တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်သစ်ကူးစက်ခံရသူဦးရေမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ၁,၀၀၀ ကျော်လာပြီဖြစ်ရာ တရုတ်နိုင်ငံအလယ်ပိုင်းတွင် စတင်ခဲ့သည့် ကြောက်မက်ဖွယ် ရောဂါဖြစ်ပွားမှုက နောက်ထပ်ကမ္ဘာလုံးဆိုင်ရာအဆင့်ဖြင့် ထိန်းချုပ်မှုပြုလုပ်ရမည်ဆိုသည့် စိုးရိမ်မှုများကို အားဖြည့်ပေးနေသည်။
နောက်ထပ်ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၆၉ ဦးရှိကြောင်း နိုင်ငံက အတည်ပြုခဲ့ရာ စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၁,၁၄၆ဦးသို့ ရောက်ရှိခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က တောင်ကိုရီးယားတွင် ကူးစက်ခံရသူဦးရေမှာ ၅၁ ဦးသာ ရှိခဲ့သည်။ ယခုအခါ ဗိုင်းရပ်ကြောင့် တရုတ်နှင့် တခြားကမ္ဘာ့အစိတ်အပိုင်းများတွင် သေဆုံးသူဦးရေမှာ ၂,၇၀၀ ကျော်သွားပြီဖြစ်သည်။
တရုတ်တွင် ကူးစက်ခံရသူ ၇၈,၀၀၀ ကျော်ရှိနေစဉ် တောင်ကိုရီးယားမှာ ဒုတိယ အဖြစ်များဆုံးနိုင်ငံအဖြစ် ပေါ်ထွက်လာပြီး နောက်ထပ်ကူးစက်မှု မြင့်မားမည့်လက္ခဏာများ စတင်ပြသနေသည်။ စင်ကာပူအပါအဝင် န်ိုင်ငံပေါင်း နှစ်ဒါဇင်ခန့်က တောင်ကိုရီးယားမှ ခရီးသည်များဝင်ရောက်မှုကို တင်းကျပ်ကန့်သတ်ထားပြီး တချိန်တည်းမှာပင် တောင်ကိုရီးယားသို့သွားမည့် လေယာဉ်နှင့် ခရီးစဉ်များကို ဖျက်သိမ်းလျက်ရှိသည်။
ကူးစက်မှုအများဆုံးဖြစ်ရာ ဒေဂူးမြို့ကို တောင်ကိုရီးယားအစိုးရက အားကောင်းသည့် ထိန်းချုပ်ဆောင်ရွက်မှုများမရှိခြင်းက ဗိုင်းရပ်က နိုင်ငံတဝန်း ဆက်လက်ပျံ့နှံမည်လားဆိုသည့် မေးခွန်းများကို ဖြစ်ပေါ်စေလျက် ရှိသည်။ ရောဂါဖြစ်ပွားမှု တခြားနေရာများတွင်လည်း မြင့်မားလာပြီး အီတလီတွင် ကူးစက်မှုမြင့်မားလာသကဲ့သို့ အီရန်တွင်လည်း သိသိသာသာသေဆုံးမှုများရှိလာနေရာ ကိုရိုနာဗိုင်းရပ်၏ တကမ္ဘာလုံးသို့ ပျံ့နှံ့နိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်မားလျက်ရှိသည်။
ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဇန်နဝါရီ ၂၃ ရက်က လူဦးရေသန်း ၆၀ ခန့်ရှိသော ဟူပေပြည်နယ်ကို ချိတ်ပိတ်လိုက်သည့် တရုတ်နှင့် မတူသည်မှာ ပြင်းထန်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်ကိုရီးယားအစိုးရက ငြင်းဆန်နေသည်။
နိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ဒေဂူးရှိ လမ်းများမှာ ပိုမိုငြိမ်သက်လာသော်လည်း ဈေးဆိုင်များနှင့် စားသောက်ဆိုင်များမှာ အများအားဖြင့် ဖွင့်မြဲဖွင့်လျက်ရှိသည်။ ထို့အပြင် မြို့၏ကန့်သတ်နေရာများအပြင်ဘက်တွင် လူအများ ခရီးသွားလာမှုများကိုလည်း ကန့်သတ်မှုမရှိပေ။
အစိုးရ၏ ပျော့ပြောင်းသည့် ကိုင်တွယ်မှုကြောင့် လွန်စွာကူးစက်စေသည့်ဗိုင်းရပ်ကို နိုင်ငံတဝန်းပျံ့နှံ့နိုင်စေပြီး အသစ်ကူးစက်ခံရမှုလည်း အရှိန်မြင့်လာမည်ကို စိုးရိမ်မှုလည်း မြင့်မားလျက်ရှိသည်။
ကြောက်မက်ဖွယ်ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် စီးပွားရေးပြန်လည်ကောင်းမွန်ရေး မျှော်လင့်ချက်များမှာ လျော့ပါးလာပြီး ထိခိုက်မှုကို ထေမိစေရန် အပိုဘတ်ဂျက်တခုလိုအပ်ကြောင်း သမ္မတ မွန်းဂျဲအင်း အရိပ်အမြွက်ပြောကြားထားပြီး ဗိုင်းရပ်ကူးစက်မှုကိုလည်း အမြင့်ဆုံးအဆင့် တပ်လှန့်မှုထားရှိလိုက်သည်။
ရောဂါဖြစ်ပွားမှုကို မကြာခင် အဆုံးသတ်မည်ဟု ယခုလအစောပိုင်းက မစ္စတာမွန်း၏ အာမခံပြောကြားချက်များမှာ ဗိုင်းရပ်ဆက်လက်ပျံ့နှံ့နေမှုကြောင့် မှန်ကန်နိုင်မှုက လျော့ပါးနေပြီး ဧပြီလတွင် ရွေးကောက်ပွဲများနှင့် ရင်ဆိုင်ရမည့် ၎င်း၏အစိုးရမှာ ကူးစက်မှုကို ထိန်းချုပ်ရေး ဖိအားပေးခံရနေသည်။
ဒေဂူးအနီးရှိ စစ်စခန်းတစ်ခုတွင် တာဝန်ကျနေသည့် အမေရိကန် စစ်သားတဦးတွင်လည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိထားရာ အမေရိကန်တပ်ဖွဲ့ဝင်တဦးကူးစက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့ဝင်များ စစ်ဋ္ဌာနချုပ်၏ ဗုဒ္ဓဟူးနေ့က ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
တောင်ကိုရီးယားတွင် ဖြစ်ပွားသည့် ကူးစက်မှုများ၏ ထက်ဝက်ကျော်မှာ ရှင်ချီအွန်ဂျီဟု ခေါ်ဆိုသည့် မထင်ရှားသည့် ဘာသာရေးဂိုဏ်းတခုနှင့် ဆက်စပ်နေသည်။ ဂိုဏ်းခေါင်းဆောင်များ၏ ညီအစ်ကိုတော်တဦး၏ အသုဘအခမ်းအနားတခုကို ယခုလ အစောပိုင်းက ကျင်းပပြီးနောက် ဂိုဏ်းဝင်ရာပေါင်းများစွာမှာ ကူးစက်ခံပြီး ဒေဂူးအနီး ဆေးရုံတစ်ခုရှိ လူနာများသို့ ကူးစက်သွားဟန်ရှိသည်။
ထိုဂိုဏ်းမှာ ဗိုင်းရပ်စတင်ဖြစ်ပေါ်ရာ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်တွင် ဂိုဏ်းခွဲများ ရှိသည်။ ဝူဟန်မှပြန်လာသည့် ဂိုဏ်းဝင်များက ဗိုင်းရပ်ကို ယူဆောင်လာသည်ဆိုသည့် အထောက်အထားများ မရှိသော်လည်း တောင်ကိုရီးယားနှင့် ဟူပေပြည်နယ်အပါအဝင် တရုတ်နိုင်ငံ၏ အခြားနေရာများရှိ ယင်းဘာသာရေးဂိုဏ်းနှင့် ဂိုဏ်းခွဲများကြား ဆက်ဆံမှုများကို စစ်ဆေးလျက်ရှိကြောင်း တောင်ကိုရီးယား၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဋ္ဌာနက လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
အဆိုပါ အသုဘအခမ်းအနားအား နက်နက်ရှိုင်းရှိုင်း စုံစမ်းမှုပြုလုပ်ရန် ကျန်းမာရေးအာဏာပိုင်များကို မစ္စတာမွန်းက ညွှန်ကြားထားသည်။ “ဒေဂူးမှာ ဖြစ်နေတဲ့ အခက်အခဲတွေက ဒေဂူးရဲ့ ပြသနာတခုပဲလို့တော့ ကျနော်တို့ မထင်ပါဘူး။ ဒါက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ပြသနာပါ” ဟု ၎င်းကပြောကြားခဲ့သည်။
ကိုးကား။ ။ The Straits Times
You may also like these stories:
COVID-19 ကူးစက်ခံရသော တောင်ကိုရီးယားသူနှင့် တွေ့ဆုံသည့် မြန်မာ၂၂ ဦးကို စောင့်ကြည့်နေ
ကိုရိုနာဗိုင်းရပ်ကြောင့် အီတလီမြောက်ပိုင်းမြို့ ၁၀ မြို့ကို ပိတ်ဆို့ထား