မြန်မာ့ တပ်မတော်သည် ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အရေးနိမ့်နေသည်ကို ဖာထေးကာကွယ်ရန် အစိုးရ၏ ပံ့ပိုးမှု မရှိ ဆိုသည့် သဘောဖြင့် အစိုးရကို လွှဲချလျက်ရှိကြောင်း ရက္ခိုင့် တပ်မတော် (AA) က စွပ်စွဲ ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် စစ်မြေပြင် ရှုံးနိမ့်မှု များထဲမှ အရေးမပါသော ရှုံးနိမ့်မှုများကို ဖော်ပြပြီး လက်ရှိ NLD အစိုးရအပေါ် အပြစ်တင်ခြင်း၊ အပြစ်ဖို့ခြင်းများ ပြုလုပ်ကာ တပ်မတော်၏ အသုံးမကျမှုကို ဖာထေးကာကွယ်ရန် ကြိုးစားအားထုတ်မှုကို ယခုပွဲတွင် တွေ့ မြင်ခဲ့ရသည်ဟု AA ၏ မနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ရခိုင်စစ်မြေပြင်၌ ရှုံးနိမ့်နေရခြင်းမှာ လက်ရှိ အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိသယောင်ယောင် ပုံဖော် ပြောဆိုပြီး လက်ညိုးထိုး အပြစ်ဖို့ နေခြင်းမှာ အောက်တန်းကျသော လုပ်ရပ်ဖြစ်ပြီး စိတ်နေစိတ်ထား နိမ့်ပါးသူတို့၏ ပကတိ သဘာဝ ပင် ဖြစ်ပေသည်”ဟု AA က ပြောသည်။
မြန်မာ့ တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ တဖက်သတ် အပစ်ရပ်မှုကို ဟန်ဆောင်ကြေညာပြီး နောက် ရခိုင်ဒေသပြင်ပတွင် တပ်မ ၆ ခု၊ ခြေလျင်၊ အမြောက်တပ်များ အသုံးပြုကာ လက်နက်ကြီး၊ ရဟတ်ယာဉ်၊ ဂျက် တိုက်လေယာဉ်များ အသုံးပြုဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်သော်လည်း အထိအခိုက် အကျအဆုံး များစွာဖြင့် ဂုဏ်သိက္ခာ ကျဆင်းနေရသည်ဟုလည်း ဆိုသည်။
“အချိန်ကြာမြင့်လေလေ ထိခိုက်သေဆုံးမှု များလေလေ ဖြစ်လာခဲ့သည်”ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင်မူ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA သည် ၂၀၁၉ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် တပ်မတော်စခန်းများကို သိမ်းပိုက်ရန် ကြိုးစားသော်လည်း အကျအဆုံးများ ကြောင်း၊ နောက်ပိုင်းတွင် Arakan Army ဆိုသည့် AA သာမက Arakan Army Assistants ဆိုကာ AAA အဖွဲ့များကို ရွာများတွင် ဖွဲ့စည်းလာကြောင်း၊ ကျောက်တော်မြို့တွင် တပ်မတော်အရာရှိတဦးကို သတ်ဖြတ်ကာ တပ်သားနှစ်ဦးကို လူမျိုး ရေးပုံစံလုပ်လာကြောင်း ပြောဆိုသွားသည်။
ယခု AA၏ ပြောဆိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ကျနော်တို့က သတင်းအချက်အလက် အပြည့်အစုံ အကိုးအကားတွေနဲ့ကျတော့ သွေးထွက်အောင် မှန်သွားပုံ ရပါတယ်။ အဓိကကတော့ ကျနော်ပြောလိုက်တဲ့ စကားနဲ့ ဗိုလ်ချုပ် စိုးနိုင်ဦး ပြောတဲ့ စကားတွေပါပဲ”ဟု တုန့်ပြန်ပြောဆိုသည်။
၎င်းက ဆက်၍ “အရင်တုန်းက လုပ်ခဲ့တာတွေ နောင်လုပ်လာမယ့်ဟာတွေ ရှင်းပြခဲ့တယ်။ ပြီးရင် တိုင်းရင်းသား အချင်းချင်း လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားအောင် လုပ်နေတဲ့ဟာတွေကို အထောက်အထားတွေနဲ့ ရှင်းပြတဲ့အခါ တချို့ ရခိုင်လူမျိုးတွေ က ထောက်ခံတယ်။ အခုလည်း သူတို့ ရှုံးနေတယ်ဆိုတာ မသိရအောင် ထုတ်ပြန်တာပဲ”ဟု ပြောသည်။
ရခိုင်အရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ ရခိုင်မှာ AA နဲ့ တိုက်ပွဲတွေ စပြီး ပြင်းထန်လာတဲ့အချိန်မှ စ၍ အစိုးရထံမှ ပြတ်ပြတ်သားသား ချေမှုန်းရန် သဘော တူညီချက်ရခဲ့ကြောင်း၊ ရဟတ်ယာဉ် သုံးစွဲခွင့် အပါအဝင် AA ကို အမြစ် ပြတ် ချေမှုန်းနိုင်ရန် သောင်းကျန်းသူ နှိမ်နင်းရေးစစ်ကိုလည်း ကန့်ကွက်မှု မရှိခဲ့ကြောင်း ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိတယ် လို့ သိထားတယ်။ ပြီးခဲ့တဲ့ သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေး ပြောထားတာက တပ်မတော်ကို အစိုးရ အ နေနဲ့ အပြည့်အဝ ပံ့ပိုးထားတယ်ပေါ့”ဟု ဦးမောင်မောင်စိုးက ပြောသည်။
၎င်းက ဆက်၍ “အဓိကကတော့ ကာကွယ်ရေးဘတ်ဂျက်ကို တောင်းသလောက်လည်း ဖြည့်ဆည်းပေးထားတယ်။ အင် တာနက် ပိတ်ဖို့ အတွက် တပ်မတော်ဘက်က တင်ပြတာကိုလည်း သူတို့ ပိတ်ပေးထားတယ်ပေါ့။ အဲလို ပြောတာတွေ အားလုံးကို ချုပ် လိုက်ရင်တော့ အစိုးရအနေနဲ့ကတော့ ဒီစစ်ဆင်ရေးမှာ တပ်မတော်လိုအပ်တာကို သူတို့ဘက်က ခေါင်းညိမ့်ထားတယ်လို့ ထင်ပါတယ်”ဟု သုံးသပ်သည်။
AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း တပ်မတော် ကိုယ်စားလှယ်များကိုယ်တိုင် ပါဝင် ဆွေနွေးနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နေသဖြင့် စစ်ရေးနှင့် မဆိုင်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့နှင့် အင်တာနက် ဖြတ်တောက် ပေးရန် တပ်မတော်၏ တင်ပြချက်ကို အစိုးရက ခွင့်ပြုပေးထားကြောင်း သမ္မတရုံးက ပြောဆိုထားသည်။
အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ကိုလည်း တွေ့ ရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တို့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း ယနေ့ အချိန်ထိ တိုးတက်မှု မရှိသေးပါ။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်းသို့ ထိုးဖောက် ဝင်ရောက်လာပြီး ချင်းပြည်နယ် ပလက်ဝဒေသတွင် စတင် ခြေကုပ်ယူခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြား နှင့် မြောက်ဦး မြို့နယ်များတွင် ဝင်ရောက် လှုပ်ရှားကာ တပ်စခန်းနေရာ အခိုင်အမာရရှိရန် ကြိုးစားလျက် ရှိသည်။
You may also like these stories:
ရသေ့တောင် တိုက်ပွဲ ပြင်းထန်၊ AA အကျအဆုံးများဟု တပ်မတော်ပြော
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ