မန္တလေးတိုင်း မြို့သာ စက်မှုဥယျာဉ် မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဟုဆိုကာ တရားစွဲခံရသူ အမေရိကန် နိုင်ငံသား မစ္စတာဂျွန်အား ကျပ်သိန်း ၃၂၅၀ ဖြင့် အာမခံပေးသည့် ဒေါက်တာ ခင်မောင်ဝင်းက မြင်းခြံခရိုင် တရားရုံးသို့ အာမခံထားငွေ ပေးလျော်မှု ကင်းလွတ်ခွင့်ပြုရန် အသနားခံစာ တင်ပြကြောင်း သိရသည်။
ဒေါက်တာ ခင်မောင်ဝင်းက“မစ္စတာဂျွန်ကို ကျနော်တို့က အာမခံထားတယ်၊ အာမခံထားတဲ့ အတွက် သူ့ကို တရားရုံး ရောက်အောင် ခေါ်မလာနိုင်ဘူး၊ ခေါ်မလာနိုင်တဲ့ အတွက် ဥပဒေအရဆိုရင်တော့ ကျနော်တို့ ကုမ္ပဏီ အာမခံထားတာ ကို ဒဏ်ရိုက်မယ်ပေါ့၊ ကျနော်တို့ကလည်း အထောက်အထားတွေ တင်ပြပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ဒဏ်မရိုက်ဖို့ အသနားခံစာ တင်ပြခဲ့ပါတယ်”ဟု ပြောသည်။
အသနားခံစာတွင် ဒေါက်တာ ခင်မောင်ဝင်း၏ Jaguco Myanmar International Co.Ltd ကုမ္ပဏီ အနေဖြင့် နိုင်ငံတော် သမ္မတက ပေးအပ်ချီးမြှင့်သည့် အခွန် အများဆုံး ထမ်းဆောင်သူများ စာရင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တို့တွင် ပါဝင်ခဲ့သော မှတ်တမ်းများနှင့်အတူ လမ်းဖောက်၊ ကျောင်းဆောက် စသည့် လူမှုရေး ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အများပိုင် သစ်တောစိုက်ခင်းများ ထူထောင်ခြင်းများ အပြင် အာမခံပေးထား သည့် ငွေသည် ရိုးမဘဏ်မှ ချေးယူထားသော ငွေများဖြစ်ကြောင်း စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။
“အဲဒီလိုအချက်တွေ ရှိတာကြောင့် ကျနော်တို့ကို အာမခံပေးလျော်ငွေကို ကင်းလွတ်ခွင့်ပေးဖို့၊ ဒါမှမဟုတ်ဘဲ ကျနော် တို့မှာ တာဝန်အပြည့်ရှိတယ်၊ တာဝန်ယူရမယ်ဆိုရင်လည်း လျှော့လျှော့ပေါ့ပေါ့ ဒဏ်ရိုက်ပေးဖို့အတွက် မြင်းခြံခရိုင် တရားရုံးမှာ အသနားခံစာ တင်ပြထားပါတယ်၊ တရားရုံးကနေ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ တရားရုံးက ဆုံးဖြတ်တဲ့ အပေါ်မှာတော့ ကွန်ပလိန်းတက်ဖို့ မရှိပါဘူး၊ သူတို့ဆုံးဖြတ်တဲ့အတိုင်း ခံယူသွားဖို့ပဲ ရှိပါတယ်”ဟု ဒေါက်တာ ခင်မောင်ဝင်း က ပြောသည်။
တရားရုံးမှ ဒဏ်ရိုက်မည် ဆိုပါက အာမခံငွေ ဖြစ်သော ကျပ် သိန်း ၃၂၅၀ လုံး ဆုံးရှုံးခံရမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် (Mr. John Fredric Todoroki) သည် ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်ပြီး ကျန်းမာရေး မကောင်းသဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက် အရ မန္တလေးတိုင်း မြင်းခြံခရိုင် တရားရုံးက ကျပ်သိန်း ၃၂၅၀ ဖြင့် အာမခံပေးခဲ့ခြင်း ဖြစ်သည်။
အာမခံ ပေးခဲ့ပြီးနောက် မစ္စတာဂျွန် အနေဖြင့် အမှု လာရောက်ရင်ဆိုင်ခြင်း မရှိသဖြင့် မြင်းခြံခရိုင် တရားရုံးက ဒေါက်တာ ခင်မောင်ဝင်းအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၄ အရ ရာဇဝတ် အထွေထွေ အမှု ဖွင့်ခဲ့သည်။
အမှုဖွင့်ခံရပြီးနောက် ဒေါက်တာ ခင်မောင်ဝင်းအနေဖြင့် ယခင်အပတ်ရုံးချိန်းက အကြောင်းပြထုချေချက်တင်သွင်းခဲ့ရာ အဆိုပါ ထုချေချက်အပေါ် ဖေဖော်ဝါရီ ၂၄ ရက်ရုံးချိန်းတွင် အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း ဒေါက်တာ ခင်မောင်ဝင်း က အသနားခံစာ တင်ပြလာခြင်းကြောင့် အမိန့်ချမှတ်မှုကို လာမည့်ရုံးချိန်းသို့ ပြန်လည် ချိန်းဆိုပေးခဲ့ခြင်း ဖြစ်သည်။
“စပြီးလုပ်ကတည်းက ကျနော်တို့ ကုမ္ပဏီအတွက် လုပ်ခဲ့တာမဟုတ်ဘူး၊ ကျနော့်အတွက် မဟုတ်ဘူး၊ အားလုံး အတွက်ကို ရည်ရွယ်ပြီးတော့ စေတနာနဲ့ လုပ်ထားပေးတာပါ၊ ကျနော် တင်ပြထားတဲ့ဟာတွေက သူတို့ ညှာညှာ တာတာ ဆုံးဖြတ်ကြမယ်ဆိုရင် ဆုံးဖြတ်လို့ရတဲ့ အနေအထားရှိပါတယ်”ဟု ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်နှင့် ပတ်သက်၍မူ မြင်းခြံခရိုင် တရားရုံးက ရာကြီး အမှုအမှတ် ၃/၂၀၂၀၊ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၂အရ တရားခံပြေး အမှုဖွင့်လှစ်ထားပြီး ငါန်းဇွန်မြို့နယ် မြို့မရဲစခန်းက ဖမ်းဝရမ်း အတည်ပြု နိုင်ခြင်း မရှိသော်လည်း မင်နီသက်သေများ(ပြစ်ချက်ဟောင်း ရှိမရှိ) စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက“မစ္စတာဂျွန်နဲ့ ပတ်သက် ပြီးတော့ ငါန်းဇွန် မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်ပိုက ဖမ်းဝရမ်း အတည် မဖြစ်ခဲ့ကြောင်း လာရောက်ပေးပို့ပါတယ်၊ မစ္စတာဂျွန် ဒီနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ရုံးချိန်းမှာ တရားရုံးရှေ့ကို ရောက် မလာတဲ့ အတွက် အာမခံခဲ့တဲ့ ဒေါက်တာ ခင်မောင်ဝင်းနဲ့ ပတ်သက်လို့ တရားရုံးက ဆက်ဆောင်ရွက်မှာပါ၊ တရားရုံးက အပြေးမှုဖွင့်ပြီး မင်နီသက်သေတွေကို စစ်နေပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာ စက်မှုဥယျာဉ် မြို့တော် အတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟု ဆိုကာ စိုက်ပျိုးသူ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် (၆၃) နှစ်၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး (၂၃)နှစ် တို့ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများကို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချနိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရနိုင်သော ပုဒ်မများ ဖြစ် သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) ၊ ၂၁ စသည့် ပုဒ်များဖြင့် မူးယစ်တပ်ဖွဲ့မှ တရားလိုလုပ်၍ မြင်းခြံခရိုင် တရားရုံးက ရာဇဝတ်ကြီးအမှု အမှတ် ၁၄/ ၂၀၁၉ ဖြင့် စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရုံးချိန်တွင် စွဲချက်တင် အမိန့်ချခဲ့ရာ မရွန်းလဲ့မြတ်နိုးအား စွဲချက်မတင်မီ တရားရှင် လွှတ်ပေးခဲ့သည်။
“လက်ရှိ အဖမ်းခံရတာက ကျနော်တို့ နိုင်ငံသားတွေပါ၊ ကျနော့်အနေနဲ့ မြင်းခြံခရိုင်တရားရုံးကို အလေးအနက် အရိုအသေပြုပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ ရွှန်းလဲ့မြတ်နိုးကို စွဲချက်မတင်ဘဲ လွှတ် ပေးလိုက်တာ၊ ကလေးမလေးက လစာတောင် မရသေးဘူး၊ ၂၁ ရက်နဲ့ အစမ်းခန့်ပဲ ရှိသေးတယ်၊ ထောင်ထဲမှာ အကြာကြီးနေခဲ့ရတယ်”ဟု ရှေ့နေ ကြီး ဦးသိန်းသန်းဦးက ပြောသည်။
စိုက်ခင်းတာဝန်ခံဟု ဆိုသူ ကိုရှိန်းလတ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(က)၊ ၂၀(က)၊ ၁၆(ခ)တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး ယမန်နေ့က ရုံးချိန်းတွင် စွပ်စွဲခံရသူ ကိုရှိန်းလတ် နှင့် တရားခံပြသက်သေ ၂ ဦးဖြစ်သည့် မြို့သာ ဒေသခံ ကိုကျော်မျိုးသူနှင့် ကိုဇင်မောင်ထွန်း(ခ) ကိုချဲထွေးတို့ကို စစ်ဆေး ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် စွပ်စွဲခံရသူ ကိုရှိန်းလတ်က ၎င်းသည် စိုက်ခင်း တာဝန်ခံ(မန်နေဂျာ) မဟုတ်ကြောင်း ငြင်းဆို ခဲ့ပြီး အလုပ်သမား ရှာဖွေပေးရသည့် အလုပ်သမားခေါင်း အဆင့်သာဖြစ်ကြောင်း၊ စိုက်ခင်း တာဝန်ခံ(မန်နေဂျာ) သည် အမေရိကန် နိုင်ငံသား မစ္စတာ သောမတ်စ် (Thomas) ဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။
ရှေ့နေကြီး ဦးသိန်းသန်းဦးက“ကိုရှိန်းလတ်ကလည်း အလုပ်သမားခေါင်းပါ၊ ကြီးကြပ်ရေးမှူးပေါ့၊ အလုပ်သမား ရှာပေး ရတယ်၊ နွားချေးလိုရင် ချပေးရတယ်၊ ရေပိုက် ဆက်ပေးရတယ်၊ အဲဒီလို လူတယောက်ကို တရားခံ စွဲထားတာ အံ့သြ စရာပါ၊ တကယ်စွဲရမယ့် သူတွေကို မစွဲဘဲနဲ့ ငမွဲတွေကို ထည့်စွဲထားတာ၊ အမှန်တရား ပေါ်ပေါက်မယ်လို့ မျှော်လင့်တယ်၊ ဒါကြောင့် ဆက်ပြီး ထုချေနေတာပါ”ဟု ပြောသည်။
အမှုအား မြင်းခြံခရိုင် တရားရုံးက မတ်လ ၃ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး ထိုရုံးချိန်းတွင် အပြီးသတ် လျှောက်လဲ ချက်များ ကြားနာသွားမည်ဟု သိရသည်။
“ဒီနေ့ (ဖေဖော်ဝါရီ ၂၄) ရုံးချိန်းမှာ ကိုရှိန်းလတ်က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၂ -၁ အရ ကျမ်းသစ္စာပြုတယ်၊ အပြစ်မရှိတဲ့ အကြောင်း သူနဲ့အတူ သက်သေ၂ယောက်က အစစ်ခံတယ်၊ အပြီးသတ် လျှောက်လဲချက်ကို ရောက်ပါပြီ၊ အမှုက ဥပဒေနဲ့အညီ ဆက်သွားနေတာဖြစ်ပြီး ကျန်တဲ့သူက ကိုရှိန်းလတ်ပဲ ကျန်တော့၊ ၃ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် တင်ပါမယ်၊ ပြီးရင် အမိန့်ချမယ်”ဟု ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောဆိုသည်။
မြို့သာ စက်မှုဥယျာဉ် အတွင်း ဆေးခြောက် စိုက်ပျိုးသည်ဟု ဆိုကာ မစ္စတာဂျွန် အပါအဝင် အမေရိကန် အခြေစိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူ အခြား အမေရိကန် နိုင်ငံသား ၅ ဦးကိုလည်း အမူဖွင့်ထားပြီး သူတို့၏ မျက်ကွယ်တွင် အမှု ကို စစ်ဆေးနေခြင်း ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက“ဒီအမှုက အမေရိကန် နိုင်ငံသားတွေက စလာကြတယ်၊ လာတုန်းက အလွတ်လာတာ မဟုတ်ဘူး၊ အမေရိကန် ကုမ္ပဏီဆိုတာ အလွန်တိကျတာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ခွင့်ပြုချက် တောင်းပြီး လယ်/ဆည် ဝန်ကြီးဌာနမှာလည်း MoU ထိုးပြီး၊ မူကြမ်း ရှိပါသေးတယ်၊ သဘောတူညီချက်လာလုပ်တာကို ရဲက Facebook အကြောင်းပြပြီး ဝင်ဖမ်းလိုက်တယ်၊ ဝန်ကြီးချုပ်အမိန့်ကို ၂ပွင့်ပဲရှိတဲ့ ရဲအုပ်က ချိုးဖောက်လို့ရတယ် ဆိုတာမျိုး နိုင်ငံတကာက ယူဆသွားရင် အင်မတန်အန္တရာယ်ကြီးတယ်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက ဘယ်သူမှ လာရဲ မှာ မဟုတ်တော့ဘူး၊ အစိုးရက တာဝန်မခံဘူး၊ ရဲက ဝင်ဖမ်းတယ် ဖြစ်သွားမယ်၊ အခုလည်း အဲဒီအမေရိကန်တွေ တယောက်မှ မရှိတော့ဘူး”ဟု ပြောဆိုသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ဆေးခြောက် စိုက်ခင်းဟုနာမည်ကြီးခဲ့သည့် မြို့သာစက်မှုဥယျာဉ်အတွင်း သဘာဝ ဆေး ဘက် ဝင် လျှော်ပင် စက်မှုကုန်ကြမ်း ချဉ်ပေါင် လျှော်နွယ်ဝင် စိုက်ပျိုးရန် အတွက်ဟု ဆိုကာ ၂၀၁၈ ခုနှစ် မေလ ခန့်က စိုက်ခင်းဧက ၆၀ ခန့်အား အမေရိကန် နိုင်ငံသား မစ္စတာဂျွန်၊ မစ္စတာ သောမတ်စ်နှင့် Alexandra Skemp တို့ ၃ ဦးက တိုင်း အစိုးရအဖွဲ့၏ တရားဝင့်ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
နိုင်ငံခေါင်းဆောင်များ အနေဖြင့် အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေလို့ ဦးစိုးထွန်းရှိန်ပြော
ကလေးမြို့တွင် မှုခင်းသတင်းထောက်ဟု ဆိုသူများကို ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွား