ဒီနေ့ နေပြည်တော်က ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဒုတိယ အကြိမ် ပြင်ဆင်ရေး ဥပဒေမူကြမ်း ပုဒ်မ၊ ပုဒ်မခွဲတွေကို စတင်ဆွေးနွေးဖို့ လွှတ်တော် နာယက ဦးတီခွန်မြတ်က ခွင့်ပြုပေးထားပါ တယ်။
စတင် ဆွေးနွေးရမယ့် သူကတော့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ရန်ကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ပါ။
လွှတ်တော် အစီအစဉ် ဇယားအရ လွှတ်တော်စစချင်း ဒီနေ့ ကျင်းပတဲ့ လွှတ်တော်ကို မတက်ရောက်နိုင်တဲ့ ကိုယ်စား လှယ်တွေ ခွင့်တိုင်ကြားမှု အပြီး ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ မူကြမ်းတွေကို စတင် ဆွေးနွေးတော့မယ့် အချိန် တပ်မတော် သား ကိုယ်စားလှယ်တဦး ဖြစ်သူ ဗိုလ်မှူးချုပ် အောင်စန်းချစ်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကနေ မိုက်ပေး ဖို့ တောင်းပါတယ်။
လွှတ်တော် ဥက္ကဌကလည်း မိုက်ဖွင့်ပေးလိုက်တဲ့အခါ ဗိုလ်မှူးချုပ် အောင်စန်းချစ်က သူအပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုးပြီး တင်ပြထားတဲ့ ပြင်ဆင်ချက် အချက် ၉ ခုမှာ သူတင်ပြစဉ်က ပါဝင်ခဲ့တဲ့ အချက်တချို့ဟာ လွှတ်တော်က ပြန်ထုတ်ပြန်တဲ့အခါ မပါဝင်တော့လို့ ဆိုပြီး စတင် ကန့်ကွက် ဆွေးနွေးပါတယ်။
ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော် ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ရေးထိုးထားတဲ့ ဥပဒေကြမ်းထဲမှာ ပုဒ်မ ၂၆၂ ပုဒ်မခွဲ ဋ မှာ သူတင်ပြစဉ်က “နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ လည်းကောင်း တင်ပြရမည်” ဆိုတာနဲ့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးများ ခန့်အပ်တာဝန်ပေး ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော် သမ္မတထံသို့လည်း တင်ပြရမည် လို့ ပြင်ဆင်ချက် ပေးထားတာပါ။
ဒါပေမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လွှတ်တော်မှာ ပြန်လည် ဖြန့်ဝေတဲ့ မူကြမ်းမှာတော့ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခြင်း၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ အကြောင်းကြား၍ နိုင်ငံတော် သမ္မတထံသို့လည်း တင်ပြရမည်” ဆိုတဲ့ စာသား မပါတော့ဘူးလို့ သိရပါတယ်။
“ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး အသေးစိတ် လေ့လာစိစစ်ရန် သာ ရှိပြီး ပယ်ဖျက်ခြင်း၊ ပြုလုပ်ထားခြင်း အပေါ်မှာ ကျနော် အနေနဲ့ ကန့်ကွက်ပါတယ်။ ဒီလို သေချာစွာ မစိစစ်ဘဲ ပြုလုပ် ထားခြင်းအပေါ် ကျနော် ကန့်ကွက်ပါတယ်”လို့ ဗိုလ်မှူးချုပ် အောင်စန်းချစ်က လွှတ်တော်မှာ ပြောပါတယ်။
သူ့ပြောဆိုမှုကို လွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီလိုဖော်ပြရေးသားခြင်းဟာ ရိုးရိုးမှားယွင်းမှုပဲ သူထင်တဲ့အကြောင်း၊ အဲဒါကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို စိစစ်ပေးဖို့ ပြောပါတယ်။
အချေအတင်ဖြစ်ပွားမှုဟာ ဒီနေရာကနေ စတင်တယ်လို့ ဆိုရမှာပဲ။
အဲဒီ ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက သူတို့ကော်မတီ အနေနဲ့ ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်သွင်းထားတဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၂ ပုဒ်မခွဲ ဋ နဲ့ ပတ်သက်ပြီးတော့ တလုံးတပါဒမှ ပြင်ဆင်ထားခြင်း မရှိကြောင်း ငြင်းဆိုပါတယ်။
“ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ချက်များက လွဲလို့ ကျနော် တို့ ပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဥပဒေစာသားများကို ကျနော်တို့ ပြင်ဆင်လို့ မရပါဘူး။ အကုန်လုံး ဒီကန့်လန့်ဖြတ် ဇယားမှာလည်း စာမျက်နှာ ၁၃ မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ အဲဒါ လေးကို ပြန်လည် ရှင်းလင်း တင်ပြခြင်းသာ ဖြစ်ပါတယ်”လို့ လွှတ်တော်မှာ ပြန်ပြောပါတယ်။
အဲဒီအချိန်မှာပဲ အခြား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဗိုလ်ချုပ် တင်ဆွေဝင်းက ပြည်ထောင်စု လွှတ်တော်ထဲမှာ မတ်တပ်ထရပ်ပြီး “ဒီမှာ ရေးထားတဲ့ဟာနဲ့ စာကျန်တာ ဒီမှာရေးထားတာနဲ့ မပါတာ”လို့ အော်ပြော ပါတော့တယ်။
ဗိုလ်ချုပ်တင်ဆွေဝင်းရဲ့ အော်ဟစ်ပြောဆိုသံနဲ့ တပြိုင်နက်တည်းမှာ လွှတ်တော် နာယက ဦးတီခွန်မြတ်က “ဗိုလ်ချုပ်၊ ဗိုလ်ချုပ်” ဆိုပြီး ခေါ်ပါတယ်။ “ဗိုလ်ချုပ် ကြမ်းတမ်းရုန့်ရင်းတဲ့ အမှုအယာတွေကို မသုံးပါနဲ့။ မေတ္တာ ရပ်ခံပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြထားတာကို ပြန်ကြည့်ပြီးတော့ ဆောင်ရွက်ပေးပါမယ်”လို့ ဦးတီခွန်မြတ် က ပြောပါတယ်။
ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်တဦးမှ အော်ဟစ်ပြောဆိုနေသည့် Video ဖိုင် (ပြည်ထောင်စုလွှတ်တော်)
အခုလို ထပြီးအော်ဟစ် ပြောခဲ့တဲ့ ဗိုလ်ချုပ် တင်ဆွေဝင်းဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ပြည်ထောင်စု လွှတ်တော်မှာ သတင်းလာယူတဲ့ Mizzima သတင်းဌာနရဲ့ သတင်းထောက် မင်းမင်းဆိုသူကို ဆဲဆိုဖူးသူ တဦး ဖြစ်ပြီး သက်ဆိုင်ရာ သတင်းဌာနက လွှတ်တော် တာဝန်အရှိဆုံးသူတွေကို တင်ပြတိုင်ကြားခဲ့ပေမယ့် အခုအချိန်ထိ အရေး ယူတာမျိုး မရှိခဲ့ပါဘူး။
အခုလို လွှတ်တော်ထဲမှာ အပြန်အလှန် ပြောဆိုနေကြချိန်မှာပဲ အာဏာရ NLD ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ဗိုလ်ချုပ် တင်ဆွေဝင်းရဲ့ တင်ပြချက်တွေဟာ လွှတ်တော်ရဲ့ ဂုဏ်ဒြပ်ကို ထိခိုက်စေတယ် ဆိုပြီး မတ်တပ်ရပ် ကန့်ကွက်ပြောဆိုပါတယ်။
“လွှတ်တော်ရဲ့ ဂုဏ်ဒြပ်ကို အများကြီး ထိခိုက်စေပါတယ်။ ဒါတွေဟာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ သတိပြု ဆင်ခြင်ရမယ့် အချက်ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၁၉ (ဈ) မှာ ဆိုရင်လည်း ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်အမှုအရာ နှုတ်အမှုအရာများ မပြုရဆိုပြီးတော့ နည်းဥပဒေအရလည်း တားမြစ်ထားပါတယ်”လို့ ဦးသိမ်းဆွေက ပြောဆိုနေစဉ်မှာပဲ လွှတ်တော် နာယက ဦးတီခွန်မြတ်က “ရပါပြီ၊ ရပါပြီ။ မပြောပါနဲ့တော့”လို့ ဝင်ရောက် တားမြစ်ခဲ့ပါတယ်။
ဦးတီခွန်မြတ်က “ကျနော် ဒီကနေပဲ ရှင်းပါမယ်။ စောစောတုန်းက ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြထားတဲ့ ရုံးရဲ့ လိုအပ် ချက် ရှိသွားပါတယ်။ အဲဒါကို ဖြည့်စွက်ဆောင်ရွက်ပေးပါမယ်။ ဆွေးနွေးမယ်ဆိုရင်လည်း ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ပြထားတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဦးတီခွန်မြတ် ဆက်ပြောတာကတော့ လွှတ်တော်ကိုယ်စားလှယ် အားလုံးကို မှာကြားလိုတာက မိမိတို့ လွှတ်တော်ဟာ ပြည်ထောင်စု လွှတ်တော် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူပြောဆိုဖို့ လိုအပ်ကြောင်း ဆိုတာပဲ ဖြစ်ပါတယ်။
“စိတ်ဆန္ဒကိုပဲ ဦးစားပေး ဆောင်ရွက်မယ်ဆိုရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှု ထိခိုက်နိုင်လာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ အစောတုန်းကလို ရုတ်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမှုအရာ၊ နုတ်အမှုအရာ မပြုလုပ်ဖို့ ပြောကြားလို ပါတယ်။ အားလုံးကို သတိပေးလိုပါတယ်၊ ဒုန်း”ဆိုကာ တူကို ထုချလိုက်ပါတော့တယ်။
အဲဒီအချိန်မှာ တပ်မတော်သား ကိုယ်စားလှယ်တဦးက မတ်တပ်ရပ်ပြီး ထပြောနေပြန်လို့ ဦးတီခွန်မြတ်က မိုက်မပေးတော့ လည်း ဒီမှာ ပြောနေတယ်လို့ ဆိုပြီး ဟန့်ပါတယ်။
သူဆက်ပြောတာက နာယက တယောက် အနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စည်းကမ်းသေဝပ်မှု ရှိစေရန် ထိန်းသိမ်းဖို့ တာဝန်ရှိကြောင်း၊ ဒီလို ထိန်းသိမ်းဆောင်ရွက်တဲ့နေရာမှာ သူ ချမှတ်တဲ့အမိန့်တွေကို အတည်ပြုစေဖို့ အခွင့်အာဏာ သုံးလို့ ရကြောင်း၊ ဒါပေမယ့် သူမသုံးခဲ့ကြောင်း ဆိုတာပါ။
“ကနေ့အထိ ဒါတွေ သုံးစွဲခဲ့ခြင်း လုံးဝမရှိပါဘူး။ ဒါအားလုံးလည်း နားလည်ကြမယ်လို့ ယုံကြည် ပါတယ်။ အခုလည်း ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ ဗိုလ်မှူးချုပ် အောင်စန်းချစ်တင်တဲ့ ကိစ္စကို အခုပဲ ဖြေရှင်းနိုင်ဖို့ သွားပြီးမှ ယူခိုင်းထားပါတယ်”လို့ ဦးတီခွန်မြတ်က ပြောပါတယ်။
အဲဒီ အချိန်မှာ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ယူလာတဲ့ စာရွက်တွေနဲ့ တိုက်စစ်ပြီး ဗိုလ်မှူး ချုပ် အောင်စန်းချစ် တင်ပြတဲ့ ကိစ္စ မှန်ကန်တယ်လို့ ထောက်ခံပေးခဲ့ပါတယ်။ အဲဒါကြောင့် လိုအပ်တဲ့ စာသားတွေ ပြင်ဆင်ဖြည့်စွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သူတခု ပြောတာကတော့ “နာယက အနေနဲ့ အားလုံး ဘယ်သူ့ကို မဆို အားလုံး ချစ်ကြည်ရင်းနှီးစွာနဲ့ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့ အတတ်နိုင်ဆုံး စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ပေးနေတယ် ဆိုတာကိုလည်း နားလည်သဘောပေါက် စေလိုပါတယ်” ဆိုတာပါပဲ။
အဲဒီလိုနဲ့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၄၅ ဦး ရှိရာမှာ ၆၁၁ ဦး တက်ရောက်တဲ့ လွှတ်တော်ကို ဆက်လက် ကျင်းပနိုင်ခဲ့ပါတယ်။
လွှတ်တော် ခဏ ရပ်နားစဉ်မှာတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် က သတင်းထောက်တွေကို ထွက်ပြီး တွေ့ဆုံ စကားပြောဆိုရာမှာ သူတင်ပြခဲ့တဲ့ အချက်တွေကို ရှင်းလင်းပြောကြားပြီး ဖြေ ရှင်းပေးခဲ့တဲ့ လွှတ်တော် နာယကကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
ဒီနေ့မနက် လွှတ်တော် အခင်းအကျင်းမျိုးဟာ လုံးဝ မဖြစ်သင့်ဘဲ တဖက်နဲ့တဖက် ပြေပြေလည်လည်နဲ့ ဖြစ်သင့်ဖြစ် ထိုက်တာတွေကို ပြောဆိုဆွေးနွေးသင့်တယ်လို့ ကြံ့ခိုင်ရေးပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ပြောပါတယ်။
“တင်ကတည်းက လွဲနေပြီ ဆိုတာကတော့ မမှားသင့်တဲ့ ကိစ္စကြီး၊ အဲလို မမှားသင့်တာကို ထောက်ပြတဲ့အခါကျတော့ တဖက်က ဘူးခံပြီး ငြင်းသလို ဖြစ်နေတယ်။ အားလုံး ညှိညှိနှိုင်းနှိုင်းနဲ့ ယုံကြည်မှု တည်ဆောက်ပြီး သွားရမှာ”လို့ ဦးစိုင်းသန်းနိုင်က လွှတ်တော် အပြီးမှာ ပြောပါတယ်။
အခြေခံ ဥပဒေပြင်ဆင်ရေးကို ပြည်သူများက မျှော်လင့်နေချိန်၊ တပ်မတော်ကလည်း လက်ရှိ အခြေခံ ဥပဒေကို ပြင် မယ်လို့ ပြောဆိုထားချိန်မှာ အခုလို တပ်မတော်သား ကိုယ်စားလှယ်ရဲ့ အပြုအမူက တပ်မတော်ကို သိက္ခာ ကျဆင်း စေတယ်လို့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းတွေကို ဒီနေ့မှာ အာဏာရပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားတွေနဲ့ တပ်မတော် ကိုယ်စားလှယ် အပါအဝင် စုစုပေါင်း ၁၅ ဦးက ဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာတော့ အဖွဲ့အစည်းစုံက ကိုယ်စားလှယ် ၂၀ ဦးက ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ဗိုလ်ချုပ် တဦး၏ ဆဲဆိုမှု မီဒီယာ အသိုင်းအဝိုင်း စိတ်ပျက်
ဗိုလ်ချုပ်တဦး ၏ ဆဲဆိုမှု လွှတ်တော်နှင့် တပ်မတော်သို့ စာပို့ တိုင်ကြား
ဗိုလ်ချုပ်တဦးက သတင်းထောက်အားဆဲဆိုမှု ပြည်ထောင်စုလွှတ်တော်ကို စာတင်မည်
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ “နိုင်ထက်စီးနင်း” လုပ်ဟု တပ်မတော်ပြော