တိုင်းပြည်တွင် အရေးပေါ် အခြေအနေဖြစ်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော် သမ္မတကို ဦးဆောင်စေ၍ တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ်တရပ်အား အတည်ပြု ဆုံးဖြတ်ရမည်ဆိုသော အာဏာရ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အစီအစဉ်ကို သဘောမတူကြောင်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ တို့က ပြောသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အထက်ပါအတိုင်း ပြင်ဆင်လိုကြောင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၀(ဂ) တွင် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ပိုတိုးပေးရန် ပြည်ထောင်စု လွှတ်တော်သို့ ဥပဒေကြမ်း သွင်း၍ တင်ပြထားခြင်း ဖြစ်သည်။
ပုဒ်မ ၄၀ (ဂ) တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်း တို့ကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွှတ် ဆုံးရှုံးရမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ် မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းအချက်ကို NLD ပါတီက ပြင်ဆင်လိုခြင်း ဖြစ်သည်။
ယင်းအချက်နှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦးက နိုင်ငံ၏ သမိုင်းတလျှောက်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ဒို့တာဝန်အရေး ၃ ပါးကို ထိပါးစေမည့် အခြေအနေမျိုး၊ လွတ်လပ်ရေး ဆုံးရှုံး နိုင်သည့် အခြေအနေမျိုး၊ ပြည်ပ ကျူးကျော်မှု အခြေအနေမျိုးကို အချိန်မရွေး ပေါ်ပေါက်လာနိုင်သဖြင့် နိုင်ငံတော်ကို ကာကွယ်ရန် တပ်မတော်ကို ယာယီ အစိုးရဖွဲ့ပြီး ထိန်းသိမ်းစေလိုခြင်း ဖြစ်ကြောင်း ယနေ့ လွှတ်တော်တွင် ပြောသည်။
ဗိုလ်မှူးကြီး နိုင်ဦးက “ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတာ တိတိကျကျ ကြိုတင် သတ်မှတ် ပြဋ္ဌာန်းထားဖို့ လိုပြီး၊ ပြင်ဆင် ပြဋ္ဌာန်းချက်မှာ ပါဝင်သလို အရေးပေါ် အခြေအနေမျိုး ရောက်ရှိမှ အစီအစဉ် တရပ်ရပ်ကို အတည်ပြု ဆုံးဖြတ်ဖို့ဆို တာ ညှိနှိုင်းဆွေးနွေးနေရန် အခြေအနေ ပေး/မပေး အလေးအနက် စဉ်းစားသုံးသပ်ရန် လိုပါတယ်” ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးစေမည့် အရေး ပေါ် အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း ၍ အရေးပေါ် အခြေအနေကို ကြေညာနိုင်သည်ဟု ဖော်ပြထားသည်။
“ဒီလို အခြေအနေတွေမှာ လွှတ်တော်များ၊ ဦးစီးအဖွဲ့များရဲ့ ဥပဒေပြုရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားချိန် ဖြစ်လို့ နိုင်ငံ တော်ရဲ့ ပုံမှန်အခြေအနေကို ပြန်လည် ရောက်ရှိရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် အာဏာကို လွှဲအပ်ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နိုင်ဦးက လွှတ်တော်တွင် ရှင်းပြသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အခြေခံ ဥပဒေတွင် ပုဒ်မ ၄၀ (ဂ) ထည့်သွင်းရခြင်းသည် နိုင်ငံတော် ပြိုကွဲတော့မည့် အချိန်တွင် တပ်မတော်က အာဏာသိမ်းယူခြင်းမျိုး မကြုံစေချင်၍ ဖြစ်ကြောင်း ပြောသည်။
“သမ္မတက အခြေအနေကို မထိန်းနိုင်တဲ့ အခြေအနေမှာ သမ္မတက ဦးဆောင် တာဝန်ယူ ဆောင်ရွက်ရနိုင်မယ့် အစီ အစဉ်တရပ်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုရမယ် ဆိုတာက ရယ်စရာ ကောင်းပါတယ်” ဟု ဦးမောင်မြင့် က လွှတ်တော်တွင် ဆွေးနွေးသွားသည်။
၎င်းက ဆက်၍ “သမ္မတက မလုပ်တတ်လို့ မလုပ်နိုင်လို့ အခြေအနေဆိုးတဲ့ကြားက သူဦးဆောင်ပြီး လုပ်ခိုင်းနေတာက သဘာဝ ကျရဲ့လား၊ ဖြစ်နိုင်ရဲ့လား၊ ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။ တကယ် အခြေအနေဆိုးရင် ပြည်ထောင်စု လွှတ်တော်ဆိုတာ ခေါ်လို့ရနိုင်ရဲ့လား ဆိုတာကိုလည်း ၁၉၈၈ အခြေအနေတွေကို ပြန်လေ့လာစေချင်ပါတယ်”ဟု ပြောဆိုသည်။
ထို့ကြောင့် ပုဒ်မ ၄၀ (ဂ) ကို မူလအတိုင်းသား ထားရှိရန် ဆိုသည်။
လွှတ်တော်တွင် သမ္မတကို အခွင့်အာဏာ မပေးချင်၍ ၁၉၈၈ အခြေအနေနှင့် နှိုင်းယှဉ် ပြောဆိုနေသော်လည်း ယခု ခေတ်အခြေအနေနှင့် မတူတော့ကြောင်း၊ ၁၉၈၈ အရေးတော်ပုံ ကာလသည် တပါတီ အစိုးရ၊ ၁၉၆၂ ခုနှစ် အာဏာ သိမ်း အစိုးရက ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြော သည်။
“အခုလို ပြည်သူကနေ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေက တဆင့် ရွေးချယ်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ် တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကြီးကနေ အချုပ်အခြာ အာဏာကိုသာ လွှမ်းမိုးခွင့် ရှိမယ်ဆိုရင် ၈၈ လို အခြေအနေမျိုးဟာ လုံးဝ ပေါ်ပေါက်လာစရာ အကြောင်း လုံးဝမရှိဘူး” ဟု ဦးမြင့်လွင်က ဆိုသည်။
၎င်းက ဆက်၍ “ပြည်ထောင်စု လွှတ်တော်ဆိုတာ ပြည်သူလူထုရဲ့ အာဏာပိုင်ဆုံး အဖွဲ့အစည်းပဲလေ။ ဒါက အရေး ပေါ် အခြေအနေ ဟုတ်သလား၊ မဟုတ်သလား ဆိုတာကိုလည်း လွှတ်တော်ကပဲ ဆုံးဖြတ်မှာပဲ။ ကာချုပ်ကလည်း ဆုံးဖြတ်လို့ မရဘူး။ နောက်ဆုံး သမ္မတတောင် ဆုံးဖြတ်လို့ မရဘူး” ဟု ပြောဆိုသည်။
နိုင်ငံတော် သမ္မတ ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် အကြီးအကဲ ဖြစ်သလို နိုင်ငံတော်၏ အထွတ်အထိပ်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် သမ္မတတွင် လုပ်ပိုင်ခွင့် ရှိရမည် ဖြစ်ကြောင်း၊ သမ္မတကို ထိန်းချုပ် သည့် အဖွဲ့အစည်းမျိုး မရှိသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းထွန်းအေးက ဧရာဝတီသို့ ပြောသည်။
“သမ္မတဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်က တင်မြှောက်ထားတာ။ အဲဒီတော့ လွှတ်တော်ကို တာဝန် ခံရတဲ့ အပိုင်းတွေ ရှိမယ်။ အဲဒီလိုမျိုးကြီး သမ္မတက မလုပ်သင့်ဘူး ဆိုတာ မျိုးကြီးကတော့ မဖြစ်သင့်ဘူး။ အမေရိကန် မှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်က ကြီးမားတဲ့ အနေအထားမှာ ရှိတာပဲ။ သူတို့ တိုင်းပြည်က ကမ္ဘာမှာ ထိပ်တန်း ရောက်နေ တာပဲ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အခြေခံ ဥပဒေ ပုဒ်မ ၄၀ (ခ)တွင် ဖော်ပြထားသည့် တိုင်းဒေသကြီး တခုတွင် ဖြစ်စေ၊ ပြည်နယ် တနယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တစုတွင် ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်းကို ထိပါး အန္တရာယ် ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် လုံလောက်သော အကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ် မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။
ယင်းအချက်ကိုလည်း မူလ ဥပဒေတွင် “ထိုအန္တရာယ်” ဆိုသော စကားရပ်ကို ပယ်ဖျက်၍ “နိုင်ငံတော် သမ္မတ၏ တာ ဝန်ပေးချက် အရ”ဟု လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ တင်ပြချက်ကိုလည်း တပ်မတော်က သဘော မတူဟု ပြောသည်။
“ဒီဥပဒေ ပြဋ္ဌာန်းစဉ်က နယ်မြေ တခုခုမှာ အခြေအနေ အတော်အတန် ပျက်ပြား ဆိုးဝါးလာရင် တပ်မတော်က စစ် အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်၍ ယာယီ အုပ်ချုပ်ရေးနည်းနဲ့ ဆောင်ရွက်ရန် ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နိုင်ဦးက ပြောသွားသည်။
ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် (MNDAA) MNDAA အဖွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားခဲ့ရကြောင်း၊ ထိုအ ခါ ယခုပြဋ္ဌာန်းချက်အတိုင်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်၍ စနစ်တကျ ဆောင်ရွက်ခဲ့ရာ နယ် မြေ တည်ငြိမ်မှု ပြန်လည် ရရှိခဲ့ကြောင်း ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
အဖွင့်မလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့ ကြံ့ခိုင်ရေး ဘာကွာလဲ