မြန်မာနိုင်ငံ အဝှမ်း လေထု အရည်အသွေး တိုင်းတာသည့် စခန်းများကို နှစ်စဉ် တိုးချဲ့ တည်ဆောက်သွားရန် စီစဉ်လျက် ရှိပြီး လာမည့် ဘတ်ဂျက်နှစ်တွင် နေပြည်တော်၌ တည်ဆောက်ရန် လျာထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “နိုင်ငံတော် ဘတ်ဂျက်ကနေ နည်းနည်းချင်းစီ ထည့်ပြီးတော့ တပ်ဆင်သွားမယ်။ ဒီနှစ်တောင်မှ Mobile Air Quality တိုင်းတဲ့စက်တွေ ဝယ်တယ်။ နောက်နှစ်ဆိုရင် စခန်း တခုထပ်တိုးဖို့ ရှိတယ်။ တနှစ်ကို စခန်း ၁ ခုရရ၊ ၂ ခုရရ တိုးသွားပြီးတော့ Monitoring လုပ်ဖို့ရှိပါတယ်” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် လေထုအရည်အသွေး တိုင်းတာသည့် စခန်းသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်ရှိပြီး အဆိုပါ စခန်းမှ ရရှိသည့် ရလာဒ်များကို ဂျပန်နိုင်ငံသို့ ပေးပို့ကာ အချက်အလက်များ၏ အရည်အသွေးကို စစ်ဆေးမှုများလည်း ပုံမှန် ပြုလုပ်ကြောင်း မိုး/ဇလ မှသိရသည်။
လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အနေအထားမှာ မြန်မာနိုင်ငံတွင် ပြောပ လောက်သည့် အခြေအနေ မရှိသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် တိုင်းတာမှုများကို တိုးချဲ့ရခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။
ဦးကျော်မိုးဦးက “စိုးရိမ်ပူပန်မှု ရှိတဲ့အတွက်ကြောင့် တိုးချဲ့ပြီးတော့ လုပ်တာပေါ့။ ဒါကတော့ တကမ္ဘာလုံးမှာ ဖြစ်နေတာ။ ဒါပေမယ့် ဒီတိုင်းပြည်ကတော့ အခုလောလောဆယ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာတွေက ပြောပလောက် အောင် မရှိသေးဘူးပေါ့။ ဒါပေမယ့် နောက်တချိန်ကျရင်က မပြောနိုင်ဘူး။ အဲဒီအတွက်ကို ကြိုပြီးတော့ ပြင်ဆင်ထားဖို့ လိုတာပေါ့” ဟု ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်မြို့၏ လေထုအရည်အသွေး ကောင်းမွန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်လျက်ရှိသော်လည်း ပုဂ္ဂလိက အဖွဲ့အစည်းများကမူ ရန်ကုန်တွင် လေထုညစ်ညမ်းမှု ရှိနေပြီ ဖြစ်ကြောင်း သတိပေးလျက်ရှိသည်။
“ကျနော်တို့ကတော့ ပုံမှန် ၁ လရဲ့ ဒုတိယပတ်မှာ နေရာ ၄ နေရာခွဲပြီး ၁၂ နာရီ (နံနက် ၆ နာရီမှ ညနေ၆ နာရီ) အထိ တိုင်းတာလို့ရတဲ့ ပျှမ်းမျှ လေအရည်အသွေး ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်ပေးတာ ၄ နှစ်ရှိပါပြီ။ တိုင်း တာတဲ့ နေရာတွေက မြို့တော်ခန်းမ၊ မြေနီကုန်း၊ တာမွေ၊ နဲ့ ဘုရင့်နောင်လမ်းဆုံတို့ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ညစ်ညမ်းမှုဟာ ၁ နှစ်ထက် ၁ နှစ် ပိုမြင့်လာတာတွေ့ ရပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း တခုဖြစ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ လေထုအရည်အသွေး (PM2.5) သည် AQI အညွှန်းကိန်း ၆၆ မှ ၉၇ အထိ ရှိကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
AQI အညွှန်းကိန်း ၀ မှ ၅၀ အထိသည် အစိမ်းရောင်အဆင့် သတ်မှတ်ထားပြီး လေထုအရည်အသွေး ကောင်းမွန်သည်။ အညွှန်းကိန်း ၅၁ မှ ၁၀၀ အထိသည် အဝါရောင် အဆင့်ဖြစ်ပြီး ခံနိုင်ရည် အားနည်းသူများတွင် ကျန်းမာရေး ထိခိုက် နိုင်ဖွယ် အသင့်အတင့် အခြေအနေ ရှိကြောင်း သိရသည်။
ထို့ပြင် အညွှန်းကိန်း ၁၀၁ မှ ၁၅၀ အထိ လိမ္မော်ရောင် အဆင့်သည် ခံနိုင်ရည် နည်းပါးသူများအတွက် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အခြေအနေပင်ဖြစ်သည်။ AQI အညွှန်းကိန်း ၁၅၁ မှ ၂၀၀ အနီရောင် အဆင့် သတ်မှတ်ချက်သည် လူတိုင်း ကျန်းမာရေး ထိခိုက်မှုမျိုး ကြုံတွေ့နိုင်သည့်အပြင် ခံနိုင်ရည် နည်းပါးသော အုပ်စုများ ကျန်းမာရေး ပိုမိုထိခိုက်နိုင်သည့် အခြေအနေဖြစ်သည်။
အညွှန်းကိန်း ၂၀၁ မှ ၃၀၀ ခရမ်းရောင်အဆင့်သည် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး ၃၀၁ မှ ၅၀၀ သည် ကြက်သွေးရောင်အဆင့် အန္တရာယ်ရှိ ကျန်းမာရေးဆိုင်ရာ အရေးပေါ် သတိပေးရမည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။
“လေဆိုတာက မျက်စိနဲ့ မမြင်ရတဲ့ အရာ။ ရှူလိုက်တယ်ဆိုရင် ဥပမာ ကားတွေဘာတွေ ဖြတ်သွားတယ်ဆိုရင် လူတွေက အနံ့လောက်ပဲရတာ။ ကြာရှည် ဆက်ရှူနေမယ်ဆိုရင် လူ့ရဲ့ ကျန်းမာရေး အဆုတ်ရောင်ရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါတို့ ဖြစ်လာနိုင်တယ်။ အချိန်တိုအတွင်းမှတော့ ချက်ချင်းကြီး ဖြစ်တာမျိုးမရှိဘူး။” ဟု ရန်ကုန်မြို့၏ လေထုညစ်ညမ်း မှု ကို အစဉ်တစိုက် စောင့်ကြည့်နေသည့် Air Quality Yangon မှ အဖွဲ့ဝင် ဖြစ်သူ မမြတ်ဖူးပွင့်ကျော်က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။
မမြတ်ဖူးပွင့်ကျော်က “အခုရာသီပိုင်းမှာ လူတွေက သစ်ရွက်ခြောက်တွေ မီးရှို့တာ အရမ်းများလာတယ်။ လူတွေထင်တာက သစ်ရွက် ခြောက်တွေ မီးရှို့လိုက်ရင် ချက်ခြင်း လေထဲမှာ ပျောက်သွားတယ်ထင်တာ။ ဒါပေမယ့် မဟုတ်ဘူး။ အဲဒီသစ်ရွက် ခြောက်တွေ၊ ဓာတ်ငွေ့တွေက ထွက်တဲ့ အမှုန်တွေ ရှိနေတုန်းပဲ။ သူတို့က ပျောက်သွားတာ မဟုတ်ဘူး။ အဲဒါကြောင့် စက်တွေက ပြနေတာပေါ့နော်” ဟု ရှင်းပြသည်။
Air Quality Yangon အဖွဲ့သည် လေထုညစ်ညမ်းမှု အဆင့်လိုက် ဖြစ်ပေါ်မှုများကို အသိပညာပေးရုံ သာမက ရန်ကုန်မြို့ ၏ လေထုညစ်ညမ်းမှုကို လူအများ သတိပြုမိစေရန်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆိုရှယ်ကမ်ပိန်းတခုကို ပြုလုပ်ခဲ့ပြီးနောက် mask တပ်ခြင်းများပြုလုပ်ကြရန် သတိပေးလျက်ရှိသည်။
You may also like these stories:
ရန်ကုန်မှာ လေထုညစ်ညမ်းမှု ဘယ်လောက်ဆိုးဝါးနေပြီလဲ
ရန်ကုန် လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်မှု အထိ မရှိဟု မိုး/ဇလ ပြော