“ဝ” တပ်ဖွဲ့ရှိ ရဟတ်ယာဉ်သည် လူစီး အသေးစားသာဖြစ်ပြီး စစ်ဘက်သုံး ရဟတ်ယာဉ် မဟုတ်ကြောင်း “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောသည်။
အဆိုပါ ရဟတ်ယာဉ်သည် “ဝ”တပ်ဖွဲ့ထံသို့ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အရပ်ဘက် ကုမ္ပဏီ တချို့ က တာဝန်ရှိသူများသာ အသုံးပြုနေသေးကြောင်း ၎င်းက ပြောဆိုသည်။
ဦးညီရန်းက“သေချာတာတခုကတော့ စစ်ဘက်သုံး မဟုတ်ပါဘူး၊ သုံး၊ လေး ယောက်စီး အသေးစား အပျော်စီးပါပဲ၊ တပ်ဖွဲ့ ဘက်က သုံးတာတော့ ကျနော်မတွေ့ရသေးဘူး၊ လက်ရှိတော့ တစီးတည်းပါပဲ၊ ကြီးကြီးမားမား သုံးလို့ရတာလည်း မဟုတ် ဘူး၊ ဘာရည်ရွယ်ချက်နဲ့မှ ဝယ်ယူသုံးစွဲတာ မဟုတ်ပါဘူး”ဟုလည်း ပြောသည်။
ဝ တပ်ဖွဲ့မှ ရဟတ်ယာဉ် ဝယ်ယူခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ဗီဒီယိုဖိုင် တချို့ ပျံ့နှံ့လာပြီးနောက် UWSA ထံသို့ မေးမြန်းရာတွင် ဦးညီရန်းက မှန်ကန်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်သည်။
“ဝ”ရဟတ်ယာဉ် ဟု ယူဆရသည့် လူမှုကွန်ရက်တွင် မြင်တွေ့ရသည့် ဗီဒီယိုဖိုင်
အရပ်ဘက်သုံး လူစီးရဟတ်ယာဉ်များနှင့် ပတ်သက်ပြီး ကုမ္ပဏီများနှင့် နေရာ အတော်များများတွင် ဝယ်ယူ သုံးစွဲမှုများ ရှိနေသည့် အတွက် ထူးဆန်းသော ကိစ္စရပ် မဟုတ်ကြောင်းနှင့် ဒေသအကျိုးပြုသည့် အပြင် လူငယ်များလည်း လေ့လာ နိုင်သည့်အတွက် ဖြစ်သင့်သော ကိစ္စရပ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရဟတ်ယာဉ်၏ အမျိုးအစား၊ ဈေးနှုန်း စသည့် အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ သိရှိခြင်း မရှိသေးကြောင်း လည်း ဦးညီရန်းက ပြောဆိုသည်။
ယခုရဟတ်ယာဉ်သည် တရုတ်ရဟတ်ယာဉ် ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေပြီး၊ အနောက်နိုင်ငံများမှ ထုတ်လုပ်သည့် ၄ယောက်စီး အပေါ့စား ရဟတ်ယာဉ်တစီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂သိန်းခန့် ရှိကြောင်း သိရသည်။
ယင်းရဟတ်ယာဉ်နှင့်ပတ်သက်ပြီး တပ်မတော်ထံ အသိပေး အကြောင်းကြားခြင်း မရှိသည့်အတွက် မသိရှိသေးကြောင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်စေ၊ ကုမ္ပဏီတခုဖြစ်စေ လေကြောင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်ပါ က အစိုးရ လေကြောင်းဦးစီးဌာနထံ တင်ပြပြီးမှသာ ဆောင်ရွက်၍ရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“သတင်းထဲမှာတွေ့တာတော့ သိတာပေါ့ဗျာ၊ ကျန်တာတော့ ဘယ်သိမှာလဲ၊ လေကြောင်း ဦးစီး ဌာန မေးကြည့်ရင်တော့ ပိုသိမှာပေါ့၊ အစိုးရရဲ့ ခွင့်ပြုချက်နဲ့မှ လုပ်လို့ရတဲ့ဟာတွေ၊ လေကြောင်းဦးစီးဌာနမှာမှ လုပ်လို့ရ တာ တွေ၊ တပ်မတော် လေယာဉ်တွေတောင်မှ လေကြောင်းဦးစီးဌာနနဲ့ ဆက်သွယ် ညှိနှိုင်းရတယ်၊ နိုင်ငံတခုနဲ့တခု ဖြတ် ပြီး ပျံမယ်ဆိုရင် သာမန်ခရီးသည်တင် လေယာဉ်တွေတောင်မှ အသိပေးရတယ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တို့၊ လေကြောင်းဦးစီးဌာနတို့ အသိမပေးဘဲနဲ့ ပျံလို့မရပါဘူး။ အခုကိစ္စမှာ ကျနော်တို့ကိုတော့ ဘာမှအသိပေးတာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ အနက် လူအင်အားနှင့် စစ်လက်နက် အင်အား အတောင့် တင်းဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ၎င်းတို့ ထိန်းချုပ်ထားသော ပန်ဆန်း(ပန်ခမ်း) မြို့၌ UWSA က ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနား ကျင်းပခဲ့ပြီး စစ်သည် အင်အား ၇၀၀၀ ကျော်နှင့်အတူ လေယာဉ်ပစ် စက်သေနတ်များ၊ ဒုံး တပ်ဆင် ထားသော မောင်းသူမဲ့ လေယာဉ်များ၊ အမြောက်တပ်များ၊ လက်နက်ကြီး တပ်များ၊ စက်နိုက်ပါ နှင့် လက်နက်ငယ်များ ခင်းကျင်း ပြသသွားသည်။
You may also like these stories:
မြန်မာပြည်ထဲ ဝင်လာတဲ့ တရုတ်လုပ် လေယာဉ်ပစ်ဒုံးများ
နယ်စပ်က လက်နက်ကိုင်များကို တရုတ် လက်နက်ထောက်ပံ့နေခြင်းအား မကျေနပ်ကြောင်း ပြသ
တရုတ်လက်နက်တွေ မြန်မာပြည်ကို လာအိုကတဆင့် ဝင်နေခဲ့သည်