လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ပြင်ပရောက်နေသူများအနေဖြင့် အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေ သော မဲဆန္ဒနယ်တွင် မဲပေးခွင့် ရရှိမည် ဆိုသည့် ပြင်ဆင်ချက်အပေါ် နိုင်ငံရေးပါတီ အချို့က ဝေဖန် ကန့်ကွက်လျက် ရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြင်ဆင်ရန် တင်ပြထားသော ရွေးကောက်ပွဲ နည်းဥပဒေများတွင် ပါရှိသည့် ပြင်ဆင်ချက်များအနက် နည်းဥပဒေ ၁၀ ၌ ပါဝင်သော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဟူ သည့် စကားရပ်ကို “အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း” ဟူ၍ အစားထိုး ပြင်ဆင်ချက်အား ဖေဖော်ဝါရီ ၂၀ ရက် တွင် ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ခြင်း အပေါ် ထိုသို့ ဝေဖန် ကန့်ကွက်နေကြခြင်း ဖြစ်သည်။
ထိုပြင်ဆင်ချက်ကို အတည်မပြုခင်ကတည်းက တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သလို တိုင်းရင်းသားပါတီ ကိုယ် စားပြု လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်တွင်း၌ ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးရှုံးဖြတ်သည့်အခါ ရှုံး နိမ့်သွားခဲ့သည်။
မွန်ညီညွတ်ရေး ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး နိုင်လရီတမက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲဖြစ်ရန် ၎င်းတို့၏ ဆန္ဒများကို UEC ထံ တင်ပြထားသော်လည်း ပြည်သူ့ လွှတ်တော်က ရက် ၉၀ ဖြင့် အတည်ပြု လိုက်ခြင်းသည် အင်အားသုံး အနိုင်ယူလိုက်သည့် သဘော ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“လွှတ်တော်ထဲမှာ ရှိနေတဲ့ အမတ်တွေ နားလည်ဖို့ လိုတာက ဒီမိုကရေစီ စနစ်မှာ မဲအများစုနဲ့ လူနည်းစုတွေကို အနိုင် ယူဖို့ မဟုတ်ဘူး။ ဒီမိုကရေစီလို့ ပြောရင် လူနည်းစုဘက်က တင်ပြထားတဲ့ဟာတွေ လေးလေးနက်နက် စဉ်းစားပေးဖို့ လိုတယ်။ ကျနော်တို့ လူနည်းစု တိုင်းရင်းသားဘက်က သေသေချာချာ တင်ပြထားပေမယ့် ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တာဟာ အင်အားသုံးပြီး အနိုင်ယူလိုက်တဲ့ သဘောလို့ ပြောနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ကရင်အမျိုးသား ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ဒိုင်းနက် လူမျိုးများ တိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက် တစ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ ၁၄ ခုတို့က ၎င်းတို့၏ သဘောထား တရပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ထိုပြင်ဆင်ချက်အရ နေရာဒေသတခု၌ ရက်ပေါင်း ၉၀ ကျော် နေထိုင်သည် ဆိုရုံမျှဖြင့် ယင်းဒေသ၏ ကိုယ်စားလှယ်အား ရွေးချယ်မဲပေးခွင့် ရရှိခြင်းသည် မူရင်းဒေသခံများ၏ ဆန္ဒသဘောထားများ အပေါ် များစွာ ထိခိုက်စေပြီး မူလဒေသခံများ၏ ဆန္ဒကို ဝင်ရောက် စွက်ဖက်နိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်စေသည်ဟု ဖော်ပြ ထားသည်။
ထို့ပြင် မဲစာရင်း ပြုစုရာတွင်လည်း အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ပြီး လုပ်ပိုင်ခွင့် ရှိသူများအနေဖြင့် ဘက်လိုက်မှု များ ရှိလာနိုင်ကာ ဒေသခံ တိုင်းရင်းသားများ အတွက် များစွာ နစ်နာနိုင်ကြောင်း၊ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် တရားမျှတမှု အတွက် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးငွေလင်းက “အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဲဆန္ဒရှင်များရဲ့ မှန်ကန်တဲ့ သဘောထား အစစ် လုံးဝ မရနိုင်တော့ဘူး။ နယ်ခံ တိုင်းရင်းသားတွေက ဒီအမတ်လောင်းကို ကြိုက်တယ်။ ဒါပေမယ့် ၃ လ လောက်ပဲ ရောက်လာတဲ့သူ ဒီဒေသအ ကြောင်းလည်း ကောင်းကောင်း မသိတဲ့သူ၊ စီးပွားရေးအရ ရောက်လာတဲ့သူက ဆုံးဖြတ်ပြီး မဲပေးခဲ့တယ်ဆို ဘယ်လိုမှ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက UEC အနေဖြင့် ဥပဒေပိုင်း ဆိုင်ရာ ပြင်ဆင်မည်ဆိုပါက နိုင်ငံရေးပါတီများ၏ အကြံပြုချက်ဖြင့် ပြင်ရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ၏ မဲပေးခွင့် မဆုံးရှုံးစေရန် အဝေးရောက် မဲပေးစနစ်ကဲ့သို့ စီစဉ်ပေးရန် ပါတီများ၏ အကြံပြုထားချက်များ အပေါ် အလေးမထားရာ ရောက်သွားကြောင်း ပြောဆိုသည်။
မည်သည့် ရွေးကောက်ပွဲကော်မရှင်မဆို တရားမျှတပြီး လွတ်လပ်သည့်၊ မဲဆန္ဒရှင်များ လွတ်လပ်စွာ ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ခွင့်ရသည့် ရွေးကောက်ပွဲများ ကျင်းပပေးရန် အဓိက တာဝန်ကို ကျေပွန်အောင် ဆောင် ရွက်စေချင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်လည်း မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၏ အသံကို နားထောင်ရန် လို အပ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က “အဓိက အရေးကြီးတဲ့ အချက်က ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဥပဒေကို တဖက်သတ် ပြဋ္ဌာန်းမယ့်အစား နိုင်ငံရေးပါတီတွေရဲ့ စိုးရိမ်ပူ ပန်မှုကို အရင်နားထောင်ပြီးတော့ ဆွေးနွေး၊ ဆွေးနွေးပြီးမှ ဒီထက်ကောင်းတဲ့ အဖြေရှာသင့်တယ်လို့ မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ မူဘောင်များကို ပါဝင်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း (သို့) နိုင်ငံ ရေး ပါတီအားလုံးက သဘောတူလက်ခံသည့်အရာ ဖြစ်ရမည် ဆိုခြင်းသည် ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲ တခု ၏ အရေးကြီးသည့် ကြန်အင်လက္ခဏာထဲတွင် ပါဝင်ရာ နိုင်ငံရေးပါတီ အတော်များများက သဘောမတူသည့် ထို ဥပ ဒေကို အတည်ပြုခြင်းသည် ပြဿနာ ရှိသည်ဟု ၎င်းက ယူဆသည်။
ထိုဥပဒေ မူဘောင်အပေါ် အခြေခံကာ ပြုလုပ်သည့် ရွေးကောက်ပွဲမှ ထွက်လာမည့် ရလဒ်အပေါ် အထူးသဖြင့် ရှုံး သည့် နိုင်ငံရေးပါတီက မတရားဘူးဟု ယူဆပါက ထိုရွေးကောက်ပွဲ၏ တရားဝင်မှုကို များစွာ စဉ်းစားစရာ ရှိသည်ဟု လည်း စိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။
“ကျနော်တို့ရဲ့ အကြံပြုချက်က ရက်ပေါင်း ၁၈၀ ကိစ္စကို ဖြုတ်စေချင်တယ်။ ရက်ပေါင်း ၁၈၀ ကို မထားနဲ့တော့။ တကယ်လို့ အိမ်ထောင်စုဇယား မပြောင်းနိုင်ဘူး ဆိုရင် မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးတဲ့အခါ သူတို့ အိမ်ထောင်စု ဇယားရှိတဲ့ မဲဆန္ဒနယ် အတွက်ပဲ မဲပေးခွင့် ရှိသင့်တယ်။ အဲဒီလို မဲပေးလို့ရအောင် ရွေးကောက်ပွဲ ကော်မရှင်က လုပ် ပေးသင့်တယ်” ဟုလည်း ၎င်းက ဆိုသည်။
ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်ကလည်း အတည်ပြုမည်ဆိုပါက ထိုပြင်ဆင် ချက်သည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကျင့်သုံးတော့မည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
လာမည့် ရွေးကောက်ပွဲ မြန်မာလူငယ်များ မဲပေးကြရန် နော်ဒစ်လေးနိုင်ငံ တိုက်တွန်း
ရွေးကောက်ပွဲရက် ဘာကြောင့် မကြေညာနိုင်သေးတာလဲ
တပ်တွင်းမဲရုံများ တရားဝင်မှု မရေရာ