအကွာလောက်ဆိုရင် ချောင်းဆိုး၊ နှာချေတာကအစ မကူးနိုင် ဘူးဆိုတာ ပါပြီးသားပါ။ နောက်ပြီး ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ရမယ်ဆိုတာ WHO ကိုယ် တိုင်က မညွှန်ကြားထားပါဘူး။ တပ်ရမယ့်လူတွေဆိုတာ ကိုယ်တိုင်က ချောင်းဆိုး၊ နှာချေနေပြီး ကိုယ်ပူနေတဲ့သူတွေ၊ သူတို့ကို ပြုစုပေးရတဲ့ မိသားစုဝင်တွေနဲ့ သူတို့ကို ကျန်းမာရေး စောင့်ရှောက်ပေးရတဲ့ ဝန်ထမ်းတွေပဲ တပ်ရမှာပါ” ဟု ရှင်းပြသည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု အထိတ်တလန့် မဖြစ်စေရန် သတိထား ဆောင်ရွက်လျက် ရှိရာ ယခု ထုတ်ပြန်ချက်သည် ပြည်သူလူထု သတိထားမိစေရေးကို အဓိက ထုတ်ပြန်မှုဟုသာ ယူဆကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ပွဲဈေးများ၊ တရားပွဲများ ကျင်းပနေသည့် အချိန် ဖြစ်သဖြင့် ယခုလို ထုတ်ပြန်ပေးခြင်း ဖြစ်နိုင်ကြောင်း သတင်းမီဒီယာများတွင် ကျန်းမာရေးပညာပေး ဟောပြောနေသည့် အထွေထွေ ရောဂါ ကု ဆရာဝန် ဒေါက်တာကျော်စွာ ဦးက သုံးသပ်သည်။
ပြည်သူများအနေဖြင့် အဆိုပါ COVID-19 ( ကိုရိုနာဗိုင်းရပ်စ်)နှင့် ပတ်သက်ပြီး သတင်းစာများ၊ လူမှုကွန်ရက်မှ တရားဝင် သတင်းပေ့ချ်များနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်ပေ့ချ်များကို ဝင်ရောက်ကြည့်ရှု့ကာ လက်သန့်ရှင်းစေရေး၊ နေမ ကောင်း၊ ချောင်းဆိုး၊ နှာချေမှု ဖြစ်လာလျှင် ဂရုစိုက်သင့်သည်များကို လေ့လာသင့်ကြောင်း၊ မိမိပတ်ဝန်းကျင်တွင်လည်း နိုင်ငံခြားမှ ပြန်လာသူများ ရှိလျှင် သတိထား စောင့်ကြည့်ခြင်း၊ နိုင်ငံခြားမှ ပြန်လာသူများ ကိုယ်တိုင်လည်း တစုံတခု ဖြစ်လျှင် ပွင့်လင်းမြင်သာစွာ ပြောဆိုခြင်းမျိုး ပြုလုပ်ကာ တားဆီးကာကွယ်ရေးကို ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။
ဒေါက်တာ ကျော်စွာဦး က “ပြည်သူတချို့က ဒီသတင်းတွေကြောင့် ကြောက်ကြတယ်။ တချို့ကတော့ ဂရုမစိုက်တာလည်း တွေ့ရတယ်။ ပြည်သူအကြားမှာ ဒီထက် ပိုပြီး ပြောဆိုဖို့တော့ လိုသေးတယ်။ တခုကောင်းတာက အခုချိန်ထိ ကိုယ့်နိုင်ငံမှာ COVID-19 ( ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံရတယ်ဆိုတဲ့သူ မတွေ့သေးတာပဲ။ နောက်ပြီး တောင်ကိုးရီးယားမှာ မြန်မာက ထွက်သွားတဲ့သူ ဒီဗိုင်းရပ်စ် တွေ့တယ်ဆိုတာမှာ သူ့နိုင်ငံထဲမှာ ကူးစက်ခံခဲ့ရတယ် ဆိုပေမယ့် မြန်မာပြည်ထဲကို ရောက်ခဲ့ တာကြောင့် သက်ဆိုင်ရာ ဆရာဝန်တွေက ဒါကိုစဉ်းစားရမှာ။ စောင့်ကြည့်ရမှာ။ ကွင်းဆက်ကို ကြိုတင် တားဆီး နိုင်တဲ့ နည်းလမ်းတွေ ရှာရမှာ” ဟု ဆိုသည်။
မင်္ဂလာဒုံလေဆိပ် YBS ကားပေါ်တွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က လူနာတဦး တွေ့ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စိုးရိမ်သံများ ထွက်ပေါ်ခဲ့သေးသည်။ ထိုလူနာအား မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် မဟုတ်ဘဲ အခြားရောဂါသာဖြစ်ကြောင်း သိရှိရသည်။
COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်ခံရမှုသည် တကမ္ဘာလုံးတွင် လူဦးရေ ၇၈၈ဝဝ ကျော်အထိ ရောက်ရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံ ၁ ခုထဲတွင် ဦးရေ ၇၇ဝဝဝ ကျော်အထိ ရှိသည်။ တရုတ်နိုင်ငံရှိ ဦးရေ ၂၄ဝဝ ကျော်မှာ အဆိုပါ ကူးစက်ရောဂါ ပိုးကြောင့် သေဆုံးခဲ့ပြီး တရုတ်နိုင်ငံပြင်ပ ၂၈ နိုင်ငံတွင် လူပေါင်း ၁၇ဝဝ ကျော် ကူးစက်ခံရမှုမှ ၁၇ ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ညက WHO မှ ထုတ်ပြန်သည်။
မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံများတွင်လည်း ထပ်မံတွေ့ရှိသည့် လူနာများ တိုးလာသလို တရုတ်နိုင်ငံပြင်ပတွင် ရောဂါ တွေ့ရှိမှုသည် တောင်ကိုရီးယားနိုင်ငံသည့် အမြင့်ဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက ဒုတိအဆင့်သို့ ရောက်ရှိခဲ့သည်။
WHO အနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုအဆင့်ကို မြန်မာနိုင်ငံအပြင် ဒေသတွင်း အာဆီယံနိုင်ငံများတွင် သာမက တကမ္ဘာလုံးတွင် အမြင့်ဆုံးအဆင့် အန္တရာယ်ရှိသည့် အဆင့်အထိ သတ်မှတ်ထားပြီး တရုတ်နိုင်ငံတွင် အလွန် အန္တရာယ် ရှိသည့် အဆင့် သတ်မှတ်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းကိုလာရောက်မယ့် ဂျပန်ခရီးသွား ၈၀ ရာခိုင်နှုန်း ပြန်လည်ဖျက်သိမ်း
ရန်ကုန်လေဆိပ် YBS ပေါ်မှ လူနာ ကိုရိုနာဗိုင်းရပ်စ် ရောဂါမဟုတ်
တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံး