မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေးသည် ကိုရိုနာ ဗိုင်းရပ်စ် (COVIC-19) ကြောင့် ၁ လနီးပါးအတွင်း ယခင်နှစ်ထက် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၂၀၉ သန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက် ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် ကန်ပိုက်တီး နယ်စပ် ကုန်သွယ် ရေးစခန်း ၄ ခု၌၂၀၂၀ ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၂၇၀ ကျော်ရရှိခဲ့ ပြီး၊၂၀၁၉ ခုနှစ် ယင်း ကာလတူတွင် ဒေါ်လာ ၄၇၉ သန်း ရရှိခဲ့သောကြောင့် ယခုနှစ်တွင် ဒေါ်လာ ၂၀၉ သန်း လျော့ ကျသွားခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဓိကတော့ COVIC-19 စဖြစ်တဲ့ အချိန်ရယ်၊ တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် ရယ်ပေါ့။ နှစ်သစ်ကူးပိတ်ရက်က ဇန်နဝါ ရီလ ၂၃ ရက်က စတယ်။ ပုံမှန် ဖေဖော်ဝါရီ လဆန်းပိုင်း ဆိုရင် ဖွင့်တယ်။ ဘဏ္ဍာနှစ်ကို ၂ ခုကို နှိုင်းယှဉ်လိုက် တဲ့အခါမှာ ကုန်သွယ်မှုက လျှော့ကျသွားတာ” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်း ၄ ခုသည် ဗိုင်းရပ်စ် ပြဿနာ မတိုင်ခင် ကာလက ၁ ရက်လျှင် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်း အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ရာမှ COVIC-19 ပြဿနာ ဖြစ်ပွားချိန်တွင် ၁ ရက်လျှင် ဒေါ်လာ ၁ သန်းမှ ၂ သန်း နီးပါးသာ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ဦးခင်မောင်လွင်က “အခု ဖေဖော်ဝါရီ ၁၃ ရက် နောက်ပိုင်းမှာတော့ သူတို့ဘက်က ပြန်ဖွင့်တော့ လုပ်ငန်းတွေ အနည်းငယ် တော့ ပြန်စနေပြီ။ ဒါပေမယ့် ဖရဲက ခရီးသွား အကန့်အသတ် ရှိတော့ အရောင်းအဝယ် သိပ်မဖြစ်ဘူး။ သခွားမွှေးကတော့ တရုတ် စူပါမားကတ်နဲ့ အွန်လိုင်းက အဝယ်ရှိလို့ ကားအစီး ၄၀ လောက် ကုန်တယ်။ ရေထွက်ကုန်လည်း တရုတ်က လေ ကြောင်းလိုင်းတွေ မဖွင့်သေးတော့ နည်းနည်းပဲ လိုသလောက် သွားသေးတယ်”ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
လက်ရှိ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်း ၄ ခု စလုံး အနည်းငယ်သာ ကုန်သွယ်မှု ပြုလုပ်နိုင်သေးကြောင်း သိရ သည်။
နယ်စပ် ကုန်သွယ်ရေး ဂိတ်များမှ တဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသော ဖရဲ၊ သခွားကဲ့သို့ ပုပ်သိုးလွယ်သော သစ် သီးဝလံများ၊ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုများမှာ ထိခိုက်ခဲ့ရသောကြောင့် အရေးပေါ် ဖြေရှင်းမှုအနေနှင့် ရန်ကုန်တိုင်း အစိုးရနှင့် ပူးပေါင်း၍ ရန်ကုန်ဈေးကွက်အတွင်း ရောင်းချနိုင်ရန် နေရာပေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
ဖေဖော်ဝါရီလ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ပြု လုပ်သော နိုင်ငံတော် ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောခြင်း ဖြစ်သည်။
ဒေါက်တာ သန်းမြင့်က “ဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာမှုက ထုတ်လုပ်သူ လုပ်ငန်းရှင်များဘက်က ဝင်ငွေ ထိခိုက်နိုင်သလို ကျနော်တို့ နိုင်ငံတော်ဘက်ကလည်း အခွန်အကောက်တွေ လျော့နည်းခဲ့ပါတယ်။ သွင်းကုန်ဘက်မှာဆိုလည်း တရုတ် ဘက်က အခြေအနေကြောင့် ကုန်ကြမ်း တင်သွင်းမှု လျော့နည်းတဲ့အတွက် ဒီမှာ ဘယ်လောက်ကုန်ကြမ်း စုဆောင်းနိုင် မလဲ၊ ကုန်ကြမ်း ပြတ်သွားရင် ထပ်ပြီးတော့ ကုန်ကြမ်း ရနိုင်မလားဆိုတဲ့ စိတ်ပူပန်မှုတွေ ရှိပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ် တရုတ်နိုင်ငံက စတင် ဖြစ်ပေါ်ခဲ့သော်လည်း ယင်းကိစ္စသည် တရုတ်နိုင်ငံသာမက အိမ်နီးချင်း နိုင် ငံများနှင့် တကမ္ဘာလုံးဆိုင်ရာ ကိစ္စဖြစ်သောကြောင့် နိုင်ငံအသီးသီးတွင် စီးပွားရေး ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး ထိုနစ်နာမှု များကို လုပ်ငန်းရှင်များ၊ ပြည်သူများ၊ အလုပ်သမားများက နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆို သည်။
ဆက်လက်၍ ဝန်ကြီးက “ဒါက ၁ လ၊ ၂ လနဲ့ ပြီးသွားမလား၊ ရေရှည် ဖြစ်သွားမလားဆိုတာ တွက်ဆလို့ မရပါဘူး။ ဒါ ကြောင့် ဒီလုပ်ငန်းကို ဖြေရှင်းတဲ့ နေရာမှာ အစိုးရ၊ ပုဂ္ဂိက လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ ပညာရှင်များနဲ့ ပူးပေါင်းပြီး ဘယ်လို ဝိုင်းဝန်း ဖြေရှင်းမလဲ ဆိုတာ အရေးကြီးပါတယ်” ဟု ပြောသည်။
ထို့ကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် သာမက ပြည်တွင်း ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပါ ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အဖွဲ့ဝင် ဦးအောင်မျိုးဟိန်းက “ပိတ်စ ကုန်ကြမ်း ဝင်ရောက်မှုမရှိလို့ အခု တနင်္လာနေ့ကို နားရက် ပိတ်ပေးတဲ့ စက်ရုံကတော့ နည်းနည်း များလာပြီ။ အခု တနင်္လာပါ ပိတ်ပေးတဲ့ စက်ရုံက ၁ ပတ်မှာ ၂ ရုံ၊ ၃ ရုံနဲ့ တိုးလာနေတယ်။ အလုပ်ချိန် လျှော့တာတွေလည်း ရှေ့လမှာတော့ စက်ရုံအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက် ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများ အတွက် နယ်စပ်က ကုန်ကြမ်းပစ္စည်း တင်သွင်းမှု ရပ်တန့်နေသဖြင့် မတ်လမှစ၍ ကုန်ကြမ်း ပြတ်တောက်နိုင်မှု အခြေအနေများ၊ အချိန်ပို အလုပ်ချိန်များ လျှော့ချ၍ ဆောင်ရွက်နေရသော ကုန်ထုတ်လုပ်မှု အခြေအနေများနှင့် လုပ်သားရေးရာ ကိစ္စရပ်များကို UMFCCI ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဒု သမ္မတ ၁ ဦးဆောင်သည့် ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီသို့ တင်ပြထားသည်။
ထို့ပြင် ယခုအပတ်အတွင်း၌လည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင် စိုးနှင့် အထည်ချုပ် လုပ်ငန်းများတွေ့ဆုံ၍ ယခု ဖြစ်ပေါ်နေသော ကုန်ကြမ်း အခက်အခဲများအတွက် ဆွေးနွေးမည် ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးကလည်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် ကဏ္ဍတွင် တင်ပို့မှု အခက်အခဲ တစုံတရာ ရှိလာသည်နှင့် အရေးပေါ် ဆောင်ရွက်ရန် ရန်ပုံငွေ မရှိသည့်အတွက် Trade Promotion၊ Marketing Budget ကို အစိုးရ မှ ခွဲဝေချထားပေးရန်၊ အခြား နိုင်ငံများကဲ့သို့ သီးနှံမြှင့်တင်ရေး Board အဖွဲ့ ဖွဲ့ပြီး သီးနှံပွဲတော်များ စဉ်ဆက်မပြတ် ကျင်းပ ပေးခြင်းဖြင့် ဈေးကွက်ကို စနစ်တကျ ဆောင်ရွက်ပေးရန် ကော်မတီသို့ တင်ပြခဲ့သည်။
မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မူဆယ် နယ်စပ်သည် အဓိကကျသော နေရာဖြစ်ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်း မှ၂၀၁၉-၂၀၂၀ တွင် လျာထားချက်မှာ ပို့ကုန် ဒေါ်လာ ၃၅၀၀ သန်း၊ သွင်းကုန် ဒေါ်လာ ၁၅၀၀ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၅၀၀၀ ဖြစ်သည်။
နယ်စပ် ကုန်သွယ်ရေး အနေဖြင့် ပြီးခဲ့သည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၄ ရက် အထိ ကုန်သွယ်မှုမှာ ဒေါ်လာ ၁၄ ဒသမ ၅၃၅ ဘီလီယံအထိ ဆောင်ရွက်နိုင်ကြောင်း စီးပွား ကူးသန်းက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုင်းရပ်ပိုးကြောင့် တရုတ်လုပ်ငန်းများ ပိတ်သဖြင့် မြန်မာ ပို့ကုန်တင်ပို့သူများ အကြီးအကျယ် အထိနာ