သတင်း

ကလေးမြို့တွင် မှုခင်းသတင်းထောက်ဟု ဆိုသူများကို ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက် အတွင်း မှုခင်းသတင်းထောက်များဟုဆိုကာ ခြိမ်းခြောက်ငွေတောင်း သဖြင့် ဒေသခံများက ရိုက်နှက် ဖမ်းဆီးမှု တရပ် ယမန်နေ့က ဖြစ်ပွားသည်။

ခြိမ်းခြောက်ငွေ တောင်းသူများသည် “လူထုအလင်း သတင်းအေဂျင်စီ” အမည်ပါရှိသည့် သတင်းထောက်ကတ်များကို ကိုင်ဆောင်ထားပြီး၊ မင်းမင်းဦး ဆိုသူက ဦးဆောင်ကာ သစ်စက်တစက် အတွင်း ဝင်ရောက်ငွေတောင်းခံရာမှာ ပြဿနာ ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊မင်းမင်းဦး မှာ ထွက်ပြေးလွတ်မြောက်ခဲ့ သော်လည်း နေလင်းနှင့် အောင်အောင် တို့ကို ဖမ်းမိခဲ့ကြောင်း ကလေးဒေသခံတဦးက ပြောသည်။

၎င်းက “သစ်စက် လုပ်ငန်းရှင်လေးတွေဆီမှာ လာတောင်းတာပေါ့။ မပေးနိုင်ဘူးဆိုတော့ ဖမ်းမယ်၊ သတင်းတင်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်တော့ လူငယ်တွေနဲ့ တွေ့တော့ ပြဿနာ ဖြစ်ကြတာ။ သူတို့က တယောက်ကို ကတ်သုံး လေးခု နဲ့ လက်ထိပ်ရော ပါတယ်။ ဒီလို လိုက်လုပ်နေတာ တော်တော်များနေပြီ။ တာဝန်ရှိသူတွေက ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးစေချင်တယ်” ဟု ပြောသည်။

ပြဿနာ ဖြစ်ပွားမှုတွင် ရိုက်နှက်ခံရမှုကြောင့် နေလင်း ဆိုသူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်းလည်း သိရသည်။ ၎င်းသည် လူထုအလင်း သတင်းအေဂျင်စီတွင် သတင်းထောက် အဖြစ် လုပ်ကိုင်နေ သူ ဖြစ်ကြောင်းလည်း သူတို့ထံပါလာသည့် ငွေတောင်းခံလွှာတခု၌ ဖော်ပြထားသည်။

ကလေး ရဲစခန်းမှူး ရဲအုပ် ဝင်းမင်းကျော်က “မနေ့က ပြဿနာမှာ တယောက်က ဦးခေါင်းမှာ သုံးလေးချက်လောက် ချုပ် လိုက်ရတယ်။ အခုတော့ စကားတွေဘာတွေ ပြောနိုင်တဲ့ အခြေအနေပါပဲ။ လောလောဆယ်တော့ ငွေတောင်းတယ် ဆိုတဲ့ မင်းမင်းဦး ဆိုသူကို အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။

မှုခင်း သတင်းထောက်ဆိုသူများ အနေဖြင့် ငွေတောင်းခံရာတွင် “လူထုအလင်း သတင်းအေဂျင်စီ ရုံးဆောက်လုပ်ရန် ရန် ပုံငွေ ထည့်ဝင်ခြင်း”၊ “မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA) အမည်ဖြစ် မဲဖောက်ပေးမည် ဟုဆိုကာ မဲ လက်မှတ် တစောင်လျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချခြင်း” တို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ငွေတောင်းခံလွှာများ၌ ဖော်ပြ ထားသည်။

ဖြစ်စဉ်တွင် မှုခင်း သတင်းထောက်ဆိုသူများ ကျန်ခဲ့သည့် မော်တော်ကားကိုလည်း ဒေသခံအချို့က ထုရိုက်မှု ပြုလုပ်ခဲ့ပြီး ကားအတွင်းမှ သက်သေခံ ကတ်များ၊ လက်ထိပ်၊ လောက်လေးဂွများနှင့် မှုခင်း သတင်း ဝတ်စုံများအား တွေ့ရှိ သိမ်းဆည်း ခဲ့ကြောင်း၊ မော်တော်ကားမှာလည်း လိုင်စင်မဲ့ကား ဖြစ်ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်က သိရသည်။

အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက “ဒီလို ခြိမ်းခြောက်ငွေတောင်းတဲ့ ဖြစ်စဉ်တွေက တော်တော် များနေပြီ။ အရင်ကလည်း တိုင်ကြားလို့ ဖမ်းဆီးတာတွေ ရှိပေမယ့် အခုထိ အမှု မပြတ်ဘူး။ ကြန့်ကြာနေတာတွေ ရှိတယ်၊ ကျနော်တို့အဖွဲ့လည်း ပြည်ထောင်စုအဆင့်အထိ စာတွေ တင်ပြထားတာ ရှိတယ်။ အခု နောက်ပိုင်း ပိုများလာတဲ့အတွက် ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်တယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း မင်းမင်းဦးဆိုသူမှာ ထွက်ပြေး လွတ်မြောက်နေသည့်အတွက် ဖမ်းမိရေး ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရပြီး ဖြစ်စဉ်အပေါ် ခြိမ်းခြောက် ငွေတောင်းမှု၊ ပိုင်နက်ကျူးလွန်မှုစသည့် အမှုများဖြင့် ကနဦး အမှုဖွင့်ထား ကြောင်း ကလေး ရဲစခန်းက သိရသည်။

You may also like these stories:

လပွတ္တာတွင် ကလေးလုပ်သားကို ဒီဇယ်လောင်းမီးရှို့သည့် ဆိုင်ရှင်အား အမှုဖွင့်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ရန် ဆောင်ရွက်

ကျောင်းသူများအား ဗွီဒီယိုခိုးရိုက်သူ အရေးယူပေးရန် ပြည်တက္ကသိုလ် ကျောင်းသားမဂ္ဂတောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading