ထိုင်းနိုင်ငံက သီတင်း ၁၂ ပတ်ကြာ ထိမ်းသိမ်းထားသော ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး၊ သားနှင့် သမီးတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကူအညီဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူနှင့် သားသမီး ၂ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ ကတည်းက ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူ တဦးက “ချောချောမောမော ရောက်သွားပြီ။ ရောက်သွားတာကတော့ ကုလသမ္မဂ လူသားချင်းစာနာမှုနဲ့ ပံ့ပိုးကူညီတယ်။ ဆွစ်ဇာလန် အစိုးရကလည်း ကလေးတွေ ပါနေတဲ့ အတွက် အရွယ် မရောက်သေးတဲ့ ကလေးတွေကို စိုးရိမ်တယ်။ အဲဒါကြောင့် သူတို့နိုင်ငံမှာ ခေတ္တခိုလှုံဖို့ အတွက် ခွင့်ပြုလိုက်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ ကို ယခုလ ၄ ရက်နေ့က ချင်းမိုင်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနက ဗီဇာတိုးရန်လာရောက်စဉ်တွင် ဗီဇာသက်တမ်းကုန်ဆုံးနေမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
ကနဦး ထိန်းသိမ်းထားစဉ်က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်ဘက်သို့ လွှဲပြောင်း ပေးရန် ပြင်ဆင်ခဲ့သေးသော်လည်း လူသားခြင်း စာနာမှု ကြားဝင် ညှိနှိုင်းမှုများကြောင့် ထိုအစီအစဉ် ပြောင်းသွားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဆိုင်ရာ UNHCR အကြီးအကဲ Giuseppe De Vincentiins က “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက် မပေးလိုဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူသည် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ၏ သမီးလည်း ဖြစ်သည်။ ယခုကဲ့သို့ သမီးနှင့် မြေးများ တတိယ နိုင်ငံတွင် ခိုလှုံခွင့်ရသွားသည့် အပေါ် ဖခင် တယောက် အနေဖြင့် ဝမ်းသာမိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစံကျော်လှ က “ငါ့ဘက်ကတော့ ဘာပဲပြောပြော ဝမ်းသာတာပေါ့လေ။ တတိယနိုင်ငံ တခုကို ရောက်သွားတယ် ဆိုတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆွစ်ဇာလန်နိုင်ငံတွင် ခိုလှုံခွင့်ရသွားပြီဖြစ်သည့် မိသားစုနှင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အကြား လူချင်းတွေ့ဖို့ရာ အတွက်ကတော့ ခဲယဉ်းသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိသားစုအရေးကို လိုက်ပါဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။
၎င်းက “လောလောဆယ်ကတော့ သူတို့ မိသားစု ၄ ယောက်ပဲ အဲဒီ (ဆွစ်ဇာလန်) မှာ နေရေးထိုင်ရေး စားရေး သောက်ရေး ကလေးတွေ ပညာရေး အတွက်ပဲ အဓိက ဇောင်းပေးပြီးတော့ ရှေ့ဆက်ဖြစ်မယ်ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
တပ်ချုပ်နှင့် ရခိုင်အဖွဲ့အစည်းများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးနှင့် ကလေး ၂ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းမည်