ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အမျိုးသားရေး ဟုဆိုကာ လှုပ်ရှားဆောင်ရွက်သူများ အသုံးပြုရန် တိုက်ခန်းတခန်းနှင့် စရိတ်များအား ပံ့ပိုး ထောက်ပံ့ထားကြောင်း သိရသည်။
မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးမောင်မြင့်သည် ပြည်ခိုင်ဖြိုးပါတီတွင်လည်း ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင် အဖြစ် မကြာသေးမီက တိုးမြှင့်ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။
ဦးမောင်မြင့်က “ကျနော်တို့ပါတီက အမျိုးသားရေးပါတီပဲ၊ ကျနော်ကလည်း အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းတဲ့သူပဲ၊ အမျိုးသားရေး အဖွဲ့တွေကလည်း အမျိုးသား အကျိုးစီးပွားလုပ်တာပဲ၊ ဒီတော့ ပါတီမူဝါဒ ပါလား၊ မပါလားဆိုတာတော့ စဉ်းစားကြည့်ပေါ့၊ အမျိုးသားရေးသမားတွေက အမျိုးသား အကျိုးစီးပွားလုပ်တဲ့ အဖွဲ့တွေကို အထောက်အပံ့ လုပ်တာ မဆန်းပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
“မျိုးချစ်တို့ ဆုံရပ်” ဟု အမည်ပေးထားသည့် အဆိုပါ တိုက်ခန်းသည် ရန်ကုန်မြို့၊ ၁၅၄ လမ်းတွင် တည်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်က ဦးမောင်မြင့်နှင့် ဒေါ်ခင်ဝိုင်းကြည် အပါအဝင် အမျိုးသားရေး လှုပ်ရှားသူများ တွေ့ဆုံကာ လွှဲပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်ဝိုင်းကြည် က “ဒီတိုက်ခန်း အသုံးပြုခွင့်ပေးတာက ဘာအနှောင်အဖွဲ့မှ မပါပါဘူး။ မဲထည့်ခိုင်းတာလည်း မဟုတ်ဘူး၊ ရိုးရိုးလေး ဖြူဖြူစင်စင်ပါပဲ၊ အခုလို အမျိုးသားရေးသမားတွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးတဲ့အတွက် ဝမ်းသာကြို ဆိုပါတယ်” ဟု ပြောသည်။
တိုက်ခန်းနှင့် ပတ်သက်ပြီး အမျိုးသားရေး စကားဝိုင်းများ ပြုလုပ်ရာတွင် တက်ရောက်သူ အချို့၏ တောင်းဆိုမှုအရ စီစဉ် ပေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသား အကျိုးစီးပွားကာကွယ်ရေး အတွက် ရည်မှန်းချက်ခြင်း တူသည့် ပါတီနှင့် အမျိုးသားရေး အဖွဲ့ များ ပူးပေါင်း ဆောင်ရွက်ပါက အင်အားတခု ဖြစ်လာမည် ဖြစ်ကြောင်း ဦးမောင်မြင့်က ဖေဖော်ဝါရီ ၂၂ ရက်တွင် Myanmar Open Voice နှင့် အင်တာဗျူး၌ ပြောထားသည်။
ဦးမောင်မြင့်က “တယောက်သော လုပ်ငန်းရှင်က ဒီအခန်းကို သုံးပါပေါ့။ အပိုင်ပေးတာတော့ မဟုတ်ဘူး။ အမျိုးသားရေး လုပ်နေသမျှ သုံးပေါ့၊ ရွေးကောက်ပွဲ နီးလို့ ပေးတာလား ဆိုတာက သူစိမ်းဆန်ပါတယ်။ အမျိုးသားရေးဆိုတာက ဘယ် တော့မှ ရပ်မယ့်ကိစ္စ မဟုတ်ဘူး။ အမျိုးသားရေး လုပ်နေသရွေ့သုံးခွင့်ပေးဖို့ ကျနော် အာမခံပါတယ်” ဟု ပြောထားသည်။
အဆိုပါ အခန်းတွင် အင်တာနက် Wifi တပ်ဆင်ပေးထားသည့် အပြင် ရေ၊ မီး ကုန်ကျစရိတ်များကိုလည်း ကျခံပေးသွား မည်ဖြစ်ပြီး လတ်တလော ကြိုတင် အသုံးစရိတ်အနေဖြင့်လည်း ကျပ် ၃ သိန်း ပေးခဲ့ကြောင်း ဦးမောင်မြင့်က ပြောထား သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည့် အမျိုးဘာသာ၊ သာသနာ စောင့် ရှောက်ရေး (မဘသ) အဖွဲ့ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားပြီးနောက် လက်ရှိတွင် နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစု၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသားရေး အစည်းအရုံး (MNO) စသည့် အမည်များဖြင့် လှုပ်ရှားမှုများ ပြန်လည် ထွက်ပေါ်လာလျက် ရှိသည်။
MNO အနေဖြင့် ယခုလ အစောပိုင်းကမှ စတင် ဖွဲ့စည်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်က “အမျိုးဘာသာ၊ သာသနာနှင့် အချုပ်အခြာ အာဏာအပေါ် စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ပွဲ” ခေါင်းစဉ်ဖြင့် ချီတက် ဆန္ဒပြမှု ပြု လုပ်ခဲ့ပြီး ရန်ကုန် မြို့တော်ခန်းမရှေ့တွင်လည်း ဟောပြောမှု ပြုလုပ်ခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်
ကြံ့ခိုင်ရေးအမတ်ကို အရေးယူရန် NLD အမတ် လွှတ်တော်သို့ တောင်းဆို