သတင်း

ယခုနှစ် ပဲခူးတိုင်းအစိုးရ ဘတ်ဂျက် ကျပ်သန်းပေါင်း ၁ သိန်း ၈ သောင်းကျော် သုံးစွဲမည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်း အစိုးရမှ ကျပ်သန်းပေါင်း ၁ သိန်း ၈ သောင်းကျော် သုံးစွဲသွားရန် စီစဉ်ထားကြောင်း ပဲခူးတိုင်း အစိုးရ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အင်္ဂါနေ့က ပြုလုပ်သည့် ပဲခူးတိုင်း အစိုးရ ရသုံးခန့်မှန်းခြေငွေစာရင်း ဆိုင်ရာ အချက်အလက် စာအုပ် မိတ်ဆက်ပွဲတွင် ပြောကြားသည်။

ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက “အရင် ရထားတဲ့ ၂၅ ဘီလီယံ (ကျပ်သန်းပေါင်း၂ သောင်း ၅ ထောင်) လောက်ကနေ အခု ၄၀ ဘီလီယံ (ကျပ်သန်းပေါင်း ၄ သောင်း) လောက်အထိ တဖြည်းဖြည်းနဲ့ တက်လာတယ်။ ကျနော်တို့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်။ လုပ်ငန်းရှင်တွေကိုလည်း ကျေးဇူးတင်တယ်။  ပြည်ထောင်စုကလည်း အဲဒီလို့ ရငွေတိုးလာတာကြောင့် အချိုးကျ ထည့်ပေးတဲ့အတွက် ဘီလီယံ ၁၈၀ ကျော် ၁၉၀ လောက် ရှိပါတယ်” ဟု ပြောသည်။

အစိုးရသစ် တက်လာပြီး ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၉ ခုနှစ်ကာလ လေးနှစ်အတွင်း ကျပ်သန်းပေါင်း ၄ သောင်းအထိ တိုး မြှင့် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်းပေါင်း၂ သိန်းကျော် အထိ သုံးစွဲသွားရန် လျာထားကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆက်ပြောသည်။

“နှောက်နှစ် ၂၀၂၀- ၂၁ ဆိုရင် ဘီလီယံ၂၀၀ ကျော်ဖို့ များပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ စတင် တာဝန်ယူစဉ်ကာလ ကနေ ၃ နှစ်ကျော် ၄ နှစ်အတွင်းမှာ ဘီလီယံ ၄၀ (ကျပ်သန်းပေါင်း ၄ သောင်း) အထိ  ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ၂၀၁၆ လောက်က ဘီလီယံ ၁၆၀ (ကျပ်သန်းပေါင်း ၁ သိန်း ၆ သောင်း) လောက်ကနေ အခုဆိုရင် ၂၀၀ (ကျပ်သန်းပေါင်း ၂ သိန်း) လောက်အထိ တဖြည်းဖြည်းနဲ့ တိုးတက်လာပြီးတော့ ၂၀၂၁ ဆိုရင် ဘီလီယံ ၂၀၀ ကျော်သွားနိုင်တယ်လို့ ယူဆပါ တယ်” ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှင်းပြသည်။

ပဲခူးတိုင်း အစိုးရ သာမန်အသုံးစရိတ် အတွက် ကျပ်သန်းပေါင်း ၇၂၀၂၆ အသုံးပြုမည် ဖြစ်ပြီး သာမန်အသုံးစရိတ်တွင် ဝန်ထမ်း လစာများ၊ ပင်စင်နှင့် လုပ်သက် ဆုကြေးငွေများ၊ ပြင်ဆင်ထိန်းသိမ်း စရိတ်များ၊ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် ပြည်သူ့ ဝန်ဆောင်မှုများ ပေးရန်အတွက် ကုန်ကျစရိတ်များနှင့် အထွေထွေ ကုန်ကျစရိတ်တို့ ပါဝင်သည်။

ငွေလုံးငွေရင်း အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၁၆၇၈၁ အသုံးပြုသွားမည် ဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပုံသေ ရပိုင်ခွင့်များ ဝယ်ယူခြင်း၊ မြေ၊ အဆောက်အအုံ၊ ယာဉ်၊ စက်ကိရိယာ အစရှိသည့် ပစ္စည်းများ ဝယ်ယူရန် အသုံးစရိတ်များ ပါဝင်သည်။

ပဲခူးတိုင်း ဒေသကြီးအစိုးရ၏ သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ကျပ်သန်းပေါင်း ၁၈၈၈၀၇ အသုံးပြုသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်း အစိုးရ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် စာစောင်တွင် ပါရှိ သည့် အချက်အလက်များ အရ သိရသည်။

ကျပ်သန်းပေါင်း ၇ သောင်းကျော် သုံးစွဲသွားမည့် သာမန် အသုံးစရိတ်တွင် အများဆုံးအဖြစ် ဝန်ထမ်းလစာ၊ ပင်စင်နှင့် လုပ်သက်ဆုကြေးငွေမှာ ကျပ်သန်းပေါင်း ၂ သောင်း ၈ ကျော် သုံးစွဲသွားမည် ဖြစ်ပြီး ကျပ်သန်းပေါင်း ၁ သိန်း ၂ သောင်း ခန့် သုံးစွဲသွားမည့် ငွေလုံးငွေရင်း အသုံးစရိတ်တွင် အများဆုံးအဖြစ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၏ လမ်းဖောက် လုပ်ရေး ကဏ္ဍအတွက် ကျပ်သန်းပေါင်း ၅ သောင်း ၅ ထောင်ကျော် ၄၇ ရာခိုင်နှုန်းခန့် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရ သည်။

ပဲခူးတိုင်း အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် စာစောင်ကို၂၀၁၈ ခုနှစ်မှ ၂၀၂၀ အထိ အများ ပြည်သူ သိရှိစေရန် နှစ်စဉ် ထုတ်ဝေခဲ့သည်မှာ ၃ ကြိမ်ခန့် ရှိပြီး ယခင်နှစ်များက  ငွေလုံးငွေရင်း အသုံးစရိတ်တွင် မြို့နယ် အလ်ိုက် အသုံးစရိတ် အသေးစိတ်ကို ဖော်ပြခဲ့ပြီး ယခုနှစ်တွင် ခရိုင်အလိုက်အထိသာ ဖော်ပြထားသည့်အတွက်  ပဲခူးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအား မေးခွန်း မေးမြန်းခဲ့ရကြောင်း ရွှေတောင်မြို့နယ်မှ သခင်ကိုယ်တော်မှိုင်း ကွန်ရက်မှ ဒေါ်နှင်းနှင်းရီက ဧရာဝတီကို ပြောသည်။

“၂၀၁၇-၁၈၊ ၂၀၁၈ -၁၉ မှာ ဆိုရင် မြို့နယ်အလိုက် အသုံးစရိတ် စာရင်းတွေကို အသေးစိတ်ပြထားတဲ့အတွက် အစ်မတို့ ဆိုရင် ကိုယ့်မြို့နယ် အတွင်းမှာ ဘယ်လိုနေရာတွေမှာ ဘာတွေသုံးတယ် ဆိုတာ သိရတယ်။ အခုဟာက မြို့နယ်အလိုက် အသေးစိတ်တွေကို ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေက မသိရဘူး” ဟု ဒေါ်နှင်းနှင်းရီက ပြောသည်။

ဆက်လက်၍ ၎င်းက “မနှစ်ကလည်း မေးတယ်။ ဘာကြောင့် ကျမတို့ ဘတ်ဂျက်က နည်းရတာလ်ဲ။ ၂၈ မြို့နယ်ကို မပြောနဲ့ ပြည်ခရိုင်မှာရှိတဲ့ ၆ မြို့နယ်ထဲမှာတောင်မှပဲ ကျမတို့ရွှေတောင်မြို့နယ်က ဘာကြောင့် နည်းပါးနေရတာလဲ။ ရတဲ့မြို့နယ်က လွှတ်တော်အမတ်တွေ တောင်းလို့ ရတာလား၊ ကျမတို့မြို့နယ်က လွှတ်တော်အမတ်တွေက မတောင်းလို့လား ဆိုတဲ့အထိ မနှစ်က မေးတဲ့အခါကျတော့ ဝန်ကြီးက နောက်နှစ်ကျရင် စောင့်ကြည့်ပါ လို့ပြောပြီး အခုကျတော့ မြို့နယ်အလိုက် အသေးစိတ် ဖော်ပြမထားတော့ အစ်မတို့မှာ အခက်အခဲ ရှိတယ်” ဟု ဆက်ပြောသည်။

ပဲခူးတိုင်း အတွင်းရှိ ခရိုင် ၄ ခု၏ ငွေလုံးငွေရင်း အသုံးစရိတ်များအား ပဲခူးခရိုင်အတွက် အများဆုံး အဖြစ် ကျပ်သန်းပေါင်း ၄ သောင်း ၅ ထောင်ကျော် ဖြစ်ပြီး၊ ဒုတိယ အများဆုံးအဖြစ် တောင်ငူခရိုင် အတွက် ကျပ်သန်းပေါင်း ၂ သောင်း ၆ ထောင် ကျော်နှင့် သာယာဝတီခရိုင် အတွက် ကျပ်သန်းပေါင်း ၂ သောင်း ၃ ထောင်ကျော် ဖြစ်ကာ ပြည်ခရိုင်အတွက် ကျပ်သန်း ပေါင်း ၂ သောင်းကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်း အစိုးရ ရသုံးခန့်မှန်းခြေ ငွေစာရင်း ဆိုင်ရာစာစောင်တွင် ပါရှိသည့် အချက်အလက်များ အရ သိရသည်။

You may also like these stories:

ဧရာဝတီတိုင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ ၃ ဘီလီယံကျော် ခွဲဝေချထားမည်

ရက် ၉၀ နေထိုင်ရုံဖြင့် ရောက်ရှိမဲဆန္ဒနယ်၌ မဲပေးခွင့် နိုင်ငံရေးပါတီ အချို့ ကန့်ကွက်

ခန္တီးနှင့် ဟုမ္မလင်းကို နာဂအုပ်ချုပ်ခွင့်ရဒေသတွင်း ထည့်ရန် ကြိုးစားမှု ရှမ်းနီတို့ ကန့်ကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading