လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲရန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံ PPP (Public Private Partneship) စနစ်ဖြင့် ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (MOEE) ဒု ဝန်ကြီးက ပြောသည်။
MOEE မှ ဒု ဝန်ကြီး ဦးခင်မောင်ဝင်းက“ပြည်သူများ ချောချောမွေ့မွေ့ ဓာတ်အား ရရှိနိုင်ရေး အတွက် နိုင်ငံတော် အနေ နဲ့ လည်း PPP Model ရင်းနှီးမြှပ်နှံမှုများ ပါဝင်မည့် နည်းလမ်းများကို စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
ထိုသို့ ပြုပြင်ပြောင်းလဲရန် အတွက် လာမည့် ၃ နှစ်နှင့် ၅ နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ MOEE ဌာနသို့ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ အဆိုပြု လွှာများကို လက်ခံခဲ့ပြီး အမျိုးသား လုံခြုံရေး၊ နိုင်ငံရေး၊ နိုင်ငံတော် ဓာတ်အား ကွန်ရက် စနစ်ဖြင့် ချိတ်ဆက် ပါဝင် လာနိုင် ရေး၊ ပြည်သူများ တတ်နိုင်သည့် ဓာတ်အားခ ဖြစ်စေရန် အတွက် စဉ်းစားကြောင်းလည်း ဒု ဝန်ကြီးက ဆက် ပြောသည်။
ပြည်သူများ လျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အား ပျောက်ဆုံးမှု လျော့ နည်း စေရန်နှင့် အလေအလွင့် မဖြစ်စေရန် အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ပြီး ပြည်တွင်းလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းများ ပြောင်းလဲရန် အစီအစဉ် ရှိ မရှိ ကျောက်တံတား မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးနေမျိုးထက်၏ မေးခွန်းကို ဒု ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
YESE (ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း)၊ MESE (မန္တလေး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း) နှင့် ESE (လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း) တို့အား ပြုပြင်ပြောင်းလဲရန် အတွက် အစီအမံများနှင့် သတ်မှတ် ထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဘက်ပေါင်းစုံမှ သုံးသပ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း ဒု ဝန်ကြီး ဦးခင်မောင်ဝင်းက ပြောသည်။
ထို့ပြင် ပိုမိုကောင်းမွန်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုနှင့် မူဝါဒ ဆိုင်ရာ ညွှန်ကြားချက်များကို ခံယူပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် အတွက် နိုင်ငံရေးတည်ငြိမ်ပါက ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ ယခု လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက နေစွမ်းအင်သုံး လျှပ်စစ် လုပ်ငန်းများလည်း ရှိနေကြောင်း၊ အစိုးရ အနေဖြင့်လည်း တိကျ ခိုင်မာ သည့် ရင်းနှီးမြှပ်နှံမှု ဥပဒေ ပြဌာန်းထားပြီး ဖြစ်သည့်အတွက် ပြည်ပ ရင်းနှီးမြှပ်နှံမှုများ ပိုမို ဝင်ရောက်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်က ပြောသည်။
ဦးနေမျိုးထက်က လျှပ်စစ်ကဏ္ဍ အနေဖြင့် လက်ရှိတွင် မီးပျက်ခြင်း၊ မီတာခများ တိုးမြှင့်ကောက်ခံခြင်း အစရှိသည့် ပြဿနာများ ဖြစ်နေ ခြင်းကြောင့် ပြည်သူများ ကိုယ်စား အဆိုပါ မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသည်။
၎င်းကဆက်လက်၍“လျှပ်စစ်ဖြန့်ဖြူးရေးက အရမ်းအရေးကြီးပါတယ်။ လျှပ်စစ် ထုတ်လုပ်ရေးကို အသည်းအသန် လုပ်နေ ပေမယ့် သယ် ယူရေးရယ်၊ ဖြန့်ဖြူးရေးရယ် ဘက်စုံလုပ်မှ အန္တရာယ်ကင်းမှာပါ။ ကျနော်တို့ နိုင်ငံမှာ အရင်း အနှီး လည်း မရှိပါဘူး။ နည်းပညာတွေလည်း ခေတ်နောက်ကျနေပါပြီ”ဟုလည်း ပြောဆိုသည်။
ပြည်တွင်း၌ လျှပ်စစ် အသုံးပြုမှုသည် နေ့စဉ်နှင့်အမျှ တိုးနေသော်လည်း ထုတ်လုပ်မှု နှောင့်နှေးခြင်းများ ရှိနေသဖြင့် အစိုးရအနေဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နံှမှုများ ခေါ်မည်ဆိုပါက ကောင်းမွန်မည်ဟု ထင်မြင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ စိုးထွန်းက“မီးမမှန်တာ မီးအပြည့်အဝ မရတဲ့ စက်ရုံ၊ အလုပ်ရုံ စက်မှု ဇုန်တွေမှာ ကိုယ်ပိုင် မီးစက်တွေ မောင်းပြီး အသုံးပြုနေရတော့ ကုန်ကျစရိတ် ပိုကုန်တယ်။ လျှပ်စစ်မီး ပြည့်ပြည့်ဝဝ ရရင် ဈေးကွက်ပြိုင်ဆိုင်နိုင်မှုကို ကြည့်မယ် ဆိုရင် နိုင်ငံရဲ့ စီးပွားရေးကိုပါ ပြုပြင်ပြောင်းလဲ လာနိုင်တယ်”ဟု ပြောဆိုသည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မီတာခများ တိုးမြှင့် ကောက်ခံပြီးနောက်ပိုင်းတွင် ယခင်ကဲ့သို့ မီးတနေကုန် ပြတ်တောက်ခြင်း၊ နေ့တဝက် ပျက်ခြင်း၊ အချိန် ၃၊ ၄ နာရီ ပျက်ခြင်းများ မရှိတော့ကြောင်း၊ ခဏတဖြုတ် ပျက်ခြင်းမျိုးသာ ရှိတော့သဖြင့် လျှပ်စစ်ကဏ္ဍ အနေဖြင့် ဝန်ဆောင်မှု အပိုင်း ပြောင်းလဲလာကြောင်း ပြောသည်။
ဦးမြတ်သင်းအောင်က“အရင်က မီးစက်နဲ့ သုံးရတော့ စရိတ်က ၂ ဆလောက် တက်သွားတယ်။ အရင်ထက် ကောင်း သွား ပါတယ်။ ရေရှည် မပျက်ဘူး ဆိုရင်တော့ ပိုကောင်းတာပေါ့”ဟု ဆက်လက် ပြောဆိုသည်။
ယခင်က အိမ်သုံး မီတာခ နှုန်းထားများကို ၁ ယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံးအတွက် ၁ ယူနစ်လျှင် အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ်အထိ ကောက်ခံနေ ရာမှ ၂၀၁၉ ဇူလိုင်လမှ စတင်ကာ နှုန်းထားအသစ်ဖြစ်သော ၁ ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ် သည့် အမျိုးအစား အတွက် ၁ ယူနစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ အသီးသီး ပြောင်းလဲ ကောက်ခံခဲ့သည်။
မြန်မာတနိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှု အနေဖြင့် ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၆၉၈ သန်း (၃၄ ရာခိုင်နှုန်း)၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အိမ်ထောင် စုပေါင်း ၄ ဒသမ ၁၁၁ သန်း (၃၇ ဒသမ ၇၉ ရာခိုင်နှုန်း) ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၄ ဒသမ ၃၃၇ သန်း (၃၉ ဒသမ ၈၈ ရာခိုင်နှုန်း)၊ ၂၀၁၈-၂၀၁၉ တွင် အိမ်ထောင်စုပေါင်း ၅ ဒသမ ၁၄သန်း (၄၇ ဒသမ၂၅ ရာခိုင်နှုန်း) နှင့်၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အိမ်ထောင်စု ပေါင်း ၅ ဒသမ ၃၅၆ သန်း (၄၉ ဒသမ၂၄ ရာခိုင်နှုန်း ) ရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ဆိုသည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တနိုင်ငံလုံး လျှပ်စစ်မီး သုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်မီး သုံးစွဲမှု ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅- ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်မီး သုံးစွဲမှု ၁၀၀ ရာခိုင်နှုန်း အပြည့်ရရှိရန် ရည်မှန်း ဆောင်ရွက်နေကြောင်းလည်း ဒု ဝန်ကြီး ဦးခင်မောင်ဝင်းက ပြောဆိုသည်
You may also like these stories:
တရုတ်-မြန်မာ ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် ကျဆင်း
ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ် ပိုးလမ်းမစီမံကိန်း အရှိန်လျော့ကျ