မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ် ( COVID – 19 ) နှင့် ပတ်သက်ပြီး အကျဉ်းသားများ ကို ပညာပေး လုပ်ငန်းများ ဆောင်ရွက် ပေးနေကြောင်း အကျဉ်း ဦးစီးဌာနမှ သိရသည်။
အကျဉ်းထောင်များသည် လူစုလူဝေးဖြင့် နေရာတခုအတွင်း နေထိုင်ကြရသည့် အတွက် ဗိုင်းရပ်စ် ကူးစက်ခံရပြီ ဆိုလျှင် ပြင်ပနေရာများထက် ပိုမို ဆိုးရွားသည့် ဖြစ်ရပ်များ ဖြစ်လာနိုင်ကြောင်း၊ နေ့စဉ်လည်း အကျဉ်းသားများနှင့် အချုပ်သား များ အဝင်အထွက် ရှိနေသည့်အတွက် ကျန်းမာရေး ပညာပေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အကျဉ်း ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်မှူး ဦးရဲရင့်နိုင်က ပြောသည်။
ဦးရဲရင့်နိုင်က “ကျနော်တို့က သက်ဆိုင်ရာ အကျဉ်းထောင်ရှိတဲ့နယ်က ကျန်းမာရေး ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ ပညာပေးမှုတွေ လုပ်ပါတယ်။ ထောင်ဆရာဝန်နဲ့ပဲ လုပ်တာ မဟုတ်ပါဘူး။ အဓိကကတော့ ပြင်ပမှာက ဒီနေရာမှာ ဖြစ်တယ်ဆို ပြည်သူတွေက ရှောင်ကွင်းသွားလို့ ရတယ်။ အကျဉ်းထောင်ကြတော့ အဲ့ဒီလို မဟုတ်ဘူး။ မဖြစ်နဲ့၊ ဖြစ်ပြီဆို တထောင်လုံး ဖြစ်လာနိုင်တာ” ဟု ပြောဆိုသည်။
ထို့ပြင် အကျဉ်းထောင် အသီးသီးတွင် အသစ်ဝင်ရောက်လာသော အကျဉ်းသား၊ အချုပ်သားများကို လေဆိပ်များ ကဲ့သို့ ကိုယ်အပူချိန် တိုင်းသည့်စက်ဖြင့် တိုင်းတာပြီးမှ လက်ခံကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များအရ အကျဉ်းထောင်များရှိ အခန်းတိုင်းတွင် လက်ဆေးရန် ဆပ်ပြာ နှင့် လက်ဆေးကန်များ ယခင်ကတည်းက ပြုလုပ်ပေးထားပြီး လက်ဆေးသည့် အလေ့အကျင့်များ ရှိရန်ကို သာ ပညာပေးရမည် ဖြစ်ကြောင်း၊ နှာချေသူ၊ နှာစေးသူနှင့် ချောင်းဆိုသူများကို နှာခေါင်းစည်းများ တပ်ဆင်ရန် ညွှန်ကြားပေး သလို ထောင်ဆေးရုံများကိုလည်း နှာခေါင်းစည်းများ အဆင်သင့် ပြင်ဆင်ထားပေးပြီး ဖြစ်ကြောင်းလည်း ဒုညွှန်မှူး ဦးရဲရင့်နိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဗဟို အကျဉ်းထောင်အဖြစ် သတ်မှတ်ထားသော ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ သာယာဝတီ၊ မိုးညှင်း အပါ အဝင် ထောင် ၈ ခုတွင် တလလျှင် အသုံးစရိတ်အဖြစ် ကျပ်သိန်း ၅ဝ သတ်မှတ်ကာ ဖြည့်ဆည်းပေးထားပြီး သာမန် အကျဉ်းထောင်များတွင် ကျပ်သိန်း ၂ဝ သတ်မှတ် ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ အဆိုပါ အသုံးစရိတ် များ ထဲမှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်စရိတ်များကို အသုံးပြုကြောင်း သူက ဆက်ပြောသည်။
အကျဉ်းစခန်းနှင့် အလုပ်စခန်းများတွင်လည်း ထိုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး လုပ်ငန်း လုပ်ဆောင်မှု ပြုလုပ်နေပြီး မြန်မာနိုင်ငံတွင် အကျဉ်းထောင်နှင့် အလုပ်စခန်း အပါအဝင် အရေအတွက် ၉၀ ကျော် ရှိနေသော်လည်း အဓိကအားဖြင့် အကျဉ်းထောင်များကို ဦးစားပေး လုပ်ဆောင်နေကြောင်း သူက ပြောသည်။
ဒုညွှန်မှူး ဦးရဲရင့်နိုင် က “လတ်တလောအရ ဟိုတလောက မန္တလေးမှာ တရုတ်အကျဉ်းသား ၁၄ ယောက်ကို ရဲက လာပို့ တယ်။ သူတို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတည်းက ဝူဟန်မြို့က ပြန်လာတဲ့ သူတွေဆိုတော့ ကျနော်တို့က ရဲကို ဆေးရုံ မှာ ကျန်းမာရေးဌာန သတ်မှတ်ချက်အတိုင်း ၁၄ ရက် စောင့်ကြည့်ပြီးမှ ထောင်က လက်ခံတယ်။ အဓိကက ထောင်ထဲကို မရောက်စေချင်ဘူး။ ရောက်လာရင် ထိန်းမရတော့ဘူး” ဟုလည်း ဆက်လက် ပြောဆိုသည်။
တရုတ်နိုင်ငံရှိ ပြည်နယ် ၃ ခုမှ အကျဉ်းထောင် ၅ ခုတွင် အကျဉ်းသား ၅ဝဝ ကျော် ကိုရိုနာဗိုင်းရပ်စ် ( COVID – 19 ) ကူးစက်ခံနေရကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ကိုးကား၍ South China Morning Post သတင်းဌာနက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရေးသား ဖော်ပြသည်။
ရောဂါ ကူးစက်မှု၏ ထက်ဝက်ကျော်သည် ရောဂါဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်ပြည်နယ် အလယ်ပိုင်းရှိ ဝူဟန် အမျိုးသမီး အကျဉ်းထောင်တွင် ဖြစ်ပြီး ထိုကိစ္စကို စုံစမ်း စစ်ဆေးရန်အတွက် တရုတ်ထိပ်တန်း ဥပဒေ စိုးမိုးရေး အဖွဲ့ တဖွဲ့ကို စေလွှတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက် အတွင်းအရေးမှူး ဦးဘိုကြည်က လတ် တလော အနေဖြင့် အကျဉ်းထောင်များတွင် ဟောပြောပွဲများ ပြုလုပ်ရုံဖြင့် ပြည့်စုံမှုမရှိသလို အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်သည့် အထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်ခြင်းက အရေးကြီးကြောင်း ပြောဆိုသည်။
ဦးဘိုကြည် က “အသစ်ဝင်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးမှု ဘယ်လောက် လုပ်နိုင်မလဲက အရေးကြီးတယ်။ နေ့တိုင်း အဝင်အထွက်က ရှိနေတာ။ တရားရုံးကို ထွက်လာတဲ့သူတွေရဲ့ မိသားစုကလည်း ကူးစက်နိုင်တာပဲ။ နောက် တရားရုံးတွေမှာရှိတဲ့ အချုပ်ခန်းတွေရဲ့ သန့်ရှင်းမှုက အရေးကြီးတယ်။ အဲ့ဒီလို အချုပ်ခန်းတွေမှာ အကျဉ်းသားတွေ သိအောင် ထင်သာမြင်သာ ပိုစတာတွေ ကပ်ထားရမယ်။ ရဲဘက်ကလည်း အချုပ်ကိုလာတဲ့ မိသားစုတွေကို စောင့် ကြည့် ရမယ်။ မိသားစုတွေ အဝင်အထွက်ကို အပူချိန်တိုင်း စက်တွေနဲ့ တိုင်းတာနေရမယ်။ ထောင်ထဲမှာလဲ လက် ဆေး ဖို့ ရေအလုံအလောက်ရှိဖို့၊ ဆပ်ပြာတို့ ဘာတို့ ရှိဖို့အတွက် သေသေချာချာ စဉ်းစားထားဖို့လိုတယ်” ဟုလည်း ပြောသည်။
ထိုသို့ ပညာပေးမှုများနှင့်အတူ တကိုယ်ရေ ကျန်းမာရေး အတွက် လိုအပ်သည့် ပစ္စည်းများကို သက်ဆိုင်ရာ အကျဉ်း ထောင် အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ဖြည့်ဆည်းပေးနေကြောင်း၊ တထောင်နှင့် တထောင် ပုံစံတမျိုးတည်း ဖြစ် မဖြစ်တော့ မသိနိုင်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်ပြီး ယခင် အင်းစိန် အကျဉ်းထောင် ထောင်ပိုင် ကြီး ဖြစ်ခဲ့သူ ဦးဇော်ဇော်က ပြောဆိုသည်။
အထူးသဖြင့် အကျဉ်းထောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်လျှင် တကိုယ်ရေ သန့်ရှင်းရေးကို အရေးတကြီး လုပ်ဆောင်ကြောင်း၊ ယခုလို ကမ္ဘာနှင့်ချီ ဖြစ်ပျက်လာသည့် ရောဂါမျိုး ဆိုလျှင် မိမိတို့အနေဖြင့် အထူး သတိထား ဆောင်ရွက်ပေးပါကြောင်း သူက ဆက်ပြောသည်။
အင်းစိန်ထောင်၌ ၁ နှစ်ခန့် အကျဉ်းကျနေရာမှ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကမူ ၎င်း အကျဉ်းထောင်မှ လွတ်လာချိန် အထိ ကိုရိုနာဗိုင်းရပ်စ် ပညာပေး လုပ်ငန်းများ မတွေ့ရှိခဲ့ရ ကြောင်း ပြောသည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး က “သူတို့ပြောနေတဲ့ ကျန်းမာရေး ပညာပေး ဟောပြောပွဲတွေ လုပ်တယ်ဆိုတာ ကျနော် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထောင် က ထွက်လာတဲ့အထိ ဘာမှမရှိသေးဘူးဗျ။ နောက်တခုက အခု ထောင်ပိုင်ကြီး အသစ် ပြောင်းလာတုန်း တန်းစီတဲ့အချိန် ကျနော် အဲ့ဒီမေးခွန်းကို သူ့ကို မေးခဲ့ဖူးတယ်။ သူဘာမှ မဖြေနိုင်ဘူး။ ကျနော် က ဒီဗိုင်းရပ်စ် သတင်းတွေ တက် နေတော့ ဒါကို ဘယ်လို ကာကွယ်ရေး လုပ်မှာလဲဆိုတာ သူက ဘာမှကို ကျနော့်ကို မပြောခဲ့ဘူး။ ကျနော်ထွက်လာပြီး နောက်ပိုင်း လုပ်တာ၊ မလုပ်တာတော့ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်ရှိနေတုန်း ဘာမှကို လုပ်တာကို မတွေ့ရ တာ” ဟု ပြောပြသည်။
ထို့ပြင် ၎င်း၏ ထောင်ဝင်စာတွင် ထည့်ပေးလိုက်သော နှာခေါင်းစည်း (Mask) လည်း မရရှိခဲ့ကြောင်း ဆက်လက် ပြောဆိုသည်။
ဒါရိုက်တာ မင်းထင် ကိုကိုကြီး က “ကျနော့်ရဲ့ ထောင်ဝင်စာထဲ နှာခေါင်းစည်း သွင်းပေးတာတောင် ပျောက်သေးတာ။ ကျနော့် ထောင်ဝင်စာ ပါဆယ်ထဲ နှာခေါင်းစည်းပါတာ ကျနော်သိတယ်။ ဒါပေမယ့် ကျနော်ရတော့ အဲ့ဒီဟာ ပါမလာဘူး” ဟုလည်း ပြောသည်။
လက်ရှိအချိန်၌ တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ( COVID – 19 ) ကူးစက်ခံရသူ ၈ဝ၂၃၉ ဦးရှိကြောင်း၊ တရုတ် တနိုင်ငံတည်းတွင် ကူးစက်ခံရသူ ၇၇၇၈ဝ ဦးရှိပြီး ၂၆၆၆ ဦး သေဆုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံပြင်ပ ၃၃ နိုင်ငံတွင် ကူးစက်ခံရသူ ၂၄၅၉ ဦး ရှိရာမှ ၃၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွား ဝင်ရောက်မှု ရပ်တန့်နေ
ကိုရိုနာဗိုင်းရပ်ကြောင့် အီရန်မှာ လူ ၈ ဦး သေ
လူစုလူဝေး ပွဲလမ်းသဘင်များ ရှောင်ရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး